ဒီရာသီမှာ အသက်နဲ့ ရင်းခဲ့ရပါသည် ( ဒု )

ပထမသွားဖို့ ကတော့ ကျနော်တို့ (၅)ယောက် ဖြစ်ပေမဲ့ လက်တွေ့မှာ ကျနော် တယောက်တည်း ဆုံးဖြတ်ချက် အတိုင်းကို အကောင်အထည် ဖေါ်နိုင်ခဲ့ပါတယ်။ ရှေ့ပြေး အနေနဲ့ ကျနော် ကိုယ်တိုင် ထွက်ပြီး … ပြီးမှ ကျနော့် ရဲဘော်တွေကို ကျနော် ပြန်ခေါ်ဖို့ပါ…။

ဗဟိုနဲ့ အဆက်အသွယ် ရပြီးရင် ကျနော့် ရဲဘော်တွေကို ကျနော် ပြန်ခေါ်ဖို့ ဖြစ်ပေမဲ့ ဗဟိုကို ကျနော် ဘယ်လို ဆက်သွယ်ရမလဲ ဆိုတာကို ကျနော်မသိပါဘူး။ စွန့်စားပြီး ထွက်ခဲ့ရတဲ့ ခရီးပါ…။ နောက်မှာ ကျန်နေတဲ့ ရဲဘော်တွေ အတွက်လည်း လမ်းခင်း ပေးခဲ့တာပါ။ တရုပ်-ဗမာနယ်စပ်ရှိ လွတ်မြောက်ဒေသရှိရာ ဦးတည်ပြီး ရှမ်းပြည် သီပေါ၊ ကျောက်မဲ၊ လားရှိုးဘက် ဦးတည် ထွက်ခဲ့တယ်။ လားရှိူး၊ ကွတ်ခိုင်၊ သိန္နီ၊ ကွမ်လုံ နဲ့ ကိုးကန့်၊ လောက်ကိုင် တို့ဟာ မှောင်ခို လမ်းကြောင်းဖြစ်တယ်။ ကွမ်လုံကျော်ရင် ပျောက်ကျားဒေသ ဖြတ်ကာ လောက်ကိုင် နီးရင် လွတ်မြောက် ဒေသရောက်မယ်။ လားရှိုးကနေ ကားစီးပြီး ကွမ်လုံမှာ တည အိပ်ရတယ်။ ကားပေါ်မှာဘဲ ကားဆရာနဲ့ အတူအိပ်ပြီး နောက်တနေ့ ခရီးဆက်ထွက် ဖြစ်ခဲ့တယ်။

ကွမ်လုံကနေ မန္တလေးက ရဲဘော်တွေဆီ ခရီးထွက်သွားပြီ ဖြစ်ကြောင်း အကြောင်းကြားစာ ပိ့ုခဲ့တယ်။ စံပြလမ်းခွဲ ခရီးမှာ ခရီးသည်တွေ ဆင်းပြီး ခြေလျှင်ခရီး လျှောက်ရတယ်။ တောလမ်းမှာ အထုပ်အပိုးတွေနဲ့ တောင်တက်တောင်ဆင်း သုံးနာရီခန့် လျှောက်ပြီး စစ်သားတွေ လုံခြံုရေး ယူထားတဲ့ ကင်းတပ်စခန်း ရောက်တယ်။ စစ်ဗိုလ်တယောက်နဲ့၊ စစ်သားတယောက်ဆင်းပြီး မှတ်ပုံတင်တွေ၊ ခရီးသွားလက်မှတ်တွေ စစ်ဆေးပြီး ပြန်သွားကြတယ်။ ကျနော်တို့ ကုန်သည်အဖွဲ့လည်း ခရီးထွက်ခဲ့တယ်။

