ဒီရာသီမှာ အသက်နဲ့ ရင်းခဲ့ရပါသည်

မင်း ထွက်ပြေးဘို့ လုံးဝ စိတ်မကူးနဲ့။ သတ္တိရှိလို့ သံဆူးကြိုး ဟိုဘက် သွားရဲရင် သွားကြည့်စမ်းလို့ ပြောရင်း ဂျီ(၃)သေနတ် မောင်းပြန် ခလုတ်ပေါ်မှာ လက်ညိုးလေး ကုတ်တင်ထားတဲ့ အစောင့်စစ်သားက မလှမ်းမကမ်းကနေ အခုလို အော်ပြောနေတယ်။

အဲလိုသွားတဲ့ ကောင်ကြောင့် ဟို တနေ့က ငါ ဆုငွေ ရလိုက်သေးတယ်! ဆိုကာ သူ့မျက်နှာထားက သုံ့ပန်းကို စစ်မှူးကြီးက ကြည့်တဲ့ ပုံ မချိုမချဉ် မျက်နှာထားနဲ့။

ဟုတ်ပါတယ်လေ…. ဟို … တနေ့ကဘဲ ရေချိုး ထွက်ခွင့်ရတဲ့ အကျဉ်းသားတယောက် သံဆူးကြိုး ဟိုဘက် ကျော်မိတာနဲ့ ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်လိုက်ကြတယ်။ တကယ်တော့ သူဟာ ထွက်ပြေးသူ မဟုတ်ပါဘူး။ ရေချိုးခန်းကို ကာရံထားတဲ့ သံဆူးကြိုးကို အမှတ်တမဲ့ ကျော်မိသူပါ။ အပစ်ခံလိုက်ရလို့ လဲကျသွားတဲ့ အကျဉ်းသမားကို ခွေးသေ ဝက်သေ ဆွဲသလို ဆွဲချသွားတာ တွေ့လိုက်ရတယ်။ သေနတ်သမား ကတော့ အထက်ကို ထွက်ပြေးလို့ ပစ်သတ် လိုက်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆုငွေ ထုတ်ယူသွားတာပါ။ အသက်တချောင်းကို ပုရွက်ဆိတ်လေး ပမာတန်ဘိုး မထားတဲ့ နာမည်ကြီး ဘောင်ဒရီစစ်ကြောရေး အကျဉ်းစခန်းကို ကျနော်တို့ ကျောင်းသားတွေ ရောက်နေပါကြပြီ။

အကျဉ်းသား တယောက်ကို မပစ်သတ်ရဲတဲ့ ပါးကွက်သားက တခြား ပါးကွက်သားကို အရက်တိုက်ပြီး ပစ်သတ်ခိုင်းလေတယ်။ ကြည့်ပါဦး လူမဆန် လိုက်ကြတာ၊ ကျနော်တို့ကို (၈)ပေ ပါတ်လည် ၀က်ခြံထဲမှာ ထားတယ်။ ၀င်ရင် ထွက်ရင် ခေါင်းငုံ့ ခါးကုန်း သွားရတယ်။ မတ်တတ်ရပ်လို့ မရဘူး။ အကျဉ်းသား (၁၀)ယောက်လောက် မတန်တဆ ထားတော့ ဟိုလှဲ့ဒီလှဲ့တောင် မနဲလုပ်ရတယ်။ အခင်းကြီး သွားဖို့ ဂံဖလားက ထွက်တဲ့ ချီးနံ့ကလည်း တခန်းလုံးကို နံဟောင်နေတယ်။ ညဘက် ရောက်ရင်လည်း ငရဲပြည်အလား အောင်းမေ့ရတယ်။

အော်သံ၊ ဆူသံ၊ ရိုက်သံ နှက်သံ၊ ဆဲသံတွေနဲ့။ ဒီလိုနဲ့ဘဲ မိုးလင်းခဲ့ရတယ့် ညပေါင်းတွေ အများကြီးမှ အများကြီး ရှိလှပါ။ မိုးလင်းတာနဲ့ တပြိုင်တည်း ဦးခေါင်းကို စောင်အုပ်ပြီး တယောက်ပြီး တယောက် အမှတ်(ရ) ထောက်လှမ်းရေးကို ခေါ်သွားတယ်။ စစ်ကြောရေး အလုပ်ခံရတယ်။ ရိုက်နှက် ကန်ကြောက်ကြတယ်။ ဒဏ်ရာ ဒဏ်ချက်တွေ အပြည့်ရပြီး အခြေအနေ မဟန်တော့ဖူး ဆိုမှ အချုပ်ခန်းထဲကို ခွေးမောင်းသလို ပြန်ပို့ ခံရကြတယ်။

