ဘန်ကီမွန်း၊ ဒေါ်စု နှင့် မြန်မာပြည် ခရီးစဉ်အတွင်း တွေ့ဆုံခွင့် မရတော့

alt

မြန်မာနိုင်ငံ သို့ ရောက်ရှိ နေသည့် မစ္စတာ ဘန်ကီမွန်း သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ယနေ့ စနေနေ့တွင် နေပြည်တော်၌ မိနစ် ၃၀အကြာ ထပ်မံတွေ့ဆုံ ဆွေးနွေး ပြောဆိုခွင့် ရရှိ ခဲ့သော်လည်း၊

ဒေါ်အောင်ဆန်းစုကြည် နှင့် တိုက်ရိုက် တွေ့ဆုံခွင့် ရရှိရန် တောင်းဆိုချက်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က လက်မခံ ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သည် အင်းစိန် အထူး တရားရုံးတွင် တရားစွဲဆို ခံနေရသည့် အတွက် မဖြစ်နိုင်ကြောင်း ၊ သူအနေဖြင့် တရားစီရင်မှု လုပ်ငန်းစဉ်ကို ဝင်ရောက် စွက်ဖက် ချယ်လှယ်ရန်၊ ဟန့်တားရန် မလုပ်လိုကြောင်း ပြောဆိုခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို တွေ့ဆုံအပြီးတွင် သတင်းထောက်များ အား မစ္စတာ ဘန်ကီမွန်း က ပြောဆိုလိုက်သည်။

မစ္စတာ ဘန်ကီမွန်း က သူ့ အနေဖြင့် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ခွင့် ရတော့မည် မဟုတ်ကြောင်း၊ ထိုအတွက် မိမိ စိတ်ပျက်မိကြောင်း၊ မြန်မာ စစ် ဗိုလ်ချုပ်များ အနေနှင့် အရေးကြီးသော အခွင့်ရေးတခု လက်လွှတ် ဆုံးရှုံးရတဲ့ အတွက်လည်း ဝမ်းနည်း မိပါကြောင်း၊ သတင်ထောက်များ ကို ထည့်သွင်း ပြောဆိုသွားခဲ့သည်။

မစ္စတာ ဘန်ကီမွန်း က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို ဆွေးနွေး ခဲ့ရာတွင် နိုင်ငံရေး အကျဉ်သား ၂ ထောင်ကျော် လွတ်မြောက်ရေး နှင့် လွတ်လပ်ပြီး၊ တရား မျှတသည့် ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ရေး၊ နိုင်ငံတကာ မှ လေ့လာစောင့်ကြည့်ရေး အဖွဲ့များ ထားရှိမည့် အရေးတို့ကို ပြောဆို  ဆွေးနွေးခဲ့ကြောင်း၊ မြန်မာ စစ်အစိုးရ အနေဖြင့် မည်မျှ လိုက်လျော မည်ကိုစောင့်ကြည့် ရမည်သာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

စကာင်္ပူတွင် ဝင်ရောက် ရပ်နားစဉ် စင်ကာပူ ဝန်ကြီးချုပ် နှင့် တွေ့ဆုံစဉ် ကာလအတွင်း မစ္စတာ ဘန်ကီမွန်း က သတင်းထောက်များ ကို စစ် ဗိုလ်ချုပ်ကြီးများ ကို နားချရ ခက်ခြင်းကြောင့် သူ၏ ခရီးစဉ် အောင်မြင်ရေးမှာ ခက်ခဲလှကြောင်း ပြောဆိုလိုက်ပြီး၊ “ကျနော် မြန်မာပြည်ကို မသေချာ မရေရာမှုတွေနဲ့ သွားရောက်ရမှာ” ပါ၊ “အကောင်းဆုံး အပြောင်းအလဲ အတွက် ကျနော်တို့ ကြိုးစား သွားမှာပါ။ ကျနော် အကောင်းဆုံး ကြိုးစားပါ့မယ်။ ဒါပေမယ့် အခု ခရီးစဉ် က အပြောင်းအလဲ တခု ဖြစ်လာဖို့တော့ ခက်ခဲ ပါလိမ့်မယ်”လို့ ဟု တင်ကြိုပြောဆို ခဲ့ဘူးသည်။

သတင်းစာဆရာကြီး လူထုစိန်ဝင်းက “UN ဆိုတာ သွားမပါတဲ့ ကျားအိုကြီးမှန်း ဒီက ဗိုလ်ချုပ်တွေ က သိပြီးသားပါ။ အခု ကိစ္စက မြင်းက မလှုပ်ဘဲ ခုံက လှုပ်သလို ဖြစ်နေတယ်။ တရုတ် ကပဲ တိုုက် တွန်းတွန်း၊ ရုရှား ကပဲ တိုက် တွန်းတွန်း ပြည်တွင်း က စစ်အစိုးရရဲ့ အဓိက အတိုက်အခံ ပါတီကြီး က ဘာမှမလုပ်ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ မစ္စတာ ဘန်ကီမွန်း ရဲ့ခရီးစဉ် က အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ကြိုတင် ပြောဆို ထားပြီးဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင် က “ရှေ့ပြေးလာတဲ့ မစ္စတာ ဂန်ဘာရီက ခိုးကြောင်ခိုးဝှက် နီးပါး လာခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း တယောက်တည်း နဲ့ တွေ့ခဲ့တယ်။ အဲဒီ ကတည်းက မစ္စတာဘန်ကီမွန်း လည်း ခါတိုင်းလိုပဲ စစ်အစိုးရ ပြောတာ လုပ်သွားပြီး ပြန်သွားရမှာပဲလို့ ထင်ခဲ့တယ်” ဟု ပြောဆို ခဲ့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here