ပြင်သစ် ခရီးသည်တင် လေယာဉ် သမုဒ္ဒရာ ရေပြင်နှင့် ရိုက်မိခဲ့ကြောင်း ကောက်ချက်ချ

alt

အပြီးသတ် စုံစမ်းမှုများအရ ပြင်သစ် လေကြောင်းလိုင်း လေယာဉ်ခရီးစဉ် အမှတ်(၄၄၇) သည် အန္တလန္တစ် သမုဒ္ဒရာ ရေပြင်ကို ၀မ်းဗိုက်နှင့် အရင် ရိုက်မိပြီး ကျိုးပဲ့ ပျက်စီးသွားကြောင်း ပညာရှင်များက ကောက်ချက်ဆွဲ အတည်ပြု လိုက်သည်။

ထိုအခြေအနေတွင် လေယာဉ်ပေါ်ပါ ခရီးသည်များ အနေနှင့် အသက်ကယ် အင်္ကျီကို လက်လှမ်းချိန်ပင် ရလိုက်ဖွယ် မရှိကြောင်း သိရှိရသည်။ လေယာဉ်ကြီးသည် အမြင့်ပေ (၃၅၀၀၀)မှ စက္ကန့်ပိုင်း အတွင်း အရှိန်နှင့် ကျဆင်းပြီး ရေပြင်နှင့် ရိုက်မိ ခဲ့ဖွယ်ရှိကြောင်း ပညာရှင်များက ဆိုသည်။

ဇွန်လဆန်းက ပျက်ကျခဲ့သည့် လေယာဉ်မှ သေတ္တာနက်များ ရှာဖွေရေး စီမံကိန်းကို ပြင်သစ်နှင့် ဘရာဇီး ရေတပ်များက လက်လျှော့ လိုက်ပြီးနောက် ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။ စုံစမ်းရေးအဖွဲ့ အကြီးအကဲ ဖြစ်သူ အလိန်းဘူးလက် က ယခင် တွေးထင်ချက်များကဲ့သို့ လေယာဉ်သည် လေထုထဲတွင် ပေါက်ကွဲခဲ့ခြင်း မဟုတ်ကြောင်း၊ ရေပြင်နှင့် ပြင်းထန်စွာ ရိုက်မိသဖြင့် ရေပြင်ညီ အနေအထားမှ ထောင်တက်သွားပြီး ကျိုးပဲ့သွားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် လေယာဉ်မြန်နှုန်း တိုင်းတာရေး ကိရိယာ ချွတ်ယွင်းမှုသည် စဉ်းစားရမည့် အချက်တစ်ခု ဖြစ်သော်လည်း လေယာဉ် ပျက်ကျရသည့် အကြောင်းရင်း မဟုတ်သေးဟုလည်း ဘူးလက် က ရှင်းလင်း ပြောကြားသွားသည်။ လေယာဉ်ပျက်ကို ရှာဖွေသူများသည် ရေထဲတွင် ပေါလောမြောနေသည့် လေယာဉ်မီးဖိုခန်းနှင့် လုံးဝ အသုံးမပြုခဲ့ရသည့် အသက်ကယ် အင်္ကျီများကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။

ပြင်သစ်နှင့် ဘရာဇီးရေတပ်က လေယာဉ်ပျက်မှ ကြွင်းကျန် ရုပ်အလောင်းများကို ဆက်လက် ရှာဖွေဦးမည် ဖြစ်ကြောင်း ကြေညာထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here