တရုတ်နိုင်ငံ၏ Xinjiang ဒေသတွင် လူမျိုးစုကြား တင်မာမှုများ မြင့်တက်

alt

ထောင်ပေါင်း များစွာသော ဟန်မျိုးနွယ် တရုတ် လူမျိုးများ သည် တင်းပုတ်များ၊ ဓါးရှည်များ ဝှေ့ရမ်းလျက် Xinjiang ဒေသ၏ မြို့တော် လမ်းမများ တွင် လှည့်လည် ဆန္ဒပြ လျက်ရှိပြီး Uyghur မျိုးနွယ်များ နှင့်စပ်ကြား၊ စပ်ကြား တန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ကြသည်။

ထိုသို့ ရုန်းရန်း ဆန်ခတ်ဖြစ်မှုများ အသစ် ထပ်မံ၍ ဖြစ်ပေါ်ခဲ့ သည့် အတွက် တရုတ် သမ္မတ ဟူကျင်တောင် သည် အီတလီ တွင် ပြုလုပ်မည့် G8 အစည်းအဝေး သို့ မတက်ရောက် တော့ပဲ ပြန်လာ ခဲ့ရသည်။ ထိုသို့ သမ္မတဟူ အနေဖြင့် ကမ္ဘာ့ အရေးပါ အစည်းအဝေး ဖြစ်သော G8 ဆွေးနွေးပွဲ ကို ဖျက်ပြီး စောစီးစွာ ပြန်ခဲ့ ခြင်းသည်ပင်လျှင် ယခု ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများ ၏ ဆိုးရွားမှု အခြေအနေကို ပြသ နေခြင်း ဖြစ်ပါ သည်။ Urumqi တွင် အစိုးရ မှ ညမထွက်ရ အမိန့် ထုတ်ပြန် ထားပြီး လုံခြံုရေး တပ်ဖွဲ့ဝင်များ မှ လည်း မြို့တော် တစ်ဝှမ်း တိုးပြီး ဖြစ်ပေါ် လာသည့် ရန်လိုမှုများကို ထိန်းကွပ် နိုင်ရန် ရည်ရွယ်ပြီး လူမျိုးစု(၂)စုအား ခွဲထုတ်ရန် စီစဉ် လျက် ရှိသည်။ အင်္ဂါနေ့တွင် ထုတ်ပြန်သည့် ၁၁ နာရီ Curfew ကြောင့် မြို့အတွင်း ငြိမ်သက်မှု အခြေ အနေတစ်ရပ် အထိ ရရှိ စေခဲ့သည် ဟု ဆိုနိုင် သည်။

အင်္ဂါနေ့တွင် အရေးပေါ် အမိန့်အား ရုတ်သိမ်း ခဲ့သည့်အချိန် တွင် ဒေသခံ အစိုးရမှ မြို့တွင်း လုံခြံုရေး ကို တပ်ဖွဲ့ဝင် အသစ်များ အား ကားများ နှင့် လာရောက် ချထားပြီး အင်အား ဖြည့်တင်း ခဲ့သည်။ အဆိုပါ တပ်ဖွဲ့ဝင် အချို့မှာ AK-47 ရိုင်ဖယ် သေနတ်များ ကိုင်ဆောင် ထားကြ သည်။ ဒေသခံ ပြည်သူများမှ လမ်းများ ပေါ်သို့ ပြန်လည် ထွက်လာ ခဲ့သော်လည်း ထပ်မံ ၍ ပြဿနာ ဖြစ်ပေါ်မည့် အရိပ်အရောင် မတွေ့ရှိ ရသေးပေ။

အင်္ဂါနေ့တွင် ထပ်မံ၍ ဖြစ်ပေါ်ခဲ့သည့် တရုတ်ပြည် ၏ အဓိက တိုင်းရင်းသား မျိုးနွယ်စု ဖြစ်သည့် ဟန်မျိုး နွယ်စု နှင့် Xinjiang ဒေသ ၏ ဒေသခံ မျိုးနွယ်စု ဖြစ်သည့် တူရကီ ဘာသာ စကားပြော မွတ်ဆလင် ဘာသာ အဓိက ဖြစ်သည့် Uyghur မျိုးနွယ်စု တို့ကြား တိုက်ခိုက်မှုများ သည် အစိုးရမှ တပ်ဖွဲ့ ၀င်အင်အား ၂၀,၀၀၀ ရှိ လုံခြံုရေး အဖွဲ့ဝင်များ ချထားပြီး အနည်းငယ် ငြိမ်သက် သွားပြီးမှ ထပ်မံ၍ ပေါ်ပေါက် လာခြင်း ဖြစ်သည်။