ညနေစောင်းတော့ ရှေ့တန်းစခန်းနဲ့ တူတဲ့ တောစခန်းတခုမှာ ကုန်သည်တွေနဲ့ အတူ စခန်းချ ညအိပ်တယ်။ အဲဒီစခန်းချတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ တရုပ်သေနတ်နဲ့ ကြယ်နီဦးထုပ်၊ စစ်ယူနီဖေါင်း ၀တ်ထားတဲ့ စစ်သားနှစ်ယောက်ကို လှမ်းတွေ့လိုက်ရတယ်။ လေချွန်သံလည်း ကြားကြားနေ ပြန်တယ်။ အဲဒီ လေချွန်သံဟာ အင်းစိန်ထောင်မှာ တုန်းကလည်း ကြားခဲ့ဖူးတယ်။ သေသေချာချာ နားစွင့်လိုက်တော့ “ပင်လယ်ပြင်မှာ တက်မကိုင်” ဆိုတဲ့ တော်လှန်ရေး သီချင်းဖြစ်နေတယ်။ ရဲဘော်မော်စီတုံးရဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ဖေါ်ပြတဲ့ သီချင်းပါ။ ကျနော့် တကိုယ်လုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။

ဒါ ဒို့လွတ်မြောက် ဒေသက ပြည်သူ့ တပ်မတော်သား တဦးရဲ့ လေချွန်သံ ဖြစ်ရမယ်

ဆိုပြီး ၀မ်းသာအဲလဲ ခံစားလိုက်ရတယ်။ ” ငါ မျှော်လင့်ထားတဲ့ လွတ်မြောက်ဒေသ ရောက်လာပြီ ဆိုပြီး အားတက်ခဲ့တယ်။ နောက်တနေ့ နံနက် စောစောမှာတော့ ကြယ်နီဦးထုပ်၊ ပစ္စတို စလွယ်ကြိုးနဲ့ မြင်းပေါ်က တပ်မှူးတယောက် ကျနော်တို့ နေတဲ့ စခန်းဆီကို လာနေတာ တွေ့ရတယ်။ သူ့ရဲ့ နောက်မှာ ကို်ယ်ရံတော် တပ်စိပ်တစိပ် လောက်ပါလာတယ်။ အားလုံး မောင်းပြန်လက်နက် ကိုယ်စီနဲ့။ တပ်မှူးက ဆင်းလာပြီး ကျနော့်ကို နှုတ်ဆက်ပါတယ်။ လွတ်မြောက်ဒေသကို တောခိုလာတာ ခင်ဗျားလား ? ဆိုပြီး မေးပါတယ်။ ကျနော်လည်း အကျိုးအကြောင်း ပြောပြလိုက်တယ်။ နောက်တနေ့မှာ တပ်မှူးတို့ အဖွဲ့နဲ့အတူ ခရီး ဆက်ထွက်ခဲ့ပါတယ်။

လွတ်မြောက်ဒေသ ရှေ့တန်း ရုံးစိုက်ရာ ကိုးကန့်ခရိုင် လောင်ကိုင် စခန်းရုံးမှာ ညအိပ်ပြန်တယ်။ ပြီးမှ နောက်တနေ့မှာ တပ်မှူးက သူ့ကိုယ်ရံတော် တပ်စိပ်နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ၊ လွတ်မြောက်ဒေသ ကိုးကန့်ခရိုင် တရားရုံး ရှိရာကို ပို့လိုက်ပါတယ်။ အဲဒီအချိန်က ရဲဘော်ဗသိန်းတင် ခေါင်းဆောင်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ပြည်သူ့ တပ်မတော်ဟာ အင်အား အလုံးအရင်းနဲ့ တရုပ်-မြန်မာနယ်စပ်ရှိ စစ်အစိုးရ တပ်များကို တိုက်ထုတ်ပြီး လွတ်မြောက်ဒေသ ထူထောင်နေတဲ့ အချိန်ပါ။ ကွတ်ခိုင်ခရိုင်-မုံပေါ်၊ ပန်ဆိုင်း၊ နမ့်ခမ်း၊ ကိုးကန့်ခရိုင်မှ ရန်သူများကို တိုက်ထုတ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ၊ အရှေ့မြောက်စစ်ဒေသ ထူထောင်ပြီး ဒေသတိုးချဲ့ရေး လုပ်နေတဲ့ အချိန်လည်းဖြစ်တယ်။

