အေစီအသင်း၏ တိုက်စစ်မှူး ရှာဖွေရေး စပိန်သို့ အာရုံစိုက်လာ

alt

အီဒင်ဒက် ဇကို နှင့် အီမန်နျုရယ် အဒီဘာယော တို့ကို ခေါ်ယူရန် အဆင်မပြေ ဖြစ်ခဲ့ပြီး နောက် အီတလီ ထိပ်သီး အေစီမီလန် အနေနှင့် ၎င်းတို့၏ တိုက်စစ်မှူး ရှာဖွေရေး စီမံကိန်းအား စပိန်မြေသို့ ဦးလှည့် လိုက်ပြီဖြစ်သည်။

သတင်းများ အရ အေစီမီလန်သည် ရီးရဲလ် မက်ဒရစ် မှ နယ်သာလန် လက်ရွေးစင် ကလက်ဂျန် ဟန်တယ်လား နှင့် ဆီဗီလာ အသင်းမှ ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး လူးဝစ် ဖာဘီယာနို တို့ နှစ်ဦးကို ပစ်မှတ် ထားနေကြောင်း သိရှိရသည်။

မူလက မီလန်သည် အဒီဘာယော အား ၀ယ်ယူနိုင်ရန် အာဆင်နယ် အသင်းနှင့် သဘောတူညီမှု ရရှိခဲ့သေးသော်လည်း တိုဂို လက်ရွေးစင်က တနှစ် ကစားကြေး ပေါင်(၄.၅)သန်း တောင်းဆိုခဲ့မှုကြောင့် အဆင်မပြေခဲ့ပေ။ မီလန် အနေနှင့် အဒီဘာယော အား တနှစ်လျှင် ပေါင်(၄)သန်း အောက် လုပ်ခဖြင့်သာ ကမ်းလှမ်းခဲ့သဖြင့် သဘောတူညီမှု ပျက်ပြယ်ခဲ့ရသည်။

ထို့ကြောင့် ကွန်ဖရက်ဒေးရှင်း ဖလားတွင် ဂိုးသွင်း ဘုရင်ဖြစ်ခဲ့သော ဖာဘီယာနို အား အေစီမီလန်က မျက်စိ ကျလာခဲ့သလို တဖက်ကလည်း လူသစ်များ ၀ယ်ယူ စုဆောင်းနေသည့် ရီးရဲလ် မက်ဒရစ်တွင် အထိုင် မကျဖြစ်နေသော ဟန်တယ်လား အား စုံစမ်းနေခဲ့သည်။

အေစီမီလန် အသင်းမှ တာဝန်ရှိသူများက ၎င်းတို့သည် အသင်းမှ တိုက်စစ်မှူး အလက်ဇန်းဒါး ပါတို အား ရောင်းထုတ်မည် မဟုတ်ကြောင်း အတည်ပြုထားသလို ၎င်းနှင့် တွဲကစားရန် ထိပ်တန်း တိုက်စစ်မှူးတစ်ဦး ခေါ်ယူ သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here