နာဂစ်တွင် ကူညီခဲ့ကြသော အဖွဲ့များအား ဘန်ကီမွန်း က ဂုဏ်ပြုပွဲ ပြုလုပ်ပေးမည်

alt

နာဂစ် သဘာဝ ဘေးဆိုးတွင်  ကူညီ ခဲ့ကြသော စေတနာရှင် အဖွဲ့များအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် မစ္စတာ ဘန်ကီမွန်း က ရန်ကုန်မြို့ ကျွန်းတောလမ်း ရှိ မူးယစ် ဆေးဝါး ဆန့်ကျင်ရေး ပြတိုက်၌ ဂုဏ်ပြုပွဲ ပြုလုပ် ပေးမည် ဖြစ်ကြောင်း၊

နိုင်ငံခြား ဝန်ကြီးဌာန၏ ဖိတ်စာကို လက်ခံ ရရှိထားသည့် လူမှုရေး အဖွဲ့တခုမှ လူထုအသံ အား အတည်ပြု ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ သို့ ရောက်ရှိ နေသည့် မစ္စတာ ဘန်ကီမွန်း သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ယနေ့ သောကြာနေ့ နံနက် ၁၁ နာရီ တွင် နေပြည်တော်၌ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် တွေ့ဆုံခဲ့ပြီး၊ ညနေပိုင်းတွင် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့်ပါ တွေ့ဆုံရန် ရှိသေးကြောင်း၊ မနက်ဖန် ( စနေနေ့ ) မနက် ၉ နာရီခွဲ တွင် လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ထပ်မံ တွေ့ဆုံရန် ရှိသေးသည်ဟု ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ် မာရီ အိုကဘီ က ပြောဆိုလိုက်ကြောင်း သိရှိရသည်။

ယခု ခရီးစဉ် အတွင်း မြန်မာ စစ်အစိုးရ အနေနှင့် နိုင်ငံရေး လှည့်ကွက်များ သုံးပြီး အကျိုးအမြတ် ထုတ်မည်ကို အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က စိုးရိမ် နေကြောင်း၊ အထူးသဖြင့် မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား အမှု စစ်ဆေးနေသည့် အခြေအနေမျိုးတွင် မြန်မာ နိုင်ငံသို့ လာရောက်ခဲ့ခြင်းသည် ဘန်ကီမွန်း၏  အလုပ်မဖြစ်မှုများ အတွက် သိက္ခာကျစရာ စိတ် မသက်သာစရာ ဖြစ်နေကြောင်း သတင်းများ က  ဆိုနေကြသည်။

ယနေ့ နံနက် ဘန်ကီမွန်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံရာတွင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့် တောင်းဆိုခဲ့ရာ ခွင့်ပြုချက် မရ ရှိခဲ့သော်လည်း၊ မနက်ဖန်တွင် တွေ့ဆုံခွင့် ရရန် မျှော်လင့်လျှက်သာ ရှိနေကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here