၁၉၆၈-၆၉ မှာ ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းခရိုင်၊ ကိုးကန့်ခရိုင်တို့ကို လွတ်မြောက် စေခဲ့ပါတယ်။ အဲဒီနောက်မှာ နမ့်ကျန်းဒေသ မြောက်ပိုင်းခရိုင်၊ ၀ နယ် တောင်ပိုင်းခရိုင်တို့ကို ပြည်သူ့ တပ်မတော်၊ တပ်အင်အား အလုံးအရင်းနဲ့ လွတ်မြောက် စေခဲ့ပြန်ပါတယ်။ အဲဒီနောက်မှာ နန့်ကျန်းဒေသ၊ ၀နယ်၊ ဒီနောက်(၈၁၅)ဒေသ၊ (၁၀၁)ဒေသတို့ကို လွတ်မြောက်စေခဲ့ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ အရှေ့မြောက်စစ်ဒေသ ပြည်သူ့ တပ်မတော်က ရန်သူ အမြောက်အများကို တိုက်ခိုက်ချေမှုန်းရာ သုံ့ပန်း အမြောက်အများလည်း လက်ရ ဖမ်းဆီးမိကြတယ်။ တချို့သုံ့ပန်းများဟာ ပြည်သူ့ တပ်မတော်သားများအဖြစ် ပြောင်းလဲကြတယ်။ နယ်စပ်ဒေသမှာ ပြည်သူ့ တပ်မတော်က ထိုးစစ် အနေရောက်ပြီး ရန်သူဘက်ကတော့ ခံစစ် အနေအထားနဲ့ ထိပ်တိုက် ရင်ဆိုင်နေကြရတယ်။ ကျနော်လည်း ကိုးကန့်ခရိုင် တရားရုံးကို ရောက်တော့ ကျနော့်ကို တာဝန် ယူပို့တဲ့ တပ်မှုးက “ခင်ဗျားကို လုံခြံု စိတ်ချရတဲ့ နေရာမှာ ထားပေးမယ်”လို့ပြောပြီး ခရီးထွက်သွားတယ်။ ကျနော်လည်း တပ်ခွဲမှုးတယောက်ရဲ့ စီစဉ်တဲ့အတိုင်း လိုက်နာပြီး နေထိုင်ခဲ့တယ်။ မိမိကိုယ်ကိုလည်း စိတ်ထားနှိမ့်ချပြီး နေခဲ့တယ်။

ညနေမှာ ကင်းကျ ရဲဘော်လေးနှစ်ယောက်် ကျနော့်ကို လာခေါ်ပါတယ်။ ကျနော်လည်း သူတို့ ခေါ်ရာကို လိုက်သွားခဲ့တယ်။ တခေါ်လောက် သွားလိုက်ရင်ပဲ မြေကြီးအုတ်တွေ လုပ်နေတဲ့ နေရာကို လှမ်းမြင်ရတယ်။ အနီးကပ်ကြည့်လိုက်တော့ လောင်းကိုင်(တရုပ်စကား) ခေါ်တဲ့ ပြုပြင်ရေး အကျဉ်းစခန်း၊ အချုပ်စခန်းမှာ သံခြေကျင်းနဲ့ အကျဉ်းကျတွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ ခြေထောက်မှာ သံခြေကျင်း ခတ်ထားတယ်။ တချို့ကလည်း လက်မှာ လက်ထိပ်တွေ တိုးလို့တွဲလောင်းနဲ့။

