အာဖဂန်တွင် ကုန်တင် ကားပေါက်ကွဲမှု ဖြစ်ပွား

alt

အာဖဂန်နစ္စတန် နိုင်ငံအတွင်း ကုန်တင် ကားတစ်စင်း ပေါက်ကွဲမှုကြောင့် လူ(၂၅)ဦး ထက်မနည်း သေဆုံးသွားကြောင်း အာဖဂန် ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ဇူလိုင်လ (၉)ရက် နေ့က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုသည် ကားအတွင်း ဗုံးထောင်ကာ ဖောက်ခွဲ ခဲ့ခြင်းကြောင့်  သေဆုံးသူများ အနက် ကျောင်းသူကျောင်းသား အမြောက်အမြားလည်း ပါ၀င်နေကြောင်း သိရှိရသည်။ ယခု ပေါက်ကွဲမှုသည် အမေရိကန်တို့ တိုက်ခိုက် သိမ်းပိုက်ထားသည့် မြို့တော် ကဘူးလ် အနီးတွင် ဖြစ်ပွားခဲ့ပြီး (၂၀၀၉)ခုနှစ် အတွင်း အာဖဂန်တွင် လူသေမှု အများဆုံး ပေါက်ကွဲမှု တစ်ခုအဖြစ် မှတ်တမ်းဝင် ခဲ့ရသည်။

အမေရိကန် စစ်တပ်က ထိုဗုံးခွဲမှုသည် အာဖဂန်သို့ အနောက် မဟာမိတ် စစ်တပ်များ အရေအတွက် များပြားစွာ ၀င်ရောက် တပ်စွဲရန် စီမံကိန်းအား ဆန့်ကျင်သည့် လုပ်ရပ်တစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ် ခဲ့သော်လည်း မည်သည့် အကြမ်းဖက် အဖွဲ့အစည်း ကမျှ ထိုဗုံးခွဲမှုကို လုပ်ဆောင်ခဲ့ကြောင်း ကြေညာသေးခြင်းမျိုး မရှိသေးပေ။

ဗုံးကွဲမှု အတွင်း အရပ်သား (၂၁)ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၄)ဦးတို့ သေဆုံးပြီး အမြောက်အမြား ဒဏ်ရာရကြောင်း ဒေသခံ အုပ်ချုပ်ရေးမှူး ဂူလမ် မူဆတာဖာ မိုဟာဆီနီ က ပြောကြားခဲ့သည်။ သေဆုံးသည့် ကျောင်းသား များသည် အနီးရှိ ကျောင်းတစ်ခုသို့ ဦးတည်နေစဉ် ဗုံးပေါက်ကွဲသည့် အတွင်း ပါသွားခဲ့ခြင်း ဖြစ်ပြီး အသက် (၁၆)နှစ်မှ (၁၈)နှစ် အတွင်းသာ ရှိကြသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here