လုံခြံုရေး အဖွဲ့မှ ပြောဆိုရာတွင် တနင်္ဂနွေနေ့က ဖြစ်ခဲ့သည့် အဓိကရုဏ်းများကြောင့် လူ ၁၅၆ဦး သေဆုံးပြီး ၁,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထိုသို့ သွေးထွက် သံယိုဖြစ်မှုများမှာ Uyghur မျိုးနွယ်စု များအပေါ် အစိုးရ၏ ဆက်ဆံပုံများကို မကျေနပ်မှုများနှင့် တရုတ် နိုင်ငံ တောင်ပိုင်းတွင် ဟန်မျိုးနွယ်စုများနှင့် တိုက်ခိုက်မှုများ ကြောင့် Uyghur မျိုးနွယ်စုဝင် (၂) ဦးသေဆုံး ခဲ့ခြင်း ကို ကန့်ကွက် ခဲ့ခြင်းမှ စတင် လာခြင်းဖြစ် သည်။

ဆန္ဒပြခြင်း ၏ အဓိက အကြောင်းအရင်း ကို တိကျစွာ မသိရှိ ရသေးသော်လည်း လူဦးရေ ၂.၄ သန်းကျော် သည့် မြို့အတွင်း တိုးတက်ဖြစ်ပွားလာခဲ့သည်။ အကယ်၍ အစိုးရ မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများ မှန်ကန်ပါက ယခုဖြစ်ပွားနေသည့် မငြိမ်သက်မှု သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀) က ဘေဂျင်းမြို့တွင် ဖြစ်ပေါ် ခဲ့သည့် အစိုးရ မှနှိပ်နင်းခဲ့သော အဓိကရုဏ်း အပြီး သွေးထွက် သံယို အများဆုံး အဓိကရုဏ်း ဖြစ်သည်။

တနင်္ဂနွေနေ့က သေဆုံးခဲ့သည့် ဟန်မျိုးနွယ်စုအများမှ ၎င်းတို့၏ ဆိုင်များ၊အိမ်များ၊ လမ်းများပေါ်တွင် အသတ်ခံရသည့် ဟန်မျိုးနွယ်များဖြစ်သည်ကို ဒေါသထွက်နေကြသည့် ဒေသခံဟန်လူမျိုးများသည် သံတုတ် များ၊ အမဲဖြတ်ဓါးများ ကဲ့သို့သော ရရာလက်နက်များကို ကိုင်စွဲပြီး၊ အင်္ဂါနေ့က လမ်းပေါ်သို့ ထွက်လာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် Uyghur ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်လျက် Uyghur ရပ်ကွက်များကို တိုက်ခိုက်ခဲ့သည်။ “ကျွန်တော်တို့လည်း မိမိကိုယ်ကို ကာကွယ်ရမှာပေါ့၊ ကျွန်တော်တို့ မျိုးနွယ်စုတွေ အသတ်ခံနေရတယ်လေ” ဟု ဒေသခံ ဟန် အမျိုးသား တစ်ဦးမှ ပြောကြား ခဲ့သည်။

တစ်နေရာတွင် စစ်ဝတ်စစ်စား အဝတ်အစား ၀တ်ဆင်ထားသည့် လူတစ်ဦးမောင်းလာသည့် အမဲရောင်ကားတစ်စီးသည် ခရမ်းသီးများ သယ်ဆောင်လာသည့် ကားတစ်စီးအား ၀င်ရောက်တိုက်မိခဲ့သည်။ ဟန်မျိုးနွယ်စု တစ်စုသည် လက်နက်များကိုင်ဆောင်ပြီး ယဉ်မောင်းသူကို တိုက်ခိုက်ရန်ပြင်ဆင်ခဲ့ကြသည်။ ၎င်းတို့သည် အဆိုပါယဉ်မောင်းကို Uyghur မျိုးနွယ်ဟု ယုံကြည် နေကြခြင်း ဖြစ်သည်။

