ငြိမ်းချမ်းသော ၂ဝ၁ဝ ခုနှစ် ဆီသို့

မြန်မာ စစ်အာဏာပိုင် များက ကျင်းပမည်ဟု ကြေညာထားသည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ တရွေ့ရွေ့နှင့် နီးကပ်လာ သည်နှင့်အမျှ မြန်မာ့နိုင်ငံရေးသည် ပိုမို ကြပ်တည်းလာသည့် အခြေအနေများနှင့် ရင်ဆိုင် လာရဖွယ်ရှိသည်။ စစ်အစိုးရ အနေဖြင့်   1. ၁၉၉ဝ ရွေးကောက်ပွဲကို အသိအမှတ် မပြုပဲ နောက်ထပ် ရွေးကောက်ပွဲအသစ် ကျင်းပမည့် ကိစ္စ၊   2. ၁၉၉ဝ ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရပြီး လူထု ထောက်ခံအားပေးမှု အများဆုံး ရရှိထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင်စေရေး ကိစ္စ၊   3. စစ်အစိုးရက အာဏာကို ဆက်လက် ချုပ်ကိုင်ထားလိုသည့် ရည်ရွယ်ချက်ဖြင့် တဖက်သတ် ရေးဆွဲကာ အဓမ္မ နည်းလမ်းများဖြင့် လူထုအား အတည်ပြုစေခဲ့သော ၂ဝဝ၈ အခြေခံ ဥပဒေတွင် ဒီမိုကရေစီ အခြေခံမူများ မပါဝင်ပဲ ဖြစ်နေသည့် ကိစ္စ၊   အစရှိသည် တို့ကို မဖြစ်မနေ ဖြေရှင်း ပေးရမည် ဖြစ်သည်။ ရွေးကောက်ပွဲ ဆိုသည်မှာ နိုင်ငံ၏ အနာဂတ် ကံကြမ္မာကို အကြီးအကျယ် ပြောင်းလဲစေတတ်သည့် နိုင်ငံရေးလုပ်ငန်းစဉ် တခုဖြစ်ရာ စစ်အစိုးရအနေဖြင့် ၎င်းတို့ စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ပါက   4. အထက် ဖော်ပြပါအချက်များနှင် ့ပတ်သက်၍ လူထု မကျေနပ်မှုများနှင် ့အတူ အုံကြွပေါက်ကွဲမှုများ ဖြစ်လာနိုင်ဖွယ် ရှိသည့်ကိစ္စ၊   5. ဒီမိုကရေစီ စံနှုန်းနှင့် မညီသဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မကျေနပ်မှုများနှင့် ထပ်ဆင့် ဖြစ်လာနိုင်ဖွယ် ရှိသော ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများ အစရှိသည်တို့ကို မဖြစ်မနေ ရင်ဆိုင်ရဖွယ် ရှိသည်။   ထို အခြေအနေများက ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးချိန်တွင် မြန်မာနိုင်ငံသည် ငြိမ်းချမ်းသော နိုင်ငံဖြစ်လာပါမည်လော ဆိုသည့် စိုးရိမ်ပူပန်မှုများ သံသယ များသည်လည်း မြင့်တက်လာ စရာရှိပေသည်။ ထိုအချက်ကို မေလ ၁၅ ရက် နေ့တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အာဏာပိုင်များက စွဲချက်တင်ကာ ဖမ်းဆီးထောင်ချရန် ကြိုးပမ်း လုပ်ဆောင်လာခြင်းက ပြသ နေပေသည်။ ဒေါ်အောင်ဆန်းစုကြည်အား အဘယ်ကြောင့် ထောင်ချ လိုသနည်း? ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေး လောကသို့ ၀င်ရောက်လာသည့်အချိန်မှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည်သည် ဆင်းရဲ ဒုက္ခရောက်နေသည့်၊ မတရားမှုများ အောက်တွင် ခိုကိုးရာမဲ့ နေကြသည့် မြန်မာပြည်သူ လူထု၏ ကယ်တင်ရှင် အဖြစ် မှတ်ယူ ခံခဲ့ရပေသည်။ သူမသည် နိုင်ငံရေး အတွေးအခေါ် ထက်မြက်သူ တဦးဖြစ်သည့် အပြင် မဟုတ်မခံ စိတ်ဓါတ်ရှိပြီး သတ္တိ ပြောင်မြောက်သူ တဦးလည်း ဖြစ်ပေသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံနိုင်သူ အဖြစ် ထင်ရှားလှသည်။ ထို့ကြောင့် အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ကာ ဒီမိုကရေစီနိုင်ငံ ထူထောင်လိုသော မြန်မာပြည်သူများ အတွက် ဒေါ်အောင်ဆန်းစုကြည်သည် မျှော်လင့်ချက် ဖြစ်လာသည်။ သူမသည် တိုင်းရင်းသား လူမျိုးစုများ အပါအဝင် ပြည်သူများ၏ ချစ်ခင်လေးစားမှု၊ ယုံကြည် ကိုးစားမှုကို ရရှိလာသည်၊ ထိုအချက်က လူထု အကျိုးစီးပွားကို စိုးစဉ်းမျှ ထည့်မတွက်၊ နိုင်ငံအနာဂတ် အတွက် မျှော်မှန်း လုပ်ဆောင်ခြင်း မရှိပဲ ထင်ရာ စိုင်းနေသည့် မြန်မာ စစ်အာဏာပိုင်များနှင့် မည်သို့မျှပင် နှိုင်းယှဉ်မရပဲ ဖြစ်နေသည်။ သဘောထား