အီရန်တွင် ဆန္ဒပြသူများ အား ဖမ်းဆီးမှုများ ထပ်မံပြုလုပ်နေ

alt

အီရန် အစိုးရအနေနှင့် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများနှင့် စပ်လျဉ်းပြီး နောက်ထပ် ဖမ်းဆီးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ဇူလိုင်လ (၂)ရက်နေ့က ကြေညာ လိုက်သည်။

သေဆုံးသူ (၂၀)ထက် မနည်း တဟီရန်မြို့တော် ဆန္ဒပြပွဲအတွက် အတိုက်အခံ ခေါင်းဆောင်များကို အီရန် အစိုးရက စွဲချက်တင် ထားသလို နောက်ထပ်လည်း ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ရန် စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် အီရန် အစိုးရသည် ဆန္ဒပြ ပြည်သူ (၁၀၀၀)ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်သလို နိုင်ငံတော် တည်ငြိမ်မှုကို ပျက်ပြားစေသည် ဟူသော စွပ်စွဲချက်ဖြင့် နောက်ထပ် ဖမ်းဆီးမှုများ ပြုလုပ်ရန် ပြင်ဆင်နေသည်။

အထူးသဖြင့် ဇွန်လ အတွင်းက ရွေးကောက်ပွဲ ၀င်ခဲ့သည့် သမတလောင်း (၁၂)ဦး၏ အခြေအနေကို အီရန် ထောက်လှမ်းရေးက လေ့လာနေကြောင်း သိရှိရသည်။ ဆန္ဒပြပွဲများ အတွင်းက အီရန် ရဲများ၏ ပစ်ခတ် နှိမ်နင်းမှုကြောင့် အဖွဲ့ဝင်(၈)ဦး သေဆုံးသွားသည့် ABasij အဖွဲ့မှ အခြားသော အစိုးရ ဆန့်ကျင်သူ များကိုလည်း အီရန် ရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေလျှက်ရှိသည်။

အီရန် အစိုးရပိုင် သတင်းဌာနများက ဇူလိုင် (၂)ရက်နေ့ညက အစိုးရ ဆန့်ကျင်ရေး စည်းရုံး လှုံ့ဆော်သူ နောက်ထပ် (၇)ဦးကို ဖမ်းဆီးလိုက်ကြောင်း အတည်ပြု ကြေညာလိုက်သည်။ ထိုသူများသည် မြို့တော် တဟီရန်နှင့် နိုင်ငံမြောက်ပိုင်းရှိ ကွာဇစ် တို့မှ ဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့အပြင် နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားရေး အတွက် သွေးထိုး လှုံ့ဆော်ခဲ့သူများအား ဆက်လက် ရှာဖွေနေကြောင်းလည်း အစိုးရပိုင် ရုပ်မြင်သံကြားဌာနက ကြေညာချက်များတွင် ထုတ်ပြန် ကြေညာသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here