တရုတ် နိုင်ငံ၊ ရှင်ဂျန်း (Xinjiang) တွင် အကြမ်းဖက်မှု ဖြစ်

alt

တရုတ် ပြည်သူ့ သမတနိုင်ငံ အနောက် မြောက်ဘက်ရှိ Xinjiang Uygur ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသ ၏ မြို့တော် အူရမ်ကီ  (Urumqi)တွင် အကြမ်းဖက်မှု ဖြစ်ပွားစဉ် လူ (၁၄၀) ဦး သေဆုံးပြီး လူ (၈၀၀) ကျော် ဒဏ်ရာ ရရှိခဲ့သည် ဟု

ရှင်ဂျန်း (Xinjiang) ပြည်သူ့ လုံခြံုရေး ဌာန၏ သတင်းအရ ဆိုသည်။

သေဆုံးမှုမှာ ဖော်ပြပါ အရေအတွက် ထက် များနိုင်သည်ဟု ဆို၏။ ဒေသ အာဏာပိုင်များ၏ အဆိုအရ တနင်္ဂနွေနေ့ အကြမ်းဖက်မှု သည် ခွဲထွက်ရေးသမား အုပ်စု၏ စီစဉ် ညွှန်ကြားမှု ဖြစ်ပြီး တိုင်းပြည် မငြိမ် မသက်ဖြစ်အောင် နှောက်ယှက် ဖျက်စီးရန် ရည်ရွယ်သည် ဟုဆိုသည်။ အဓိကရုဏ်း ဖြစ်ချင်သူများသည် တနင်္ဂနွေ ညနေခင်းတွင် အူရမ်ကီမြို့၏ လမ်းများတွင် နေရာယူ လူစုပြီး၊ ချီတက် ဆန္ဒပြမှုမှ တစ်ဆင့် အကြမ်းဖက်မှု အသွင်သို့ ကူးပြောင်းသွားခြင်း ဖြစ်သည်။ အခင်း ဖြစ်ပွားရာကို စတင်စုံစမ်း စစ်ဆေးချက်များ အရ ယခု အကြမ်းဖက်မှုသည် World Uyghur Congress အမည်ရှိ ခွဲထွက်ရေး အုပ်စု၏ စီစဉ် ညွှန်ကြားမှု ဖြစ်သည်ဟု ဆိုသည်။

၎င်းအုပ်စုကို ခေါင်းဆောင်သူ မှာ ယခင် စီးပွားရေး လုပ်ငန်းရှင် တရုတ် အမျိုးသမီး Rebiya Kadeer ဖြစ်သည် ဟု ဆိုသည်။ မကြာသေးမီ က အဆိုပါ ခွဲထွက်ရေး အုပ်စုအနေဖြင့် အင်တာနက်မှ တဆင့်လည်းကောင်း၊ အခြားနည်းလမ်း များဖြင့် လည်းကောင်း အဓိကရုဏ်း ဖြစ်ချင်သူများကို ပို၍ ရဲရင့်ရန် နှင့် တစုံတခု ကြီးမားသော လုပ်ဆောင်မှုကို ပြုလုပ်ရန် တိုက်တွန်း၍ အခြေအနေကို မငြိမ်မသက် ဖြစ်စေရန် နှိုးဆော်ပေး ခဲ့ဟု တရုတ်အစိုးရက ဆိုသည်။

ရှင်ဂျန်းဒေသ ဆိုင်ရာ အစိုးရက ပြောကြားသည်မှာ ယခု အကြမ်းဖက်မှု နောက်ကွယ်တွင် အကြမ်းဖက် ၀ါဒ (Terrorism)၊ ခွဲထွက်ရေး ၀ါဒ (Separatism) နှင့် အစွန်းရောက် ၀ါဒ (Extremism) တို့ ကြီးစိုးလျှက် ရှိသည်ဟု သုံးသပ်သည်။ ထို့အပြင် အခြေအနေ မငြိမ်မသက် ဖြစ်စေရန် ဆွပေးသူများက စနေနေ့ ညနေခင်းတွင် အင်တာနက်မှ တစ်ဆင့် အူရမ်ကီ မြို့တွင် ဆန္ဒပြရန် တိုက်တွန်းသည့် သတင်းများကို ဖြန့်ဝေခဲ့သည်ဟု ဆို၏။

၎င်းအပြင် ခွဲထွက်ရေး အုပ်စု၏ ခေါင်းဆောင် ဖြစ်သည့် ယခင် စီးပွားရေး လုပ်ငန်းရှင် တရုတ် အမျိုးသမီး Rebiya Kadeer က တနင်္ဂနွေနေ့တွင် တိုင်းပြည်ရှိ သူမ၏ အပေါင်းအပါများ ကို ဆက်လက်၍ မငြိမ်မသက် ဖြစ်စေရန် လှုံ့ဆော် တိုက်တွန်း ခဲ့သည်ဟုလည်း ဆိုပြန်သည်။

ဒေသ ဆိုင်ရာ အစိုးရ အာဏာပိုင်များက ယခုအချိန်တွင် အခြေအနေကို ထိန်းချုပ် နိုင်ပြီဟု ကြေညာလိုက်ကာ  ရဲများ အနေဖြင့် အကြမ်းဖက်မှုတွင် ပါ၀င်သူ ရာပေါင်းများစွာအား ဖမ်းဆီး လိုက်နိုင်ပြီး ၎င်း ဖမ်းဆီးသူများ ထဲတွင် ယခုကဲ့သို့ အခြေအနေကို မငြိမ်မသက် ဖြစ်စေရန် ဖန်တီး ခဲ့သည့် အဓိက ပုဂ္ဂိုလ် (၁၀) ဦးထက် မနည်း ပါ၀င်သည်ဟု ဆိုသည်။

ရဲများ အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှု အား နောက်ကွယ်တွင် ကြိုးကိုင်နေသည့် အခြား အဓိက ကျသည့် ပုဂ္ဂိုလ် (၉၀) ဦးကိုလည်း ရှာဖွေလျှက် ရှိကာ ဖော်ပြပါ အကြမ်းဖက်မှု ကို နှိမ်နင်းရာ၌ ရဲအရာရှိ (၁) ဦး သေဆုံးပြီး ပြည်သူ အများအပြား သေဆုံးခဲ့သည် ဟု ကြေညာလိုက်သည်။

လင်းဦး(စိတ်ပညာ)

LEAVE A REPLY

Please enter your comment!
Please enter your name here