အမြင်ကျဉ်းမြောင်းလှ သည့် စစ်အာဏာရှင်များ အတွက် ဒေါ်အောင်ဆန်းစုကြည်သည် သူတို့ အာဏာ ဆက်လက် ချုပ်ကိုင်နိုင်ရေး လမ်းကြောင်းပေါ်တွင်် ဆူးညှောင့် ခလုတ်တခု သဖွယ် ဖြစ်နေခဲ့ရသည်။ နေအိမ်တွင် အကျဉ်းချထားခြင်း၊ ရန်ကုန်မြို့တွင်း လူစုလူဝေးဖြင့် တိုက်ခိုက်ခံရခြင်း၊ ဒီပဲယင်းတွင် လုပ်ကြံ ခံရလုနီးနီး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရခြင်းက မြန်မာ စစ်အာဏာပိုင်များသည် သူမ အပေါ်ထားရှိသည့် ၎င်းတို့၏ သဘောထားကို တိုင်းသိ ပြည်သိ ကမာ္ဘသိ ဖော်ပြနေပေသည်။ ဒီပဲယင်း လုပ်ကြံ သတ်ဖြတ်မှု ဖြစ်ပွားပြီးခဲ့ချိန်မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်တွင် ခြောက်နှစ်ကြာ အကျဉ်းချ ခံနေခဲ့ရသည်။ (ယင်းမှာ မြန်မာပြည်တွင် သူမ ပြန်လည်နေထိုင်သည့် နှစ်ပေါင်း နှစ်ဆယ်အတွင်း တတိယအကြိမ် မတရား ထိန်းသိမ်းခံရခြင်း ဖြစ်သည်) န.အ.ဖ စစ်အစိုးရသည် ၂၀၀၉ ခုနှစ် မေလကုန်တွင် နောက်ဆုံးထား ပြန်လွှတ်ပေးရ တော့မည်ဖြစ်သည်။ တကယ်တမ်း လွှတ်ပေးရတော့မည့်အချိန် ရောက်လာသောအခါ သူမအား ဆက်လက် ဖမ်းချုပ် ထားနိုင်ရေးအတွက် စစ်အာဏာပိုင်များသည် အခြား အကြောင်းရင်းတခုခုကို ပြသရန် လိုအပ်လာသည်။ တိုက်ဆိုင်မှုဟု ဆိုရမည်လော သို့တည်းမဟုတ် ကြိုတင် ကြံစည်မှုဟု ယခုလောလောဆယ် အပြတ် မပြောနိုင်သေးသည့် အဖြစ် တခုက ရုတ်ခြည်းဆိုသလို ဖြစ်ပျက်ခဲ့ရ ပြန်သည်။ အမေရိကန် နိုင်ငံသား တဦးသည် အင်းယားကန်ဘက်မှ ရေကူးကာ သူမ၏နေအိမ်ကို စောင့်ကြပ်နေသူများ မသိပဲနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံဝင်းအတွင်းသို့ ၀င်ရောက်ကာ (၂) ညတာ နေထိုင်ပြီး သူမနှင့် တွေ့ဆုံခဲ့သည် ဟူသော သတင်းအား စစ်အာဏာပိုင်များက ၎င်းတို့ ချုပ်ကိုင်ထားသည့် သတင်း မီဒီယာများမှ တဆင့် စတင်လှစ်ဟ ဖော်ပြလာခဲ့သည်။ ကနဦးကပင် အတိုက်ခံ အများစုကမူ ဤကိစ္စသည် စစ်အာဏာပိုင်များ၏ လုပ်ကြံသော ဇာတ်လမ်းဟု အခိုင်အမာ ဆိုသည်။ ထုံးစံအတိုင်း န.အ.ဖ ထုတ်ပြန်သော သတင်းအား မှန်ကန်သည်ဟု အတည်မပြုနိုင်။ အတည်ပြု နိုင်ရန်လည်း လွတ်လပ်စွာ စုံစမ်းခွင့် မရပေ။ စစ်အစိုးရက ချက်ချင်း ဆိုသလိုပင် သူမအား နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ဖမ်းဆီး၍ အင်းစိန်ထောင်အတွင်း ထိန်းသိမ်း ထားရှိခဲ့သည်။ ဤအဖြစ်တွင် ဒေါ်အောင်ဆန်းစုကြည်က မတရားအမှုဆင် အဖမ်းခံနေရသည်ဟု ယုံကြည်ရသဖြင့် တကမာ္ဘလုံး ဒေါသူပုန် ထနေ မိတော့သည်။ နေအိမ်တွင် အကျဉ်းချ သက်တမ်းကုန်ဆုံးကာ ပြန်လွှတ်ပေးရမည့် အခြေအနေက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ ဖြစ်နေသောကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပါက လက်ရှိ နိုင်ငံရေး အခြေအနေတွင် နိုင်ငံရေး အရ အသာစီးရနေသည့် န.အ.ဖ သည် အပေါ်အောက် ပြောင်းပြန် လှန်လိုက်သကဲ့သို့ ဖြစ်လာနိုင်ခြေ ရှိသည်ကို စိုးရိမ်လာသည်၊ ကြောင့်ကြမိသည်။ အကြောင်းမှာ ၂၀၁၀ ရွေးကောက်ပွဲသည် န.အ.ဖ စစ်အာဏာပိုင်များ နှစ် ၂ဝ လုံးလုံး ၎င်းတို့ ကျူးလွန်ထားသည့် ရာဇဝတ်မှုများကို ခဝါ ချပစ်နိုင်လောက်သည့် သေရေး-ရှင်ရေး ထွက်ပေါက်အဖြစ် အရေးကြီး နေသောကြောင့် ဖြစ်ချေသည်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပနိုင်လျှင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ရှုတ်ချမှု လျော့ကျလာနိုင်ပြီး ချီးကျူး အသိအမှတ်ပြု ခံရနိုင်သည်ဟု စစ်အာဏာပိုင်များက မှတ်ယူ ထားပုံရသည်။ ထို့ကြောင့် အနိမ့်ဆုံး အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ ကျင်းပပြီးစီးသည် အထိ ထိန်းသိမ်း ထားနိုင်မှသာ စစ်အာဏာပိုင် များသည် ၎င်းတို့ ဆောင်ရွက်ချင်သော အရာများအား အခက်အခဲ များစွာမရှိပဲနှင့် အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဟု ယုတ္တိကင်းမဲ့စွာ တွက်ဆထားပုံ ရှိနေသည်။ နိုင်ငံရေး ဖြစ်ထွန်းမှုများနှင့် တွေ့ဆုံ ဆွေးနွေးရေး အလားအလာ အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း န.