ယခုကဲ့သို့ အဓိကရုဏ်းများဖြစ်ပေါ်နေခြင်းသည် တရုတ်နိုင်ငံ၏ ဗျူဟာမြောက်အရေးပါသည့် နယ်ခြားဒေသကို ကွပ်ကဲထိန်းချုပ်နိုင်မှုအပေါ် စိန်ခေါ်နေခြင်းဖြစ်သည်။ ဘေဂျင်းအနေဖြင့် တရုတ်နိုင်ငံ၏ ရေနံနှင့်သဘာဝဓါတ်ငွေ့များ ပေါကြွယ်ဝသည့် Xinjiang ဒေသအတွင်း Uyghur မျိုးနွယ်များ၏ မကျေနပ် ဖြစ်နေမှုများကို ရင်ဆိုင်နေရသည်မှာ ကြာပြီ ဖြစ်သည်။

အစိုးရသည် အဆိုပါဒေသအတွင်းသို့ ဟန်မျိုးနွယ်စုများ အလုံးအရင်းဖြင့် ၀င်ရောက် အခြေချနိုင်ရန် အားပေး ခဲ့သည်။ ၎င်းကို Uyghur မျိုးနွယ်စုများက မိမိတို့၏ ရိုးရာယဉ်ကျေးမှုများ အပေါ် အရောင်ဆိုးမှု ဖြစ်ပေါ် စေနိုင်ပြီး ၎င်း တို့မျိုးနွယ်စုများ ကို ခွဲခြား ဆက်ဆံ နေခြင်းဖြစ်သည်ဟု စိုးရိမ် နေကြသည်။ ဒေသအတွင်း ယခုဖြစ်ပေါ်နေသည့် အဓိကရုဏ်း ဖြစ်မှုများ သည် များ မကြာမီ အတောအတွင်းက ဒေသ သမိုင်းတွင် မကြံုစဖူး ပြင်းထန် သော ဆန္ဒပြမှုဖြစ်သည်။ ဟန် လူမျိုးများ ၏ ပြန်လည်တိုက်ခိုက်နေမှုသည်လည်း ဒေသ အတွင်း တည်ငြိမ်မှု အတွက် ပိုမို၍ စိုးရိမ် လာရသည့် အခြေအနေ ဖြစ်သည်။

အင်္ဂါနေ့တွင် တာဝန်ရှိသူများ က တည်ငြိမ်မှု ရှိရန် အတွက် တောင်းဆို ခဲ့သည်။ သို့ရာတွင် နိုင်ငံတော် ပိုင် TV တွင် တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့သည့် ပျက်စီးမှုအခြေအနေကြောင့် ဟန် လူမျိုး နွယ်စုများ မှ Uyghur များ အပေါ် အမျက် ဒေါသ ထွက်နေ ပုံရသည်။ တရုတ် အစိုးရ သည် ထိုသို့ မငြိမ်သက် ဖြစ်နေမှုများ ကို ပြည်ပမှ Uyghur လှုပ်ရှားသူများ အပေါ် အပြစ်ပုံ ချရန် ကြိုးစားလျက် ရှိပုံရသည်။

အစိုးရမှ အင်္ဂါနေ့တွင် ယခုမငြိမ်သက်မှုကို လှုံ့ဆော်သူများဟု စွပ်စွဲထားသည့် The World Uyghur Congress နှင့် ၎င်း၏ ခေါင်းဆောင် Rebiya Kadeer တို့အပေါ်ထိုး ထိုးနှက်မှုများကို အရှိန်မြှင့်တင်ခဲ့သည်။ ၎င်းအပြင် Urumqi ဒေသအတွင်း ဆက်သွယ်ရေးကိုလည်း ပို၍ တင်းကြပ်လိုက်ပုံရသည်။ ဒေသခံများ အနေဖြင့် Text Message များ အပြည်ပြည်ဆိုင်ရာခေါ်ဆိုမှုများပြုလုပ်ရာတွင် အခက်အခဲများ ရှိခဲ့ကြသည်။

သို့ရာတွင် ဒေသဆိုင်ရာအာဏာပိုင်များသည် Urumqi သို့ နိုင်ငံခြားသတင်းထောက်များကို ဖိတ်ခေါ်ခဲ့ပြီး ရံဖန်ရံခါ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းသည် တရုတ်အစိုးရမှ တိဗက် အရေးအခင်းအတွင်း နှိမ်နင်းမှုများအပေါ် အဝေဖန်ခံခဲ့ရပြီးနောက် ၎င်းတို့ဘက်မှ တရားဝင်ထုတ်ပြန် မှုများကို ပိုမို၍ သိရှိနားလည်နိုင်စေရန် ကြိုးစားလာခြင်း ဖြစ်ဟန်တူပါသည်။

လင်းဦး(စိတ်ပညာ)

LEAVE A REPLY

Please enter your comment!
Please enter your name here