နိုင်ငံတွင်း အဓိကရုဏ်းများကြောင့် တရုတ် သမတ G-8 အစည်းအဝေးမှ ပြန်သွားရ

alt

နိုင်ငံတွင်း ဖြစ်ပေါ်နေသော အဓိကရုဏ်း များကြောင့် တရုတ်နိုင်ငံ သမတကြီး ဟူကျင်တောင် သည် G-8 အစည်းအဝေး မှ အလျင်စလို ပြန်သွားရကြောင်း သိရှိ ရသည်။

ရှင်ကျန်းတွင် ဖြစ်ပွားနေသည့် လူမျိုးရေး အကြမ်းဖက်မှု များကြောင့် သမတဟူ အနေနှင့် အီတလီ နိုင်ငံတွင် ကျင်းပခဲ့သော အစည်းအဝေးမှ အချိန် မဆိုင်းဘဲ တရုတ် နိုင်ငံသို့ ပြန်သွား ခဲ့ရသည်။ ဖြစ်ပေါ်နေသော အကြမ်းဖက်မှု များအတွင်း လူဦးရေ (၁၅၆)ဦးထက် မနည်း သေဆုံးခဲ့သည့် အခြေအနေကို ထိန်းသိမ်းရန် တရုတ်အစိုးရ တာဝန်ရှိသူများသည် အူရမ်ကီ မြို့ထဲတွင် ရဟတ်ယာဉ်များပေါ်မှ တဆင့် ၀ါဒဖြန့် စာသားများ ကြဲချနေရသည်။

မွတ်ဆလင် အူဂါ များနှင့် ဟန်လူမျိုး များအကြား ဖြစ်ပွားနေသည့် အုံကြွ တိုက်ခိုက်မှုများကို တရုတ်မှ အဓိကရုဏ်း နှိမ်နင်းရေး ရဲများက အသည်းအသန် နှိမ်နင်း ဟန့်တားပြီးနောက် ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ဇူလိုင်လ (၈)ရက်နေ့တွင် အခြေအနေ အတန်ငယ် ငြိမ်သက်စ ပြုလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သမတ အနေနှင့် နိုင်ငံ၏ အခြေအနေကို စိတ်ချနိုင်ခြင်း မရှိသေးဘဲ အစည်းအဝေးမှ ခွင့်ပန်ကာ ထွက်ခွာသွားခဲ့ကြောင်း G-8 အစည်းအဝေး ကျင်းပရေး အဖွဲ့က ကြေညာခဲ့သည်။

ယခု အချိန်တွင် ရဲတပ်ဖွဲ့များသည် ရေဒီယိုများ၊ ရုပ်မြင်သံကြား များမှတဆင့် အကြမ်းဖက်မှုများ မပြုလုပ်ရန်၊ လက်နက်များ ကိုင်ဆောင်ခြင်း မပြုလုပ်ရန် ဒေသအတွင်း လိုက်လံ နှိုးဆော်နေရသည်။ ဖြစ်ပေါ်ခဲ့သော အဓိကရုဏ်းများ အတွင်း လူ(၁၀၀၀)ကျော်ကို ရဲက ဖမ်းဆီးထားပြီး အခြား လူ(၁၀၀၀)ကျော်မှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဆင်ဟွာ သတင်းတွင် ဖေါ်ပြထားရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here