အ.ဖ စစ်အာဏာပိုင်များသည် ရွေးကောက်ပွဲကို အသက်တမျှ တန်ဖိုးထားသည့် အတွက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို နည်းမျိုးစုံဖြင့် အသံပေး လုပ်ဆောင်လျှက် ရှိသည်။ ထူးခြားသည်မှာ “ဒီမိုကရေစီ” ဆိုသော စကားလုံးထက် “ရွေးကောက်ပွဲ” စကားလုံးကို တွင်တွင် သုံးနေခြင်းဖြစ်သည်။ တချိန်တည်းမှာပင် အဓိက နိုင်ငံရေး အင်အားစုဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် တရားဝင် သဘောထားကိုလည်း အတိအလင်း သိလိုနေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား လူမျိုးစုအားလုံး နီးပါးသည် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှ ဒီမိုကရေစီနှင့် မလျော်ညီသည့် အချက်များကို ပြင်ဆင်ရေးသားရန် အလိုရှိကြသည်။ ထို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲရေး ကော်မတီတရပ်ကို ဖွဲ့စည်းပေးရန် န.အ.ဖ အာဏာပိုင်များထံ တောင်းဆိုခဲ့သည်၊ ထိုတောင်းဆိုမှုအား ဒီမိုကရေစီ အင်အားစုများ သာမက တိုင်းရင်းသား လူမျိုးစုများကလည်း ထောက်ခံကြသည်။ ဧပြီလ ၂၈ နှင့် ၂၉ ရက် နေ့များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီ အထူးအစည်းအဝေး တရပ်ကို ကျင်းပသည်။ စစ်အာဏာပိုင်များက နှောင့်ယှက် ခြိမ်းခြောက်ခြင်း မရှိခဲ့ပါ။ ယခင်နှင့် မတူ တမူထူးခြားနေသည့် ယင်းအဖြစ်ကို သုံးသပ် ကြည့်ပါက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လက်ရှိ နိုင်ငံရေးနှင့် ပြည်တွင်း အခြေအနေအပေါ် သဘောထား၊ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထားတို့ကို န.အ.ဖ သည် လွန်စွာ စိတ်ဝင်စားပြီး သိချင်နေပြီ ဖြစ်ကြောင်း ကောင်းစွာ ခန့်မှန်းနိုင်သည်။ ထိုကဲ့သို့ ခွင့်ပြုလိုက်ခြင်းက န.အ.ဖ စစ်အာဏာပိုင်များ၏ သဘောထားသည် အခြေအနေကို စောင့်ကြည့်လိုသည်ဟူသော အနေအထားသို့ ရောက်ရှိခဲ့သည်ဟု ဆိုရပေမည်။ တနည်းဆိုရလျှင် သဘောထား တင်းမာလှသော န.အ.ဖ စစ်အာဏာပိုင် များသည် ၎င်းတို့စိတ်ကြိုက် လမ်းပြမြေပုံ ရှိနေလင့်ကစား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထားကို အရင် တီးခေါက်ပြီးမှ မီးစင်ကြည့် ကရန် စိတ်ကူး ပြောင်းလိုက်ပုံရသည်ဟု တွက်ဆနိုင်ပေသည်။ န.အ.ဖ က ထိုသို့ သဘောထား တင်းမာမှုမပြသည့် လုပ်ရပ်ကို ဆက်လက်ကိုင်စွဲကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က န.အ.ဖ အပေါ် ပိုမို ယုံကြည်မှု ရှိလာစေရန် လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းကို ရယူသင့်ပေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီတွင်း အထူး အစည်းအဝေး အဆင်ပြေစွာ ကျင်းပနိုင်ခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေး တိုးတက်မှု လက္ခဏာတရပ် အဖြစ် ရှုမြင်သုံးသပ်ကာ အာဏာပိုင်များအား ချီးကျူး အားပေးသင့်သည်။ ထိုသို့ လုပ်ဆောင်ချက်သည် တဘက်နှင့်တဘက် ယုံကြည်မှု တည်ဆောက်ရေး ဖြစ်မြောက်နိုင်မည့် အခွင့်အရေးတခု ဖြစ်လာနိုင်ပေသည်။ ရွှေဂုံတိုင် ကြေညာချက်ဟု လူသိများသော ကြေညာချက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရပ်တည်ချက်များနှင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သော သဘောထားများကို ဖော်ပြခဲ့သည်။ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး၊ န.