အချုပ်ခန်း အတွင်းမှာ ထောင်ကျနေတဲ့ ရာဇဝတ်သားတွေက “ဟ….မင်းတို့ ကျောင်းသားလေးတွေဘဲ“ “ကိစ္စမရှိဘူး ငါတို့နဲ့နေပါ” ဆိုပြီး သူတို့က စစ်ကြောရေးက ရလာတဲ့ ဒဏ်ရာတွေကို ၀ိုင်းဝန်းနှိပ်နှယ်ပြုစု ပေးကြတယ် ဆေးထည့်ပေးကြတယ်။ ဆေးကတော့ တခြား ဟုတ်ရိုးလား ထောင်ဆိုတော့ ကြံဖန်ပြီး ရှိတဲ့ဟာလေးနဲ့ ဆီနဲနဲမှာ ပြာမှုန့် တွေရောထားတာ။ ဒဏ်ရာ ရထားတဲ့ နေရာအနှံ့ လိမ်းပေးကြတယ်။ ဘဝတူ အကျဉ်းသမားတွေရဲ့ နွေးထွေးတဲ့ ပြုစုမှုကို ခံလိုက်ရတော့ ခန္ဓာကိုယ်က နာနေပေမဲ့ စိတ်သက်သာရာတော့ ရသွားတာပေါ့၊ ရှေ့မျှော်လင့်ချက်ကတော့ သူတို့ ပါးစပ်ထဲက ပြောသမျှ အမိန့်ဖြစ်နေတော့ သေခြာတာ ဘာမှမရှိဖူး အားလုံး ဝိုးတိုးဝါးတားဘဲ။

အမှတ်(ရ) ထောက်လှမ်းရေးမှာ မော်လမြိုင်၊ မန္တလေး ဖက်ကနေ ဖမ်းလာတဲ့ သူငယ်ချင်း တချို့ကို ပြန်တွေ့ရတယ်။ တွေ့ရတယ် ဆိုတာကလည်း တံခါးကြားကနေ ချောင်းကြည့်လို့ တွေ့ရတာ။ အားလုံးက ငွေရောင် လက်ကောက် ကိုယ်စီနဲ့ပေါ့။ တယောက်ကို စောင်တထည်စီ ခေါင်းမြီးခြံုထားတာ တွေ့လိုက်ရတယ်။

ကျောင်းသား၊ ကျောင်းဆရာ၊ အမှုထမ်းအားလုံး(၃၀) ကျော်ဟာ နှစ် (၅၀) ရွှေရတုသဘင် မရောက်ခင်မှာ မမျှော်လင့်ဘဲ အဖမ်းခံလိုက်ကြရတယ်။

တချို့ ဘောင်ဒရီ အချုပ်ခန်း၊ အမှတ်(ရ) ထောက်လှမ်းရေး၊ အင်းစိန်ကြိုးတိုက်၊ တချို့ အိပ်ဆောင် အသီးသီး ခွဲပို့ကြတယ်။ ခုနှစ်ကတော့ ၁၉၇၀မှာပါ။ အမှုတွဲ ကတော့ နှစ်(၅၀) ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင် လှုပ်ရှားမှုပါ။ မော်လမြိုင်၊ မန္တလေး၊ ရန်ကုန် ကျောင်းသားလှုပ်ရှားမှု ဖေါ်ထုတ်ဘို့ ပြင်ဆင်နေဆဲမှာ ထောက်လှမ်းရေးက သတင်းရပြီး အဖမ်းခံကြရတာပါ။ ဘောင်ဒရီ ငရဲခန်း အမှတ်(ရ) ထောက်လှမ်းရေး၊ အင်းစိန်ထောင် ကြိုးတိုက်တို့ရဲ့ ညှင်းပမ်း နှိပ်စက်တာကြောင့် တောင်ကြီး ကောလိပ်က ကျောင်းသား စောမူလယ်ဟာ နံရိုးမှာ ဒဏ်ရာတွေနဲ့ ထောင်တွင်းမှာဘဲ ကျဆုံး သွားရှာခဲ့ရတယ်။