တချို့ကို မြေကြီးအတွင်းမှာ ချုပ်ထားတာ တွေ့ရတယ်။ “ဒီ ဖမ်းချုပ်ထားတဲ့ သူတွေက ဘယ်သူတွေလဲ” လို့ မေးမြန်းကြည့်တော့ “ ရန်သူ သတင်းပေး၊ သူလျှို ဒလံတွေကို ဖမ်းထားတာတဲ့” “ နောက်မှ သူတို့ကို သေတွင်းကို ပို့မှာတဲ့” ကျနော့်ကို နေရာချ ပေးထားတာက သံချေကျင်း ခတ်ထားတဲ့ မြန်မာ စကားပြောတတ်တဲ့ သူလျှိုနဲ့ အတူ မြေကြီးတိုက်မှာ နေရာချထားတယ်။ ကျနော်က ဘယ်မှာ အိပ်ရအိပ်ရလို့ ပြန်ပြောလိုက်တယ်။ ညမှာ ပြန်စဉ်းစား လိုက်တော့ ဒီတပ်မှူးဟာ ငါ့ကို အထင်မှားပြီး သူလျှိူလို့ သံသယရှိပြီး ငါ့ကို ဒီလိုလုပ်တာဘဲလို့ ခေါင်းထဲမှာ အတွေး ၀င်လာတယ်။ ငါအနေအထိုင် မတတ်ရင်တော့ သူတို့ ငါ့ကို လက်နှေးမှာ မဟုတ်ဘူးဆိုတာကို အတွေ့အကြံုအရ သိလိုက်ရတော့တယ်။ ဒါကြောင့် သွားတာ၊ လာတာ၊ ပြောတာ၊ စားတာက အစ သတိနဲ့ နေရတော့တယ်။ သံသယ ၀င်တာက သူနဲ့ ကျနော် တွေ့တဲ့နေ့မှာ သူမေးတိုင်း ကျနော်မဖြေတဲ့ ကိစ္စလို့ ထင်တယ်။ ဒါကို ကျနော် သတိထားမိလိုက်တယ်။ ကျနော်လည်း မြို့က ရဲဘော် တွေရဲ့ လုံခြံုရေးကို ဂရုစိုက်ပြီး လျှို့ဝှက်ရေး ထိမ်းသိမ်းထားရတာ ရှိတော့ သူမေးတိုင်း အားလုံးမဖြေခဲ့ မိပြန်ဘူး။ သူတို့က မြို့ပေါ်က အခြေအနေတွေကို သဘော မပေါက်ဘူးဆိုတာ ကျနော်သိထားတော့ ဆင်ဆင်ခြင်ခြင်ဘဲ နေနေရပြန်တယ်။

ခရိုင် လုံခြံုရေးဌာနက ကျနော့်ကိုတော့ ကြိုးတုပ် မထားပါဘူး။ နံနက်မှာ တိုက်တံခါး ဖွင့်တယ်။ စခန်းအပြင် ဝေးဝေး မသွားခိုင်းပါဘူး။ ညနေ ထမင်းစားပြီး တံခါးပြန်ပိတ် သော့ခတ်ပါတယ်။ ညဘက်မှာတော့ သံချေကျင်း ခတ်ထားတဲ့သူနဲ့ အတူ အိပ်ရတယ်။ သူက မြန်မာစကား မပြောတတ်ဘူး။ ကျနော်က သူ့ကို တော်လှန်ရေး သီချင်းတွေ ဆိုပြတယ်။ သူကလည်း လိုက်ဆိုပါတယ်။ သူတို့ ကျနော့်ရဲ့ အဖြစ်မှန်ကို မသိသေးလို့သာ ဒီလို အကျဉ်းသားလို ဆက်ဆံနေတာ။ အခြေအနေမှန် သိတဲ့နေ့မှာ သူတို့ သဘောပေါက်မှာဘဲလို့ စိတ်အစဉ်က ယူဆလျှက်ပဲ။ နောက် အဖြစ်မှန်ကို အထက်ကို တင်ပြမယ်လို့ စဉ်းစား လိုက်ပြန်တယ်။