အ.ဖ စိတ်ကြိုက်ရေးဆွဲသည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအား ဒီမိုကရေစီ အခြေခံမူများ ပါဝင်လာစေရန် ပြန်လည်သုံးသပ်ရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိရေး၊ ပါတီစည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရေး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို တနည်းနည်းဖြင့် အသိ အမှတ်ပြုရေး၊ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ရေး စသည်တို့ ပါ၀င်သည်။ ထို့အတူ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သော သဘောထားကို ထုတ်ပြန်ရာ၌ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသားများအားလုံးကို ချွင်းချက် မရှိ လွှတ်ပေးလျှင်၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီသော အချက်များကို ပယ်ဖျက် ပေးလျှင်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လေ့လာ သုံးသပ်ပြီးမှ ရွေးကောက်ပွဲ ၀င်ရေးကို စဉ်းစားမည်ဟု ဆိုထားသည်။ ရွှေဂုံတိုင် ကြေညာချက်တွင် ပါ၀င်သော အချက်များသည် ကြောင်းကျိုး ဆီလျော်ခိုင်မာသော်လည်း နိုင်ငံရေးအရ စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ရေးကို အကြောင်းအမျိုးမျိုးပြ ငြင်းဆန်နေသည့် စစ်အာဏာပိုင်များကို ဆွဲဆောင်နိုင်အား နည်းပါးလှသည်ကို တွေ့ရသည်။ ယေဘုယျ အားဖြင့်ကြည့်လျှင် န.အ.ဖ စစ်အာဏာရှင်များသည် ပြည်တွင်းရှိ နိုင်ငံရေး အင်အားစုများနှင့်တကွ တတိုင်း ပြည်လုံးအား ကောင်းစွာ ထိန်းချုပ်နိုင်သည်ဟု မြင်ရသော်လည်း ၎င်းတို့တွင် နိုင်ငံရေးအရ အကျပ်အတည်း အခက်အခဲ များစွာ ရှိနေသည်။ အကြီးမားဆုံးမှာ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေး ပြစ်ဒဏ်ခတ်မှုနှှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုများပင် ဖြစ်သည်။ ယခင် ကာလများက အနောက်နိုင်ငံများ၏ စီးပွားရေး ပြစ်ဒဏ်ခတ်မှု များသည် မိမိတို့ နိုင်ငံအား မထိခိုက်ဟု ဆိုနေခဲ့သော် လည်း ၂၀၀၈ ခုနှစ်မှစ၍ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စီးပွားရေး ပြစ်ဒဏ်ခတ်မှုများကို ရုပ်သိမ်းပေးရန် အတိ အလင်း တောင်းဆိုလာခဲ့ပြီး အခွင့်အရေး ကြံုတိုင်းလည်း ထပ်မံတောင်းဆိုလျှက် ရှိနေခဲ့သည်။ ထိုသို့ တောင်းဆိုလာခြင်းက စီးပွားရေး ပြစ်ဒဏ်ခတ်မှုနှင့် ပိတ်ဆို့မှုများသည် ၎င်းတို့အပေါ် အမှန်တကယ် ထိခိုက်နေပြီ ဆိုခြင်းကို ပြသ နေပေသည်။ ထို့ကြောင့် မြန်မာ စစ်အာဏာပိုင်များ အပေါ် ချမှတ်ထားသည့် အရေးယူချက်များသည် သိသိသာသာ အကျိုးသက်ရောက်မှု ရှိနေသည့် အတွက်ကြောင့်သာ ၎င်းတို့၏ ရပ်တည်ချက်များ ပြောင်းလဲလာခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် အနောက်နိုင်ငံများ၏ ပြစ်ဒဏ်ခတ် အရေးယူမှုများ ဖယ်ရှားရေးသည် န.အ.ဖ စစ်အာဏာပိုင်များ၏ လိုလားချက်ဖြစ်သည်မှာ အလွန်သိသာသည်။ ထိုပြစ်ဒဏ်ခတ် အရေးယူမှုများသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ပြောင်းလဲရေးများအတွက် န.အ.ဖ အာဏာပိုင်များ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအားဖြစ်ပြီး န.အ.ဖ အား တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းဆီသို့ တွန်းပို့ ပေးနိုင်လိမ့်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့်တကွ ဒီမိုကရေစီ အင်အားစု များက တစိုက်မတ်မတ် မှတ်ယူ ယုံကြည်လျှက် ရှိနေကြသည်။ ရွှေဂုံတိုင် ကြေညာချက်တွင် န.