ကရင် အမျိုးသားလေးပါ။ အသက် (၂၀) ဘဲရှိပါသေးတယ်။ မြင်းခြံက ကျောင်းသား တယောက်ကတော့ ဦးနှောက်ထိခိုက်ပြီး သွက်သွက်ခါအောင် ရူးသွားရှာတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ ဆိုကြတယ် လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်တဲ့၊ အခုတော့ အနာဂတ်တွေကို သင်းကွပ်နေတဲ့ အစိုးရဆိုတော့ ဘယ်လမ်းသွားနေလဲ ဆိုတာ စဉ်းစားတာ ကြည့်ကြပေတော့။

၁၉၇၀ ခုနှစ် စောစောပိုင်း ကာလ အထိမှာတောင် ပုဒ်မ (၅) မဖျက် သိမ်းရသေးဘူး။ ပုဒ်မ (၅) ဆိုတာ အခု (၅)ည နဲ့ အတူတူပါဘဲ။ သံသယနဲ့လည်း ဖမ်းနိုင်တဲ့ အမှုပါ။ နိုင်ငံရေးသမား ဆိုလိုက်ရင် ပုဒ်မ(၅)နဲ့ ဆွဲ ခံရမှာ သေခြာပါတယ်။ ယခု ပုဒ်မ (၅) ထောင် ကျဆောင်မှာ အနယ်နယ် အရပ်အရပ်က ကျောင်းသားတွေကို ခွဲပြီး ထားတယ်။ ကျနော့် ကိုတော့ အမှတ်(ရ) ထောက်လှမ်းရေးနဲ့ ဘောင်ဒရီမှာ တလကြာ စစ်ကြောတယ်။ တိုက်ပိတ်ခံရတယ်။ သီချင်းမဆိုရ၊ စာမရေးရ၊ စကားလှမ်း မပြောရ ဆိုတဲ့ စည်းကမ်းတွေကို ဖေါက်ဖျက် ဆန့်ကျင်လို့ ထောင်ဘာယာ (ထောင်ဝန်ထမ်း) တွေရဲ့ အမျိုးမျိုး ရိုက်နှက် နှိပ်စက်မှုတွေကို ခံခဲ့ရပါတယ်။ စာမရေးရ ဆိုပေမဲ့ ကျနော် ရင်ထဲအကြိတ်အခဲ အဖြစ်ခုနေလို့ စာရေးခဲ့ပါတယ်။ ကဗျာလေး တပုဒ်ပါပဲ။ မှတ်မှတ်ရရ ရှိပါသေးတယ်။ ဒီကဗျာလေးက ………

ဒင်းတို့ နှိပ်စက်
သွေးပွက်ပွက်ထွက်လည်း
ငါ၏ဘဝ
ဆုံးအံ့မထင်
တိုက်ပွဲဝင်

ဒီကဗျာကို ရေးမိလို့ (၁)လကျော် လုံးတီးဆန်ကြမ်း စားရပြီး၊ ရေချိုးခွင့်ပါ ပိတ်လိုက် ပါတော့တယ်။ နောက် ကျနော့်ကို အဆောင်(၅) ကို ပို့လိုက်ပါတော့တယ်။ အဆောင်(၅)ကို ပြန်ပို့လိုက်တော့ ကျနော်တို့နဲ့ လုပ်ဖေါ်ကိုင်ဖက်များကို ပြန်တွေ့လိုက်ရတယ်။ (၅)ဆောင်မှာ (၁)နှစ်ကျော် နေခဲ့ရတယ်။ အဲဒီတုံးက (၅) ဆောင်မှာ နိုင်ငံရေးသမားတွေကို ခွဲပြီးထားတယ်။ တောတွင်းက ဖမ်းမိသူများ၊ ဗမာပြည် ကွန်မြူနစ်ပါတီ မြေပေါ်လှုပ်ရှားမှုမှ ဖမ်းမိသူများ၊ ကေအမ်ယူပီ(ကရင်)မှ ဖမ်းမိသူများ၊ နောက် တက္ကသိုလ်နှစ်(၅၀) ရွှေရတုမှ ထိမ်းသိမ်းထားတဲ့ ကျောင်းသားများတွေနဲ့ သူတို့ အခေါ် သူပုန်တွေ တဆောင်လုံး ပြည့်လျှံနေပါတော့တယ်။

