ညနေစာ အသီးအရွက် ပုံမှန်စားပါက ကင်ဆာ ဖြစ်နိုင်ချေ လျော့ကျ

alt

ညနေစာအဖြစ် အသီးအရွက် များများ ပုံမှန် စားသုံးပါက ကင်ဆာ ဖြစ်နိုင်ခြေကို သာမန်ထက် ထက်ဝက်နီးပါးမျှ လျော့ကျ စေနိုင်ကြောင်း ပညာရှင်များက ပြောကြား လိုက်ကြသည်။

အသက်(၂၀) မှ (၈၉)နှစ် အကြား လူဦးရေ (၆၁၀၀၀) ကျော်၏ နေထိုင် စားသောက်မှု ပုံစံများကို လေ့လာ ခဲ့ပြီးနောက် ညနေစာကို အသား များများဖြင့် စားသူ များသည် ကင်ဆာ ဖြစ်နိုင်ခြေ သာမန်ထက် (၁၂)ရာခိုင်နှုန်း တိုးပွားနေသည်ကို တွေ့ရှိခဲ့ရကြောင်း အောက်စဖို့ဒ် တက္ကသိုလ်၊ ကင်ဆာ သုတေသနဌာနမှ ပရော်ဖက်ဆာ တင်(မ်)ကီး က ပြောကြားခဲ့သည်။

သာမန်အားဖြင့် လူ(၃)ဦးတွင် (၁)ဦးခန့်မှာ အသက်ကြီးလာချိန်တွင် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ အလွန် မြင့်လာတတ်သော်လည်း အသီးအရွက် များများစားပါက ကင်ဆာဆဲလ် များကို ဟန့်တား ထားတတ်ကြောင်း တင်(မ်) က ဆိုသည်။ အထူးသဖြင့် အစာအိမ်နှင့် ဆီးအိမ်တွင် ကင်ဆာကြိတ်များ ဖြစ်ပေါ်မှုကို သိသာစွာ လျော့ကျစေတတ်ကြောင်း ပညာရှင်များက ထောက်ခံခဲ့သည်။

သမားရိုးကျ အနေအထားအရ ဟင်းသီးဟင်းရွက် များများစားပါက ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်သလို သွေးထဲတွင် ကိုလက်စထရောလ် လျော့ကျသွားသဖြင့် လေဖြတ်ခြင်းနှင့် နှလုံးရောဂါတို့ကို ကာကွယ် ပေးနိုင်ကြောင်း ဆရာဝန်များက ဆိုသည်။

ထို့အပြင် ကင်ဆာ ဖြစ်နိုင်ခြေကို ပျမ်းမျှအားဖြင့် (၄၅) ရာခိုင်နှုန်း အထိ လျော့နည်း ကျဆင်း သွားစေသည်ဟုလည်း သုတေသန ပညာရှင်များက ပြောကြားထားသည်။ အထူးသဖြင့် အစိမ်းရောင်ရှိသော ဟင်းသီး ဟင်းရွက်များသည် ကင်ဆာကို ကာကွယ်ရာတွင် ပိုမို သက်ရောက်မှု ရှိကြောင်းလည်း သုတေသန ရလဒ်များတွင် တွေ့ရှိခဲ့ ရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here