āယီမင် ခရီးသည်တင် လေယာဉ်မှ သေတ္တာနက် ရှာဖွေတွေ့ရှိ

alt

အိန္ဒိယ သမုဒ္ဒရာအတွင်း ပျက်ကျသွားသည့် ယီမင် ခရီးသည်တင် လေယာဉ်မှ သေတ္တာနက် တလုံးကို ရှာဖွေ တွေ့ရှိပြီဖြစ်ကြောင်း သိရှိရသည်။

ဇွန်လ (၃၀)ရက်နေ့က လူ(၁၅၃)ဦး လိုက်ပါလာသည့် ယီမင်လေကြောင်းမှ ခရီးသည်တင် လေယာဉ်အမှတ် IY626 တွင် ပြင်သစ်လူမျိုး (၆၆)ဦး ပါသွားခဲ့ပြီး ယခုအခါ ပြင်သစ် ရေတပ်ကပါ ရှာဖွေရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နေပြီဖြစ်သည်။

ခရီးသည်များ အနက် အသက် (၁၄)နှစ် အရွယ် မိန်းကလေး တစ်ဦးကိုသာ အသက်ရှင်လျှက် တွေ့ရပြီး ကျန်သူများ၏ ရုပ်အလောင်းများကို ရှာဖွေနေဆဲ ဖြစ်သည်။ ယီမင်မြို့တော် ဆာနေး မှ ကိုမိုရို သို့ ဦးတည် ပျံသန်းလာသည့် လေယာဉ်မှ မှတ်တမ်းတင် ကိရိယာဖြစ်သော သေတ္တာနက် တလုံး ရေပေါ် မျောနေသည်ကို ဇွန်လ (၃၀)ရက်နေ့က ကင်းလှည့် လေယာဉ်တစ်စင်းက ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယီမင်လေကြောင်း ထိန်းသိမ်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြင်သစ်စစ်ဘက် သင်္ဘောတစင်းသည် လေယာဉ်ပျက်ကျရာ နေရာအနီးတွင် ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဆက်လက် ပြောဆိုခဲ့သည်။ အဆိုပါ ခရီးသည်တင် လေယာဉ်ကြီးသည် ရာသီဥတု ဆိုးရွားမှုကြောင့် ယခုလို ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းများတွင် ဖေါ်ပြခဲ့ကြသည်။

Airbus အမျိုးအစား လေယာဉ်များ အနက် ယခု လေယာဉ်သည် လတ်တလော ကာလများ အတွင်း ဒုတိယအကြိမ် ပျက်ကျခြင်းဖြစ်ပြီး ဇွန်လ (၁)ရက်နေ့ ကလည်း ပြင်သစ် လေကြောင်းလိုင်း ခရီးစဉ် (၄၄၇)လေယာဉ်သည် ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုး မှ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်သို့ ဦးတည်ပျံသန်းစဉ် အတ္တလန္တစ် သမုဒ္ဒရာအတွင်း ပျက်ကျခဲ့သဖြင့် လူ(၂၂၈)ဦး သေဆုံးခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here