အ.ဖ စစ်အာဏာပိုင်များ ရင်ဆိုင်ကြံုတွေ့ နေရသည့်အခက်အခဲများ၊ တိုင်းပြည် ရင်ဆိုင်နေရသော အကျပ်အတည်းများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က န.အ.ဖ နှင့်အတူ လက်တွဲ ဖြေရှင်းကြမည်ဆိုသော ကမ်းလှမ်းချက် ပါ၀င်ခဲ့လျှင် အကျပ်အတည်း တွေ့နေသည့် န.အ.ဖ အနေဖြင့် ထိုကမ်းလှမ်းချက်ကို လှမ်းယူလျှက် မီးစင်ကြည့်က နိုင်ရန် အခွင့်အလမ်း ဖြစ်လာနိုင်စရာ ရှိပေလိမ့်မည်။ မတည်မငြိမ် ဖြစ်လာမည့် အနာဂတ် ယခုအခါ န.အ.ဖ စစ်အာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်ကာ စီရင်ချက်ချပြီး ထောင်ချရန် ဦးတည် လုပ်ဆောင်နေသည်။ ထိုလုပ်ဆောင်ချက်က န.အ.ဖ စစ်အာဏာပိုင်များ အတွက်သာမက ဒီမိုကရေစီ အင်အားစု များအတွက်ရော မြန်မာပြည်သူ များအတွက်ပါ ကောင်းကျိုး ဖြစ်ထွန်းနိုင်မည် မဟုတ်ပေ။ ထိုအချက်ကို မြန်မာ့အရေးနှင့် သက်ဆိုင်သူအားလုံးသာမက မြန်မာပြည်အရေး အပေါ်အလေးထား စောင့်ကြည့်နေသည့် နိုင်ငံတကာအသိုင်းအဝိုင်း ကပါ အလေးအနက်ထား စဉ်းစားသင့်ပေသည်။ စစ် အာဏာပိုင်များ၏ နှစ်ပေါင်း ၂၀ ကျော်ကြာ ရက်စက် ကြမ်းကြုတ်သော အုပ်ချုပ်မှုအောက်တွင် မြန်မာပြည်သူပြည်သား များသည် အကြပ်အတည်းပေါင်း များစွာဖြင့် ဆင်းရဲခက်ခဲ လုံခြံုမှု ကင်းမဲ့စွာ နေထိုင်နေကြရသည်။ မိမိတို့၏မျှော်လင့် အားကိုးနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ချမှတ်ခြင်းသည် ကြပ်တည်းမှုများကြောင့် မကျေနပ်ချက်များစွာကို ပေါက်ကွဲလာစေရန် နှိုးဆွ ပေးလိုက်တော့မည့် အလားသို့ ဖြစ်နေသည်။ ထို့အတူ နိုင်ငံရေး လှုပ်ရှားနေသည့် အင်အားစုများ အကြားတွင်လည်း နိုင်ငံရေး နည်းလမ်းများဖြင့် မြန်မာနိုင်ငံအား အပြောင်းအလဲလုပ် ဆောင်လျှင် မဖြစ်နိုင်တော့ဆိုသည့် အယူအဆများ ပေါ်ထွန်း လာနိုင်ဖွယ်ရာ ရှိနေပြန်သည်။ အလားတူပင် ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများသည် နိုင်ငံရေးနည်းလမ်းများဖြင့် လှုပ်ရှားနေရာမှ အင်အားသုံးနည်း၊ လက်နက်ကိုင် နည်းလမ်းများ၊ န.အ.ဖ စစ်အာဏာပိုင်များနှင့် ဆက်နွယ်မှုများအား ဖျက်ဆီး တိုက်ခိုက်မှုများ ပြုလုပ်ရန်အထိ စဉ်းစား စီစဉ်လာနိုင်ခြေလည်း ရှိနေပြန်သည်။ ထို့အတူ တိုင်းရင်းသား လက်နက်ကိုင် များကလည်း မိမိတို့ မျှော်မှန်းချက်များ ဆုံးရှုံးရတော့မည် ဆိုသည့် စိုးရိမ်မှုများက လက်နက်ကိုင် တိုက်ခိုက်မှုများ ပိုမိုဖြစ်ပွားလာရန် တွန်းအားပေးသလို ဖြစ်လာနိုင်ပေသည်။ ထိုအခြေအနေမျိုး ဆိုက်ရောက်လာပါက န.အ.ဖ စစ်အာဏာပိုင် များသည်လည်း ၎င်းတို့ ဖြေရှင်းနေကျအတိုင်း အင်အားသုံး နှိမ်နင်းမှုများကို ပြုလုပ်လာမည်ဖြစ်ရာ မတည်မငြိမ်မှုများသည် မြန်မာနိုင်ငံတွင်း၌သာမက အိမ်နီးချင်းနိုင်ငံများသို့ပါ ကူးစက်သွားနိုင်သည် အထိ ဆိုးကျိုးများ ဆင့်ကဲဆင့်ကဲ ဖြစ်ထွန်း သွားနိုင်သည်။ အခြေအနေဆိုးများ ဆီသို့ မတက်လှမ်း နိုင်ရေး နိုင်ငံတွင်း မတည်ငြိမ်မှုများက အဆိုပါနိုင်ငံအား အကျိုးယုတ်စေရုံမက ဒေသတွင်း နိုင်ငံများကိုပါ ထိခိုက်စေသည်။ မြန်မာပြည် အရေးတွင်လည်း အလားတူပင်ဖြစ်သည်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အကြပ်အတည်းများကြောင့် မြန်မာ့ ပြည်တွင်းရေး ပြဿနာများသည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများသို့ ကူးစက်နေနှင့်ပြီး ဖြစ်သည်။ ပြောင်းရွှေ့ အလုပ်သမား၊ လူကုန်ကူးမှု၊ ပြည်တွင်း