ဂျွန်တယ်ရီ အား မန်စီးတီး မှ ကမ်းလှမ်းမှု ချဲလ်ဆီး ပယ်ချ

alt

မန်ချက်စတာ စီးတီး က ချဲလ်ဆီး ကပ္ပတိန် ဂျွန်တယ်ရီအား ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့သော်လည်း လန်ဒန် အခြေစိုက် ချဲလ်ဆီး အသင်းကြီးက ချက်ချင်း လက်ငင်း ပယ်ချခဲ့ကြောင်း သိရှိရသည်။

မန်ချက်စတာ စီးတီးပိုင်ရှင် ရှိတ်မန်ဆာသည် အင်္ဂလန် လက်ရွေးစင် နောက်ခံလူ တယ်ရီအား နှစ်သက်သူ တစ်ဦးဖြစ်ပြီး မန်ချက်စတာ စီးတီးတွင် အသင်းခေါင်းဆောင် လက်ပတ်ကို ၀တ်ဆင်ထားသည့် တယ်ရီအား တွေ့မြင်လိုကြောင်း ပြောကြား ခဲ့ဖူးသည်။ ဇူလိုင်လ (၂)ရက် နေ့က တယ်ရီအတွက် မန်ချက်စတာ စီးတီးက ပေါင်သန်း(၃၀)ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ချဲလ်ဆီးဘက်မှ ချက်ချင်း ပယ်ချခဲ့သည်။

ထိုနှစ်သင်းသည် မန်ချက်စတာ စီးတီးမှ (၁၉)နှစ် အရွယ် သွေးသစ် တိုက်စစ်မှူးလေး ဒင်နီရယ် စတားရစ်၏ အပြောင်းအရွှေ့ ကိစ္စအတွက် မပြေလည်မှုများ ဖြစ်ပေါ် နေကြောင်းလည်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ တယ်ရီအား မည်သို့သော အခြေအနေတွင်မှ မရောင်းနိုင်ကြောင်း ချဲလ်ဆီးက အတိအလင်း ကြေညာကာ မန်ချက်စတာ စီးတီး၏ ကြိုးပမ်းမှုကို ငြင်းဆန် လိုက်သည်။

ချဲလ်ဆီးအသင်းမှ ကြေညာချက် တစ်ခုတွင် အသင်းအနေနှင့် မန်ချက်စတာ စီးတီးမှ တယ်ရီအတွက် ကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း အတည်ပြုသည်ဟု ပါရှိခဲ့သည်။ မန်ချက်စတာ စီးတီး အသင်းသည် ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ လက်မှ အဘူဒါဘီ ကုဋေကြွယ် သူဌေးများက ၀ယ်ယူခြင်း ခံရပြီး ကတည်းက ကမာ္ဘ့ အဆင့်ရှိ ဘောလုံးသမားများကို စာချုပ် ချုပ်ခေါ်ယူနိုင်ရန် အသည်းအသန် ကြိုးပမ်းလျှက် ရှိသည်။

ချဲလ်ဆီး အသင်း၏ ငြင်းပယ်မှုကြောင့် အသင်းနောက်တန်း အင်အားကို ဖြည့်ဆည်းနိုင်ရန် မျှော်လင့်နေသည့် မန်ချက်စတာ စီးတီးနည်းပြ မတ်ဟုချ် အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ ရကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here