အမေရိကန် ခလေးငယ် စပါးကြီးမြွေကြောင့် သေဆုံးရ

alt

အမေရိကန် နိုင်ငံတွင် (၂)နှစ်အရွယ် မိန်းကလေး တစ်ဦးအား အိမ်မွေး စပါးကြီးမြွေ တစ်ကောင်က သတ်ဖြတ်လိုက်သည့် ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သိရှိရသည်။

ဖလော်ရီဒါတွင် နေထိုင်သည့် ကလေးမလေးမှာ အိပ်ပျော်နေစဉ် စပါးကြီးမြွေက လာရောက် ရစ်ပတ် သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံး ခဲ့ရရှာသည်။ ရှောင်နာ ဟာရာသည် ဇူလိုင်လ (၁)ရက်နေ့က အိပ်ရာထဲတွင် ရှိနေစဉ် အတွင်း မြန်မာနိုင်ငံတွင် အတွေ့ရများသည့် ရှစ်ပေရှည်သော မြွေကြီးကြောင့် သေဆုံးခဲ့ကြောင်း ဖလော်ရီဒါ ရဲတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့သည်။

ရှောင်နာ့ မိခင်၏ ချစ်သူဖြစ်သော ဂျေဆန်ဒါနယ် မွေးထားသည့် မြွေကြီးသည် ညဘက်တွင် လှောင်အိမ်မှ လွတ်မြောက်သွားပြီး ကလေးမလေးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဂျေဆန်က ညဘက် တရေးနိုးစဉ် မြွေကြီး လွတ်နေသည်ကို သိရှိသည်နှင့် ရှောင်နာအတွက် စိုးရိမ်စွာဖြင့် အိပ်ခန်းထဲသို့ ပြေးဝင် ကြည့်ရှုခဲ့သော်လည်း အသက် မမီတော့ပေ။ မြွေကြီး၏ ကိုက်ခဲမှုကြောင့် ရှောင်နာ၏ ဦးခေါင်းတွင် သွေးများ ထွက်နေသည့် ဒဏ်ရာများကိုသာ တွေ့မြင် လိုက်ရတော့သည်။

အလွန်ကြောက်ရွံ့သွေးပျက်နေသည့် ဂျေဆန်တို့ စုံတွဲသည် ချက်ချင်းပင် အရေးပေါ်ဌာနသို့ အကြောင်းကြားခဲ့ပြီး ရဲများ ရောက်လာချိန်တွင် ကွယ်လွန်ပြီး ဖြစ်သည့် ကလေးမ လေးကိုသာ ကြေကွဲဖွယ် တွေ့မြင် ရတော့သည်။ မြွေကြီးကို ရဲများက သယ်ဆောင်သွားပြီး သတ်ပစ် လိုက်ကြောင်း သိရှိရသည်။

အမေရိကန်တွင် စပါးကြီးမြွေများကို အိမ်မွေး တိရစာ္ဆန်အဖြစ် မွေးမြူလေ့ရှိရာ (၁၉၈၀) နောက်ပိုင်း အဆိုပါ အိမ်မွေး စပါးကြီးမြွေများကြောင့် သေဆုံးသူ (၁၂)ဦးထက် မနည်း ရှိခဲ့ပြီး ရှောင်နာ အပါအဝင် ကလေး(၅)ဦး ပါ၀င်ကြောင်း သိရှိရသည်။

ရှောင်နာကို သတ်ဖြတ်ခဲ့သည့် မြန်မာ့ စပါးကြီးမြွေများသည် အရှည်(၂၆)ပေထိ ကြီးမားတတ်ပြီး အလေးချိန် (၉၀)ကီလိုဂရမ် အထိ ရှိတတ်ကြောင်း သိရပြီး ရှောင်နာ၏ ဖြစ်ရပ်ကို သင်ခန်းစာယူပြီး ငယ်ရွယ်သော ကလေးများရှိသည့် အိမ်များတွင် အန္တရာယ်ရှိသော အိမ်မွေး တိရစာ္ဆန်များ မွေးခြင်းကို ဆင်ခြင်သင့်ကြောင်း ရဲဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here