နောက် ကိုကိုးကျွန်းမှ ပြန်ရောက်လာကြတဲ့ ရဲဘော်များကို အဆောင် (၄)နဲ့ အဆောင် (၅) အောက်ထပ် မှာ (၁၀)ယောက် တခန်း (၁၅)ယောက် တခန်း ခွဲထားတယ်။ အဆောင်(၄) အဆောင်(၅)မှာ နိုင်ငံရေး အကျဉ်းသမားတွေနဲ့ ပြည့်နှက်နေတယ်။ ကျနော်တို့ တက္ကသိုလ် ရွှေရတုနှစ် (၅၀) အထိမ်းအမှတ် လှုပ်ရှားမှုနဲ့ အဖမ်းခံကြရတဲ့ ကျောင်းသားတွေလည်း နိုင်ငံရေးသမားတွေ ထောင်တွင်း ပြည့်လျှံလာတာ တွေ့ရလို့ အချင်းချင်းမှာတော့ အားတက်လာကြတယ်။

အဲဒီခေတ်က ထောင်တွင်းမှာ အဖွဲ့အစည် းတွေကလည်း စုံပါတယ်။ တဖွဲ့နဲ့တဖွဲ့ လျှို့ဝှက် ဆက်သွယ်ကြ၊ နိုင်ငံရေး တိုင်ပင် ဆွေးနွေးကြ၊ နိုင်ငံရေး လေ့လာမှုတွေ လုပ်ကြနဲ့ ထောင်တွင်းမှာ တဖြည်းဖြည်း လေ့လာရေး လှုပ်ရှားမှုတွေ ဖြစ်လာပါတော့တယ်။ အမှတ်(၄)ဆောင်နဲ့ အမှတ်(၅)ဆောင်လဲ လျှို့ဝှက် ဆက်သွယ်လို့ ရလာပါတော့တယ်။

အဲဒီတုန်းက ကျနော်တို့ ဆက်သွယ်ခဲ့တဲ့ နည်းက ဒီလိုပါ။ ဆေးလိပ် မီးနဲ့ ဆက်သွယ်တဲ့နည်းနဲ့ ထောင်နံရံကို လက်နဲ့ ပုတ်ရိုက်တဲ့ နည်းပါ။ ထောင်နံရံကို တချက်ရိုက်ရင် Aပါ နှစ်ချက်ရိုက်ရင် Bပါ၊ အတော်တော့ ခက်ရာခဲဆစ် အဆက်အသွယ် လုပ်ခဲ့ရတာပါ။

တရက်…. သေခြာပြော တညနေပေါ့ ထောင် ၀ါဒါတွေ ထမင်းစားနေတဲ့ အချိန်—။ ထောင်ကြပ်တွေ အလုပ်များနေတဲ့ အချိန်မှာ ကျနော်ဟာ ထောင်ဝါဒါတွေ အလစ်မှာ တဖက်အခန်းကို လေ့လာရေး စာစောင်(လျှို့ဝှက်) သွားပို့ခဲ့ပါတယ်။ ထောင်စည်းကမ်းအရ တခန်းနဲ့ တခန်း ဖြတ်သန်းခွင့် မရှိပါဘူး..။ ကျနော် သွားနေစဉ်မှာဘဲ ကျနော်နေတဲ့ အခန်းက တံခါးကို ၀ါဒါတယောက်က ပိတ်လိုက်ပြီး လူစစ်ဆေးပါတယ်။ အဲဒီအချိန်မှာ ကျနော်က တဖက်အခန်းမှာ ပိတ်မိနေပါလေရော။ ကျနော့်အခန်းကို ပြန်ဘို့ အချိန် မရတော့ပါဘူး။