စစ်ကြောင့် ထွက်ပြေးပုန်းရှောင်ရသည့် ဒုက္ခသည်များ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်နေမှုများ နှင့်အတူ ဆက်နွယ်သော ရာဇဝတ်များ၊ မူးယစ်ဆေးဝါး စသည့် ပြဿနာများသည် မြန်မာ့နိုင်ငံရေး အကြပ်အတည်းနှင့် သီးခြားစီခွဲ၍ မရနိုင်သော ဆက်ထုံးကိစ္စရပ်များ ဖြစ်ပေသည်။ မြန်မာ စစ်အစိုးရက ယခုတဖန် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချရန် စီစဉ်နေခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲ အား စစ်မှန်သော ဒီမိုကရေစီ ထွန်းကားရေးထက် ၎င်းတို့ အာဏာ ဆက်လက်ချုပ် ကိုင်နိုင်ရေးကိုသာ ဦးတည်ထား ကျင်းပမည်ဆိုလျှင် မြန်မာ့ အကြပ်အတည်းသည် ယခုထက် ပိုမိုဆိုးရွားလာပြီး ပေါက်ကွဲသည့်အဆင့်သို့ ရောက်ရှိလာ နိုင်သောကြောင့် ထိုအခြေအနေကို ရှောင်လွှဲနိုင်ရန် သို့မဟုတ် တားဆီးနိုင်ရန် နည်းလမ်းကို သက်ဆိုင်သူ အားလုံးတို့က အမြန်ဆုံး ရှာဖွေဖော်ထုတ်ကာ လက်တွေ့လုပ်ဆောင်ရန် လိုအပ်လှပေသည်။ န.အ.ဖ အာဏာပိုင်များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အင်အားစုများအား ရန်သူအဖြစ် သဘောမထားပဲ ပိုမို ပျော့ပြောင်းသော နည်းလမ်းများဖြင့် ချဉ်းကပ် ဆက်ဆံသင့်သည်။ န.အ.ဖသည် လက်နက်စွဲကိုင် တိုက်ခိုက် နေသော တိုင်းရင်းသား လူမျိုးစု အတော်များများနှင့် ယုံကြည်မှုတည်ဆောက်ကာ ငြိမ်းချမ်းရေးအတွက် စကားပြောဆိုနိုင် ကြသေးလျှင် နိုင်ငံ့အကျိုးအတွက် ဒီမိုကရေစီကို လိုလားသော နိုင်ငံရေးပါတီများနှင့် စကားမပြောနိုင်စရာ အကြောင်း မရှိပေ။ ထိုအချက်ကို န.အ.ဖ ကိုယ်တိုင် ယုံကြည် လက်ခံရေးသည် ဦးစွာပထမ လိုအပ်ချက် ဖြစ်သည်၊ တဘက်နှင့်တဘက် အရိပ်အရောင်ကြည့်ရုံဖြင့် ယုံကြည်မှုအပြည့် ဆွေးနွေးစကား ပြောနိုင်မည် မဟုတ်ပေ။ တကယ်တမ်း အလုပ်မဖြစ်ပဲ အချိန်ကုန်သွားသည်သာ အဖတ်တင် နေပေလိမ့်မည်။ တဘက်နှင့်တဘက် အရင်ဦးဆုံး အလွတ်သဘောဖြစ်စေ တွေ့ဆုံ စကားပြောကြည့်မှသာ ယုံကြည်မှုများကို လက်တွေ့ကျကျ စတင် တည်ဆောက်နိုင်ပေမည်။ ယုံကြည်မှု ပိုရလျှင် စေ့စပ် ဆွေးနွေးရေး တံခါးပွင့်မည်မှာ သေချာနေတော့သည်။ န.အ.ဖ ဘက်တွင် ဤသဘောကို သိသာထင်ရှားစွာ ပြသရန် လိုအပ်ပေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ဒီမိုကရေစီ အင်အားစုများဘက်တွင်လည်း နိုင်ငံရေးအရ စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေးမှုများကို တောင်းဆိုနေသည့် အတိုင်း န.အ.ဖ စစ်အာဏာပိုင်များ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ ဆွေးနွေးရေး စားပွဲသို့ လာနိုင်မည့် နည်းလမ်းများ၊ မက်လုံးများကို ဖန်တီးပေးရန် လိုအပ်ရုံမက မိမိတို့အပေါ် ယုံကြည်မှုများ ထားလာရေးအတွက် လိုအပ်သည့် နိုင်ငံရေး အဝန်းအဝိုင်းကို ဖန်တီးရန်လည်း လိုအပ်ပေသည်။ န.အ.ဖ စိုးရိမ်ကြောက်ရွံ့နေသည့် အရာများက အဘယ်နည်း?။ ထို စိုးရိမ်ကြောက်ရွံ့မှုများကို လျော့ကျသွားစေမည့် နည်းလမ်းများက အဘယ်နည်း? စသည်များကို တွက်ချက် ရှာဖွေကာ ကမ်းလှမ်းချက်များဖြင့် မိမိတို့ အလိုရှိသော ပန်းတိုင်သို့ လျှောက်လှမ်းနိုင်ရေး အတွက် ကြိုးပမ်းနိုင်သည်။ ပြည်ပရောက် မြန်မာအင်အားစုများ ဘက်တွင်လည်း ပြည်တွင်း အင်အားစုများ အပေါ် ဆထက်ထမ်းပိုး ထောက်ခံအားပေး မှုနှင့် ကူညီပံ့ပိုးပေးမှုများကို နည်းမျိုးစုံဖြင့်ပေးနိုင်ရေးကို အလေးထား စဉ်းစား လုပ်ဆောင်သင့်သည်။ နိုင်ငံတကာအသိုင်း အဝိုင်းက မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သော လုပ်ဆောင်ချက်များကို ယခုထက် ပိုမိုထိရောက် စွာ လုပ်ကိုင်လာရေးအတွက် ဆွေးနွေးသုံးသပ်မှုများ၊ စည်းရုံး လှုံ့ဆော်မှုများကို အမြဲ စဉ်ဆက်မပြတ် ထိတွေ့လုပ်ဆောင် နိုင်ရန် လိုအပ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း ဘက်တွင် မြန်မာ့ ဒီမိုကရေစီအရေးကို အမှန်တကယ် လိုလားသည့် ရည်ရွယ်ချက်များဖြင့် အားလုံးက ဝိုင်းဝန်း ပံ့ပိုးရန်လိုသည်။ အချို့ နိုင်ငံများမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အမှန်တကယ် ဖြစ်ထွန်းရေးထက် ကိုယ်ကျိုး စီးပွားဖြစ်ထွန်းဖို့ န.