A/H1N1 တုပ်ကွေး ဝေဒနာရှင် အမျိုးသမီးငယ် ဆေးရုံမှဆင်း

alt

မြန်မာနိုင်ငံ၏ ပထမဆုံး A/H1N1 တုပ်ကွေး ဝေဒနာရှင် အမျိုးသမီး  ငယ်လေးသည် ကျန်းမာရေး ကောင်းမွန် သဖြင့် ဆေးရုံမှ ပြန်ဆင်း သွားပြီ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အမျိုးသမီးလေးသည် အသက် (၁၃)နှစ်သာ ရှိသေးပြီး စင်္ကာပူ နိုင်ငံသို့ အလည်အပတ် သွားရောက်ရာမှ ရောဂါ ကူးစက် ခံခဲ့ရခြင်း ဖြစ်သည်။ အစိုးရပိုင် မြန်မာ့အလင်း သတင်းစာက မိန်းကလေး၏ ကျန်းမာရေး အခြေအနေ လုံးဝ စိတ်ချရပြီး ဖြစ်သောကြောင့် ဇူလိုင်လ (၈)ရက်နေ့ မွန်းလွဲပိုင်းက နေအိမ်သို့ ပြန်သွားပြီ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

သူမသည် ဇွန်လ (၂၆)ရက်နေ့က ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာခဲ့ပြီး ထိုနေ့ညက ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ A/H1N1 တုပ်ကွေး ကူးစက် ခံထားရကြောင်း အတည်ပြု နိုင်ခဲ့သည်။ သူမအား ရန်ကုန် ဆေးရုံကြီး၏ သီးသန့် လူနာခန်းတွင် ထားရှိကာ အထူးကု သမားတော်ကြီး များက ဂရုတစိုက် ပြုစု ကုသပေးခဲ့ရာ ယခုအချိန်တွင် ကျန်းမာရေး အထူး ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ဆေးရုံမှ ပြန်ဆင်းခွင့် ရခဲ့ကြောင်း သတင်းစာက ဆိုသည်။

ထို့အပြင် သူမနှင့်အတူ လိုက်ပါလာသည့် လေယာဉ်စီး ခရီးသည် (၉၁)ဦး လုံးတွင်လည်း A/H1N1 တုပ်ကွေး ဖြစ်ပွားသည့် လက္ခဏာ အခြေအနေမျိုး ရှိမရှိ စောင့်ကြည့်ခဲ့ရာ (၁၀)ရက်ကျော် ကြာသည် အထိ ရောဂါလက္ခဏာ မပြသဖြင့် ဇူလိုင်လ (၆)ရက် နေ့တွင် စောင့်ကြည့်မှုကို ရပ်ဆိုင်းလိုက်ကြောင်း သတင်းစာတွင် ရေးသား ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here