ဘန်ကီမွန်း၊ ဒေါ်စု နှင့် တွေ့ဆုံခွင့် မရ

alt

မြန်မာနိုင်ငံ သို့ ရောက်ရှိ နေသည့် မစ္စတာ ဘန်ကီမွန်း သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ယနေ့ သောကြာ နေ့တွင် နေပြည်တော်၌ ၂ နာရီ အကြာ တွေ့ဆုံ ဆွေးနွေးခွင့် ရရှိခဲ့ သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် တိုက်ရိုက် တွေ့ဆုံခွင့် ရရှိရန် တောင်းဆိုချက် ကို

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က လက်မခံ ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူး တရားရုံးတွင် တရားစွဲဆို ခံနေရသည့် အတွက် မဖြစ် နိုင်ကြောင်း ပြောဆို ခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို တွေ့ဆုံ အပြီး၊ သတင်းထောက်များ အား မစ္စတာ ဘန်ကီမွန်း က ပြောဆိုခဲ့သည်။ သိုသော်လည်း မစ္စတာဘန်ကီမွန်း က သူ့အနေ ဖြင့် မြန်မာ စစ်အစိုးရ က သူ၏ အရေးတယူ တောင်းဆို ထားချက်ကို ပြန်လည် တု့ံပြန့် လာမည်ဟု ထင်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

မစ္စတာဘန်ကီမွန်း ယနေ့ အနှောင်းပိုင်းတွင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့်ပါ တွေ့ဆုံရန် ရှိကြောင်း သိရှိရပြီး၊ မနက်ဖန်တွင် နာဂစ် မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ သွားရောက်မည် ဟု မျှော်လင့်ကြောင်း နေပြည်တော်သို့ သွားရောက် သတင်းယူနေသည့် ဂျာနယ် သတင်းစာ ဆရာတဦး က လူထုအသံ ကို ပြောဆိုသွားခဲ့သည်။

မြန်မာ့အရေး လေ့လာသူတချို့ ကတော့ တရားဥပဒေ အတိုင်း ဖြစ်ရပါစေမယ့် လို့ မစ္စတာဘန်ကီမွန်း အား မပြောယုံတမယ် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး၊ ယခုလို ငြင်းပယ် ခံရခြင်း သည့် ကုလသမဂ္ဂ အနေဖြင့် မြန်မာ့ အရေး ကြိုးပမ်းဆောင်ရွက် နေမှုကို မြန်မာ စစ်အစိုးရ အနေဖြင့် လက်မခံ၊ အသိအမှတ် မပြုကြောင်းကို ထင်သာမြင်သာ သည်ဟု သုံသပ် ပြောဆို ခဲ့သည်။

ကုလသမဂ္ဂ ၏ သတင်းထုတ်ပြန် ထားချက်အရ မစ္စတာ ဘန်ကီမွန်း သည် မြန်မာ စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ ကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ကိစ္စကို တောင်းဆိုမည် ဖြစ်ပြီး စစ်အစိုးရ နှင့် အတိုက်အခံ တို့ကြား အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆွေးနွေးမှု ပြန်လည် ဖော်ဆောင်ရန် နှင့် ၂၀၁၀ ရွေးကောက်ပွဲ ကို အများ လက်ခံသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရေး တို့အတွက် ဆွေးနွေးရန် ရှိသည်ဟု ဖေါ်ပြ ထားခဲ့သော် လည်း၊ ယခုလို တွေ့ဆုံခွင့် ငြင်းပယ် ခံရခြင်းကြောင့် မစ္စတာဘန်ကီမွန်း ၏ ခရီးစဉ် သည် မူလက အတိုက်အခံ အင်းအားစုများ၊ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ သုံးသပ် ပြောဆိုနေသလို မြန်မာ စစ်အစိုးရ ၏ ဝါဒဖြန့်ချီရေး အတွက် အသုံးချ ခံရသည့် ခရီးစဉ်သာ ဖြစ်ကြောင်းသာ ပေါ်လွင်လျှက် ရှိနေသည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here