နောက်မှ သိရတာက ခရိုင် လုံခြံုရေးဌာနက ကျနော့်ကို သံသယဖြစ်ပြီး သူလျှိူ ဖြစ်နိုင်တယ်ဆိုပြီး ပစ်သတ်ဖို့ အထိ စဉ်းစား နေကြတယ် ဆိုတာကို သိလိုက်ရတော့ ခေါင်းနဘန်းတွေကို ကြီးလို့ရယ်။ နေ့ခင်း ထမင်းစားပြီးရင် အုတ်ဖုတ် အကျဉ်းသားတွေ မြေအုတ် လုပ်နေကြတယ်။ ကျနော့်ကို သူတို့ အုပ်လုပ်ငန်း လုပ်ဖို့ မပြောဘူး။ မခိုင်းဘူး။ ဒါပေမဲ့ ကျနော့် ကိုယ်ပိုင်အသိနဲ့ အုတ်ဖုတ်နေတဲ့ အကျဉ်းသားတွေကို ကူညီ လုပ်ပေးတယ်။ သူတို့က ကျနော့်ကို စာနာပြီး ၀က်သားခြောက်တွေကို ရှာကြံပြီး ကြွေးကြတယ်။ ကျနော့်ကို အတော်တော့ လွှတ် …ခင်ကြသားလေ။

တညနေမှာ…။ ခရိုင်လူကြီးလို့ ထင်ရတဲ့ ပုဂ္ဂိုလ်တယောက် အကျဉ်းစခန်းကို ရောက်လာတယ်။ သူက ကျနော့်ကို မြို့ကလာတဲ့ ကျောင်းသားလားလို့ မေးမြန်း နှုတ်ဆက်ပါတယ်။ သူက အဖြစ်အပျက်တွေ မေးမြန်းပြီး အထက်ကို တင်ပြပေးမယ် ဆိုပြီး စာရေးသားခွင့် ပြုခဲ့ပါတယ်။ ကျနော်လည်း အခြေအနေမှန် တွေကို တင်ပြ ရေးခဲ့ပါတယ်။ အကျိုးအကြောင်း စာရေးတင်ပြီး နောက်တနေ့မှာ ကျနော့်ကို မြေတိုက်က ထုတ်ပြီး အရက်ဖိုစခန်းမှာ ပြည်သူ့တပ်မတော် ရဲဘော်မောင်မောင်ကြီးနဲ့ အတူ နေရာ ချထားပါတယ်။ ၁၉၇၄ ဒီဇင်ဘာလမှာ ဖြစ်ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ အရှေ့မြောက် စစ်ဒေသက ထုတ်တဲ့ ၀ါဒဖြန့်ချီရေး စာတမ်းတွေ ဖတ်ရှုရတော့ ကျနော်မျှော်မှန်းတဲ့ ပါတီကို တွေ့ပြီဆိုပြီး ရင်ထဲမှာ ၀မ်းသာပီတိ ဖြစ်ရပါတော့တယ်။ မြေတိုက် အချုပ်ခန်းမှာ နေခဲ့ရတုံးက ခံစားခဲ့ရတဲ့ စိတ်အား ငယ်မှု၊သေးသိမ်မှုတွေ ပျောက်သွားပြီး ပြည်သူ့ တပ်မတော်သားအဖြစ် အနှစ်နှစ် အလလက ကြိုးစားလာခဲ့တာ မကြာမှီမှာ ပြည်သူ့ တပ်တော်သား ဖြစ်ရမှာမို့ အတိုင်းအထက် အလွန် ၀မ်းတော့ သာမိသားပေါ့။

