ရုရှား နိုင်ငံတွင် အာဏာဖြင့် ကာစီနိုရုံများ ပိတ်ပင်

alt

ရုရှားအစိုးရ သည် နိုင်ငံတဝှမ်းမှ ကက်စီနို နှင့် အခြားသော လောင်းကစားရုံ ထောင်ဂဏန်းမျှကို ဇူလိုင်လ (၁)ရက်နေ့မှ စတင်ပြီး ပိတ်ခိုင်းလိုက်ကြောင်း သိရသည်။

ဥပဒေတရပ် ထုတ်ပြန်ပြီး လောင်းကစားမှုများကို တားမြစ်ကြောင်း ပြဌာန်းသည့် အစီအစဉ်ကို အကောင်အထည် ဖော်သူမှာ ဗလာဒီမာ ပူတင် ဖြစ်ပြီး ၎င်း၏ တောင်းဆိုမှုကြောင့် ယခု အစီအစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့် (၃)နှစ် ကတည်းက ထို အစီအစဉ် အတွက် ကြိုးပမ်း နေခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ရွှေ့ဆိုင်းနေခဲ့ရ ခြင်းဖြစ်သည်။

ကက်စီနို လောင်းကစားရုံများသည် ငွေကြေး ယိုဖိတ်မှုနှင့် ဒုစရိုက် လုပ်ငန်းများသို့ ဆက်စပ်နေကြောင်း ရုရှား အစိုးရက ကြေညာပြီး ယခုကဲ့သို့ ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ ကာစီနိုရုံများ ပိတ်ပစ်မှု အတွက် အစိုးရက အလုပ်အကိုင်နေရာ (၆၀၀၀၀) ခန့် ဆုံးရှုံး သွားနိုင်ကြောင်း ကြေညာခဲ့သော်လည်း သတင်းများက အလုပ်နေရာ (၄၀၀၀၀၀) အထိ နစ်နာဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။

မေလ ကတည်းက အကောင်အထည်ဖော် ခဲ့သော စီမံကိန်း အတွက် ဇူလိုင် (၁)ရက် နေ့ကို နောက်ဆုံးရက် သတ်မှတ် ပေးထားပြီး ထိုနေ့တွင်မူ မော်စကို မြို့တော်ရှိ နာမည်ကျော်သော ကာစီနိုရုံ များရော၊ လူ သိပ်မသိသေးသည့် လောင်းကစား ဌာနများပါ ပိတ်ပစ်ခြင်း ခံရကြောင်း သိရှိသည်။ ရဲများသည် သတ်မှတ်ချိန် ရောက်သည်နှင့် ရုံအသီးသီးသို့ ရောက်လာပြီး တံခါးများကို အတင်း အကြပ်ပိတ်စေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

မော်စကို မြို့တော်သည် လက်စ်ဗေးဂက်စ် နှင့် မိုင်ယာမီ တို့ထက် ကာစီနိုရုံ အရေအတွက် ပိုမို များပြားကြောင်း နာမည်ကြီးနေပြီး စတိုးဆိုင်များ၊ မြေအောက်ရထား ဘူတာများ အပြင် စာသင်ကျောင်း နှင့် ဘုရားကျောင်းများ အနီးအထိ အကြွေစေ့ ထည့်ရသည့် လောင်းကစား စက်များ တပ်ဆင်ထားပြီး ထိုအခြေအနေကို ပြောင်းလဲရန် ရုရှား အစိုးရက ကြိုးပမ်းလျှက် ရှိကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here