ကျနော့် အိပ်ခန်းမှာ လူတယောက် လိုနေပါတော့တယ်။ ကျနော်လည်း တဖက်ခန်းက အိမ်သာ အတွင်းမှာ ၀င်ပုန်း နေပေမဲ့ ကျနော် ပြေးမလွတ်တော့ပါဘူး။ စာရွက် စာတမ်းတွေကိုတော့ အမြန်ဆုတ်ဖြဲပြီး ဆီးသွားတဲ့ ပုံးထဲ ထည့်လိုက်တယ်။ ကျနော့်ကို ထောင်ကြပ်က ဖမ်းခေါ်ပြီး ထောင်မှူးဆီ ခေါ်သွားတယ်။ ထောင်မှူးက ကျနော့်ကို တော်တော် နှိပ်စက်လိုက်တယ်။ ပါးတွေ နားတွေကို ဘယ်ပြန် ညာပြန်ရိုက်ပြီး အမှောင်တိုက်ကို ပို့ လိုက်တယ်။ အမှောင်တိုက် အတွင်းမှာ ရေဖြတ်တယ်။ နောက် မီးလည်း ဖြတ်လိုက်တယ်။ (၄) ပေပါတ်လည် အမှောင်တိုက် အတွင်းမှာ (၁)လကျော် နေခဲ့ရတယ်။ ဒီအမှောင်တိုက် အတွင်းမှာ နေ့နဲ့ ည ခွဲလို့ကို မရခဲ့ပါဘူး။ နေ့ပူ၊ ညပူနဲ့ အိပ်မရ၊ စားမရနဲ့ ဆင်းရဲ ပင်ပန်းတဲ့ ဘဝတွေကို ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီနောက်မှာ ကျနော့်ကို အထူးတိုက်ပို့ လိုက်ပါတယ်။

အထူးတိုက် ဆိုတာက မ.ဆ.လ(မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ခေတ်မှာ ပေါ်တာပါ။ သူတို့ ထဲက ပြစ်ဒဏ်ကျတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေကို ထားတဲ့နေရာပါ။ အထူးတိုက်မှာ တပါတ်လောက် တိုက်ပိတ်ခံရပြီး ကံကောင်းတယ်လို့ပဲ ဆိုမလား? လောက ငရဲက ကျွတ်ချိန် တန်တယ် ပြောရမလား? ၁၉၇၃ခုနှစ် ဧပရယ် ၁၃ရက်နေ့မှာ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ထောင်က ထွက်ခွင့် ရခဲ့ပါတယ်။ ထောင်ဗူးဝမှာ ရဲဘော်တွေနဲ့ ပြန်လည် ဆုံတွေ့ ခွင့်ရတယ်။

နိုင်ငံရေး သမားဟောင်းတွေလည်း တွေ့ရတယ်။ ကျွန်းပြန် ရဲဘော်တွေကိုလည်း တွေ့ရတယ်။ ထောင်က ထွက်ပြီး ရန်ကုန်မှာ ကျနော် ခဏနေပါတယ်၊ ပြီးမှ နယ်ပြန်ခဲ့တယ်။ မိဘ ဆွေမျိုးများနဲ့ ခဏနေပြီး ရန်ကုန်ကို ရည်ရွယ်ချက်ရှိရှိ ပြန်တက်ခဲ့တယ်။ ရန်ကုန်ကို ပြန်တက်ခဲ့ရတဲ့ ကိစ္စက ထောင်တွင်းမှာ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ ဆွေးနွေး ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖေါ်ရေးကိစ္စပါ။ အပြင်မှာ ကျန်နေသေးတဲ့ ရဲဘော်များနဲ့ စုပေါင်းပြီး လှိုု့ဝှက် ဆွေးနွေးပွဲ ကိစ္စတွေလုပ်ဖို့ ပြင်ဆင်ကြပါတယ်။ အဓိက လုပ်ဖို့က  စနစ်တခု ပြောင်းဖို့ အတွက် လွတ်မြောက်ဒေသကို ထွက်ခွာဖို့ပါဘဲ။

ဒီလဟာ ဗမာ့သမိုင်းမှာ ရက်စဉ်အလိုက် အမြဲတမ်း သမိုင်းတင် သမိုင်းဝင်ရက်တွေ ပြည့်လျှံနေပြီး၊ အနောက်တောင် မုတ်သုန်လေ နဲ့ အတူ ဇူလိုင် မိုးစက်များ ရွာသွန်းတာဟာ ကျောင်းတော်သားတွေရဲ့ သွေးစက်တွေနဲ့ ဖျန်းပက် လိုက်သလို တနုတ်နုတ် ခံစားရတယ်လို့ အသက်နဲ့ ရင်းခဲ့တဲ့ ကျောင်းတော်သား တဦးက တခုတ်တရ ပြောပြဖူးတာ ဒီချိန် ဒီရာသီရောက်တိုင်း ကြားယောင် နေမိတော့တယ် ။

ဘဝင်း ( ဆဲဗင်းဇူလိုင် ကျောင်းသားဟောင်း တဦး )

LEAVE A REPLY

Please enter your comment!
Please enter your name here