ပြည်သူ့ တပ်မတော်ကို အဆက်အသွယ်နဲ့ လာတဲ့ မြို့ပေါ်က ဒေသအသီးသီးက လာကြတဲ့ သူတွေ များပါတယ်။ တချို့လည်း အဆက်အသွယ် မရှိဘဲနဲ့ လွတ်မြောက်ဒေသ ရောက်ပြီး သက်ဆိုင်ရာဒေသ တပ်၊ ဌာနတွေမှာ အမှုထမ်းကြတဲ့ သူတွေရှိတယ်။ တချို့ကတော့ ဗဟိုယူဂျီနဲ့ ဆက်ပြီး တောခို လာသူတွေလည်း ရှိပါတယ်။ မြို့ပေါ်ကနေ ကွန်မြူနစ် ပါတီနဲ့ အဆက်အသွယ် ရဖို့ဆိုတာ မလွယ်ပါဘူး။ စည်းရုံးရေးနယ်မြေ၊ ပါတီနယ်မြေထဲက ပြည်သူတွေသာ ပါတီနဲ့ အဆက်အသွယ်ရဖို့ လွယ်ကူပါတယ်။ မြို့ပေါ်မှာက ဖြတ်သန်းမှု ရှုပ်ထွေးတဲ့ သူတွေရှိလို့ မြေအောက်စည်းရုံးရေး လုပ်တဲ့ ရဲဘော်တွေကလည်း အကန့်အသတ် ကြားကနေ စည်းရုံးနေရတာ မလွယ်ကူပါဘူး။

ကျနော်တို့ တတွေလည်း ၁၉၇၀-ခုနှစ် မတိုင်ခင် ကတည်းကနေ ပါတီနဲ့ အဆက်အသွယ်ရဖို့ ကြိုးစား ခဲ့ပါတယ်။ လက်တွေ့မှာ မလွယ်ကူပါဘူး။ ၁၉၆၇-ခုနှစ် နောက်ပိုင်း ဗမာပြည် ကွန်မြူနစ် ပါတီတွင်း တိုက်ပွဲဟာ ပြင်းထန်ပါတယ်။ အထူးသဖြင့် ဗဟိုအခြေခံရ ပဲခူးရိုးမဒေသမှာ ရှိတဲ့ တပ်ဖွဲ့ အသီးသီးမှာ ပါတီတွင်း တော်လှန်ရေး၊ ပါတီတွင်း တိုက်ပွဲ ဆင်နွဲနေပါတယ်။ ပါတီ ဗဟိုကော်မတီမှာလည်း ပါတီတွင်း စည်းရုံးရေး လမ်းစဉ်အမှားကို တက်တက်ကြွကြွ ဆင်နွဲနေပါတယ်။ အဲဒီစည်းရုံးရေး လမ်းစဉ်အမှားကြောင့် ပါတီဟာ ပျောက်ကျား အခြေခံဒေသတွေ ဆုံးရှုံး ခဲ့ရတယ်။ ပါတီတွင်း ဂိုဏ်းဂဏ တိုက်ပွဲတွေ ဖြစ်ခဲ့ရတယ်။ ပါတီတွင်းမှာ လမ်းစဉ်အမှား ဖြစ်လာရင် မှန်ကန်တဲ့ လမ်းစဉ်ကို ရပ်ခံပြီး စည်းရုံးရေးအရ တိုက်ပွဲဆင်ရမဲ့ အစား လမ်းစဉ်အမှားကို ဂိုဏ်းဂဏနဲ့ ဖြေရှင်းတော့ ပါတီတွင်း ကေဒါ ပြဿနာတွေ အများအပြား ဖြစ်ပေါ် လာခဲ့တော့တယ်။