အ.ဖ နှင့်ပေါင်းလျှက် လက်ဦးမှုရရေးကိုသာ ပိုမို အာရုံစိုက်လျှက်ရှိနေသည်ကို တွေ့ရသည်။ အချို့နိုင်ငံများကမူ စီးပွားရေး ပြစ်ဒဏ်ခတ်မှုကဲ့သို့သော နည်းလမ်းများဖြင့် မြန်မာ စစ်အစိုးရကို အကြပ်ကိုင် ဖိအားပေးလျှက် ရှိသည်။ နိုင်ငံတကာ ပါဝင်ပတ်သက်မှု ရှိသော အခြေအနေဖြစ်လျှင် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ် သို့ ကူးပြောင်းနိုင်ရေး ရည်မှန်းချက် တခုတည်းကိုသာ တစိုက်မတ်မတ် ထားရှိသင့်သည်။ ထိုအခါ ရည်မှန်းချက်အတွက် လုပ်ဆောင်သော နည်းလမ်းသည်လည်း တပုံစံတည်း ဖြစ်သွားမည် ဖြစ်သည်။ နိုင်ငံတကာ၏ အနေအထားမှာ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တစည်းတလုံးတည်းဖြင့် အရေးပါသောနေရာမှ ပါ၀င်ပံ့ပိုးနိုင်မှသာ ထိထိ ရောက်ရောက် အောင်မြင်နိုင်ပေလိမ့်မည်။ အမေရိကန်၊ အီးယူ၊ ကနေဒါ၊ ဩစတြေးလျားတို့က စီးပွားရေး ပြစ်ဒဏ်ခတ်မှု များဖြင့် အရေးယူနေချိန်တွင် တရုတ်နှင့် ရုရှားတို့က လုံခြံုရေးကောင်စီ၌ န.အ.ဖ ဘက်မှနေ၍ ဗီတိုအာဏာဖြင့် ပယ်ချခြင်း(သို့) ပယ်ချရန် ခြိမ်းခြောက်ခြင်း တို့မှာ နိုင်ငံတကာ၏ ပံ့ပိုးမှုများတွင် ရည်မှန်းချက် မတူ၊ လုပ်ဆောင်ပုံ မတူကြောင်း ပြသနေပေသည်။ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ အနေဖြင့် နိုင်ငံတကာ၏ လက်ရှိသဘောကို ကောင်းစွာသုံးသပ်ရန် လိုအပ်သည်ဟု ထင်မိသည်။ မြန်မာ စစ်အာဏာပိုင်များသည် အမှန်ပင် ဘေးကြပ်နံကျပ် အခြေအနေသို့ ရောက်ရှိနေသည်။ ဥပမာ- နိုင်ငံရေးဘက်ကို ကြည့်လျှင် အာဏာကို မည်မျှပင် တင်းကြပ်စွာ ချုပ်ကိုင်ထားစေကာမူ တရားဝင် အစိုးရတရပ် မဖြစ်နိုင်သေးပဲ ရှိနေသည်။ စီးပွားရေးဘက်တွင် စစ်ခေါင်းဆောင် ထိပ်ပိုင်းတစုနှင့် ၎င်းတို့၏ နီးစပ်ရာ အသိုင်းအဝိုင်းတို့က မည်မျှပင် ချမ်းသာကြွယ်ဝ နေစေကာမူ တတိုင်းပြည်လုံး ချွတ်ခြံုကျ ဆင်းရဲနေသည့် ဖြစ်ရပ်များကို မငြင်းနိုင်အောင် ရှိနေသည်။ တိုင်းပြည်၏ အဓိက အခန်းကဏ္ဍ များတွင် ထိုသို့ အကျပ်အတည်းများ ဖြစ်နေခြင်းကိုကပင် စစ်ခေါင်းဆောင်များ အဖို့ ၎င်းတို့စိတ်ကြိုက် ဖြစ်လိုသည့် လမ်းပြမြေပုံအတိုင်း လွယ်လွယ်ကူကူ လျှောက်ရန် မဖြစ်နိုင်သေးကြောင်း ပေါ်လွင်နေတော့သည်။ အခွင့်အလမ်းများ ရှိနေသည် တိုင်းပြည်ကို နှစ်ပေါင်း (၂ဝ)ကြာ အုပ်စိုးလာသည့် မြန်မာ စစ်ခေါင်းဆောင်တို့ အနေဖြင့် အဆိုပါ အခက်အခဲများကို ပြေလည်အောင် ၎င်းတို့ကိုယ်တိုင် မည်သည့်အခါမျှ ဖြေရှင်းနိုင်စွမ်း ရှိမည် မဟုတ်တော့ပေ။ အထူးသဖြင့် ပြည်တွင်း၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ဒီမိုကရေစီ အင်အားစုများသည်၎င်း၊ ပြည်ပ၌ နိုင်ငံတကာ အသိုင်းအဝိုင်းသည်၎င်း န.အ.