နောက်… ကေဒါတွေ အများကြီး ဆုံးရှုံုးခဲ့ရတယ်။ အောက်ခြေကအစ ဗဟိုကော်မတီ အထိ လက်နက်ချမှုတွေ ဖြစ်ခဲ့ရတယ်။ တောတွင်းမှာ လှုပ်ရှားမှု ပြင်းထန်တော့ မြို့ပေါ်လည်း ရိုက်ခတ်လာပါတယ်။ မြို့ပေါ် ယူဂျီ လုပ်ငန်းတွေ ပျက်ဆီးသွားပြီး ပါတီ စည်းရုံုးရေးတွေ ကျဆင်းပြီး အုပ်ကွဲ သင်းကွဲတွေ ဖြစ်သွားတယ်။ ကျနော်တို့ ရဝ-ခုနှစ် မတိုင်မှီမှာ ပဲခူးရိုးမ ဗဟိုကို အဆက်အသွယ်ရဖို့ ကျိုးစားဘူးပါတယ်။ ပေါက်ခေါင်းဒေသ၊ ကုတင်ငါးဆင့် ပါတီစည်းရုံးရေး နယ်မြေ၊ ပဲခူး၊ဒိုက်ဦး။ ကျောက်တံခါး ပါတီရဲ့ အခြေခံ ပျောက်ကျားဒေသကို ဆင်းပြီး ပါတီနဲ့ အဆက်အသွယ်ရှာပေမဲ့ အဲဒီဒေသတွေမှာ ထိုးစစ် ၀င်နေတာရယ်၊ ပါတီတွင်း တိုက်ပွဲ ပြင်းထန်နေတာကြောင့် သက်ဆိုင်ရာ တာဝန်ခံတွေ လက်မခံရဲကြဘူး။ မြစ်ဝကျွန်းပေါ်တိုင်း၊ သံတွဲ၊ ကြိမ်တလီမြို့ ကနေ ဆက်သွယ်ပေမဲ့ ဘယ်လိုမှ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပါတီနယ်မြေ ဟသာင်္တ၊ ဖျာပုံခရိုင်ကတော့ ရဲဘော်တို့ ဒီဘက်ကို မလာကြနဲ့ အရှေ့မြောက် စစ်ဒေသဘက်ကို ဆက်သွယ်ပါလို့ ညွန်းကြားပါတယ်။

ကျနော်တို့ ရဲဘော်တွေလည်း ပါတီနဲ့ အဆက်အသွယ်ရဖို့ ကျိုးစားပေမဲ့ မရကြတော့ အရှေ့မြောက်စစ်ဒေသ ဗမာပြည် ကွန်မြူနစ်ပါတီ ရှိရာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ သွားရောက် ဆက်သွယ်ဖို့ ဆုံးဖြတ်ကြတယ်။ အဲဒီလို ဆုံးဖြတ်တဲ့ အထဲမှာ ၁၉၇၀ ခုနှစ် ရွှေရတုသဘင်မှာ ပါ၀င်ကြတဲ့ တိုးတက်တဲ့ ကျောင်းသားတွေ အများစုပါဘဲ။ အဲဒီ ဂွင်းဆက်အနေနဲ့ ကျနော်တို့ အစုက အရှေ့မြောက်ကို သွားရောက် ဆက်သွယ်ရာ ခြောက်ယောက် ရွေးချယ်ခဲ့ပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် မလိုက်နိုင်ကြဘဲ ကျနော် တဦးတည်းသာ စွန့်လွှတ်ပြီး ပါတီနယ်မြေ ရှိရာကို ခက်ခက်ခဲခဲ လာရောက်ပြီး ဆက်သွယ် ခဲ့ရတာဖြစ်တယ်။ ဒါရဲ့ အကျိုးဆက်က ကိုးကန့်ဒေသ လွတ်မြောက်ဒေသ ရောက်လာတော့ ကျနော့်ကို ရန်သူက လွှတ်လိုက်တဲ့ သူ ဆိုပြီး သံသယကြီးကြီးနဲ့ သူလျှိူဒလံ အဖြစ် စွတ်စွဲ ခံခဲ့ရတာ ဖြစ်ပါတော့တယ်။

ဆက်လက် ရေးသားပါဦးမည်။

ဘဝင်း

LEAVE A REPLY

Please enter your comment!
Please enter your name here