ဖ နှင့် လိုလိုလားလား လက်တွဲဖြေရှင်းပေးရန် အခွင့်အလမ်း ရှိမနေသရွေ့ မည်သည့် အခါမျှ စင်းလုံးချော မအောင်မြင်နိုင်ချေ။ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ စစ်အာဏာပိုင် များထက် အဖက်ဖက်တွင် တောင့်တင်း ခိုင်မာအားကောင်းသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အခက်အခဲများကို ကူညီ ဖြေရှင်းပေးရေးနှင့် တကွ နိုင်ငံတကာ အသိအမှတ်ပြုရေး ကိစ္စ များတွင် ကမာ္ဘ့နိုင်ငံများ၊ ကမာ္ဘ့ အဖွဲ့အစည်းများက လိုလိုလားလား ကူညီ ပေးလိုကြသည်။ ပေးနိုင်စွမ်းလည်း ရှိကြသည်။ အထူးသဖြင့် မြန်မာ့အရေးနှင့် ပတ်သက်လျှင် အမှန်တကယ် ထိရောက်စွာ ကူညီပံ့ပိုးပေးနိုင်သည့် အနေအထား ရှိသည်ကို မမေ့မလျော့သင့်ပေ။ တနည်းအားဖြင့် အခွင့်ကောင်းတရပ် အချိန်ကိုက်ရယူ အသုံးချနိုင်ရန် စဉ်းစားသင့်သည်။ စစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး၊ ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးလာစေရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစရှိသည်တို့ အတွက် ပြည်တွင်း ပြည်ပ ဒီမိုကရေစီ လိုလားသူတို့က နိုင်ငံရေး အခြေအနေကောင်းများကို ဖန်တီးပေးနိုင်ရေးသည် အလွန်အရေးကြီးသည်။ နိုင်ငံရေး အခြေအနေကောင်းအား နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဖန်တီးပုံများအနက် ဂျပန်နှင့် အီးယူတို့၏ ထိပ်သီး ဆွေးနွေးပွဲ ကြေညာချက်ကို နမူနာ အနေဖြင့်ကြည့်နိုင်ပါသည်။ ထိုကြေညာချက်တွင် နှစ်ဘက်ခေါင်းဆောင်များ သဘောတူခဲ့ကြသည့် အချက်များသည် အားကောင်းသည့် အချက်များဖြစ်သည်၊ ၁။ န.အ.ဖ စစ်အာဏာပိုင်များက ကျင်းပရန် စီစဉ်ထားသည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအား နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံ အသိအမှတ် ပြုလာစေရန်မှာ မြန်မာ့နိုင်ငံရေးတွင် အရေးပါသည့် နိုင်ငံရေးအင်အားစုများ ပါ၀င်ရမည်ဟု ဆိုထားသည်၊   ၂။ ထိုအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရမည်ဖြစ်ပြီး နိုင်ငံရေး ပါတီများအပေါ် ကန့်သတ်ထားချက်များ ဖယ်ရှားပေးရန် လိုအပ်သည်ဟု ဆိုထားသည်၊   ၃။ ထို့အပြင် သိသာ ထင်ရှားသည့် နိုင်ငံရေး တိုးတက်မှုနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် ခြေလှမ်းများကို မြန်မာ စစ်အာဏာပိုင်များကလှမ်းမည်ဆိုလျှင် အပြုသဘောဖြင့် တုံ့ပြန်မှုများ ပြုမည်ဟု ဆိုထားသည်။   ထိုအချက်များကို လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရပေမည်။ သို့မှသာ မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီကို ဖြစ်ထွန်းလာရေးတွင် နိုင်ငံတကာ အသိုင်းအဝိုင်း ထိရောက်စွာ ပါ၀င်နိုင်မည်ဖြစ်သည်။ တွေ့ဆုံ ဆွေးနွေးမှု၏ပန်းတိုင်မှာ ဆွေးနွေးသူများ အကြား မိမိတို့ လိုလားချက်များကို ရရှိရေးပင်ဖြစ်သည်။ တနည်းဆိုရလျှင် နှစ်ဘက်စလုံး အနိုင်ရသည့် win-win solution ရရှိရေးပင် ဖြစ်သည်။ ထို့ကြောင့် ဂျပန်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်တွင်းမှ နိုင်ငံရေးအရ အဓိက မဏ္ဍိုင်ကျသည့် အင်အားစုများအကြား တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်လာရေး အတွက် လက်တွေ့ကျသော ထိရောက်သည့် ဖိအားပေးမှု၊ တွန်းအားပေးမှု၊ ဆွဲဆောင်မှု၊ မက်လုံး ပေးမှု၊ နားချမှု စသည့်နည်း အားလုံးကို ဟန်ချက်ညီစွာ အသုံးချနိုင်ရမည် ဖြစ်သည်။ ထိုကဲ့သို့ ပြည်တွင်း ပြည်ပနှင့် နိုင်ငံတကာမှ ထိရောက်သော နည်းလမ်းများဖြင့် အချိန်ကိုက် လုပ်ဆောင်နိုင်ကြမည် ဆိုပါက ၂ဝ၁ဝ မြန်မာပြည်သည် ငြိမ်းချမ်းသော တိုင်းပြည်ဖြစ်လာစေရန် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကို မှန်မှန်ကန်ကန် အကောင်အထည် စတင် ဖော်နိုင်တော့မည် ဖြစ်ပေသည်။ ကျော်ကျော်စိုး(ဂျပန်)

LEAVE A REPLY

Please enter your comment!
Please enter your name here