၀က်တုပ်ကွေးက တော်တော် မယ်ဘော်က ကဲကဲ

၀က်တုပ်ကွေးတွေ စဖြစ်ကာစ မက္ကစီကို နိုင်ငံ အကြောင်း တီဗွီသတင်းတွေ ကြည့်ရတော့ အတော် ထိတ်လန့်မိ၏။ လူတိုင်းက မျက်နှာဖုံး ပါးစပ်စွပ် ကိုယ်စီဖြင့်၊ ခရီးသည် ကားဆင်း ကားတက် နေရာတိုင်း တာဝန်ရှိသူ တွေက မျက်နှာဖုံးတွေ ဝေနေပုံများ။

လူကြီးကလေး မကျန် အားလုံး မျက်နှာဖုံးစွပ် ကိုယ်စီဖြင့် လုပ်ငန်းဆောင်တာ ၀င်ရောက်ရန် ပြင်နေပုံများကို တွေ့ရသည်။ ထိုအခါက နိုင်ငံခြားသား များသည် အလွန်ကြောက်တတ်သည်။ တုတ်ကွေးလေးကိုများ ဤလောက် ကြောက်နေသည်ဟု ထင်မိခဲ့သည်။ ဟော အခု စာရေးသူတို့ မြန်မာပြည် တုတ်ကွေး ရောက်လာပြီ ဆိုသော အခါ နည်းနည်းတော့ လန့်မိသည်။ လူဆိုသည်မှာ မိမိထံပါး အန္တရာယ် နီးကပ်လာမှန်း သိခါမှ ကြောက်စိတ် ၀င်တတ်ကြသူများ ဖြစ်သည်ကိုး…။

ထို့အပြင် မိမိတို့ နိုင်ငံက ခေတ်နောက်ကျပြီး ဆေးပညာနှင့် ပတ်သက်သော အသိ ကျန်းမာရေး ဆင်ခြင်ဉာဏ်နှင့် ပတ်သက်ပြီး အထူး လေ့လာလိုက်စားလေ့ မရှိသူ နိုင်ငံသား အများစု ဖြစ်သောကြောင့် ထိုကဲ့သို့ လူလူချင်း ကူးစက်တတ်သည် ဆိုသော ၀က်တုပ်ကွေး ရောဂါသည် ရန်ကုန်လို ဒေသမျိုးတွင် ခဏချင်း ပြန့်နှံ့ဖို့ လွယ်ကူ လွန်းသည်ကို တွေ့ရသည်။ အသက်ရှု ချောင်းဆိုးရာမှ တဆင့် လေထဲတွင် ထိုဗိုင်းရပ်စ် ပိုးများ ပြန့်လွင့်ကာ အခြားသူကို ကူးစက်တတ်သည် ဆိုလျှင် ရန်ကုန်မြို့ရှိ အခြေခံလူတန်းစား အားလုံး ခဏချင်း ရက်ပိုင်းအတွင်း ကူးစက်သွားနိုင်သည်။ ယခုပင် ကူးစက်မှုနှုန်း ဘယ်လောက် မြန်နေပြီ မသိနိုင်တော့ချေ။ တုတ်ကွေးရောဂါ လက္ခဏာများ ဖြစ်သော နှာချေ ချောင်းဆိုး အဖျားရှိခြင်းမျိုး ဖြစ်ပွားနေသော မိသားစု များစွာ ကျနော်တို့ ရပ်ကွက်တွင်း ရှိနေသည်။ မနေ့က အိမ်တွင် တယ်လီဖုန်း လာပြောနေသော မိသားစုဆိုလျှင် အမေရော သားသမီး ဘုစုခရု အခါလည်လေးပါ မကျန် ဖျားနေကြသည်ဟု ဆိုသည်။

ရပ်ဝေးမှ သူ့ယောင်္ကျား ဖြစ်သူအား ငွေမြန်မြန် ပို့ရန်နှင့် ထိုငွေ ရောက်မှ သူတို့ တအိမ်လုံး ဆေးခန်းသွား ဆေးကု နိုင်မည်ဖြစ်ကြောင်း ပြောဆိုနေပုံများ လွန်စွာ သနားဖွယ် အတိဖြစ်တော့သည်။ သူ့ရင်ခွင်မှ ကလေးလေးမှာလည်း ချောင်း တဟွတ်ဟွတ်နှင့်ပင် ။ ဘာမှ မဖြစ်သေးက ဘာမှ မဖြစ်သေးပါ၊ အကယ်၍ ဤ တုတ်ကွေးရောဂါဖြင့် အသက်သေသွားခဲ့သည် ထားအုံး။ စနစ်တကျ စမ်းသပ်စစ်ဆေး မှတ်တမ်းတင်ခြင်း မရှိဘဲ။ ငါးပွက်ရာ ငါးစာချ ၊ လူကြီးအာဏာပိုင် ရှေ့တွင်သာ ပြာယာပြာယာ တာဝန်ကျေပြ တတ်သော လက်ရှိ ကျန်းမာရေး ၀န်ထမ်းများ လက်အောက်တွင် မှတ်ချက်ချ သေဆုံးသော ရောဂါသည် ကိုးဆယ့်ခြောက်ပါး ထဲမှ တပါးပါးသာ ဖြစ်နေပေလိမ့်ဦးမည်။ အဦးဆုံး ကူးစက်မှု အမြင့်ဆုံး ဖြစ်နိုင်သည်မှာ လိုင်းကားများ ဘတ်စ်ကားစီး ခရီးသည် အချင်းချင်း ကူးစက်နိုင်ခြင်းပင် မဟုတ်ပါလော။

ယနေ့ ကျနော် ရန်ကုန်ထဲ သွားခဲ့သည်။ ဘီအမ် အောက်ဆိုဒ်ကားဖြင့် အမြန် ရောက်ချင်ဇောကြောင့် စီးမိသည်။ ကားပေါ်ရောက်မှ နောင်တ ရမိ၏။ အလွန်ကြပ်ညပ်ယုံ မက မိုးရွာသောကြောင့် ပြတင်းပေါက်ဘေး ထိုင်သူများက မှန်တံခါးများ ဆွဲပိတ်လိုက်သော အခါ တကားလုံး မွန်ထူကြပ်သိပ် အောက်စော် နံနေတော့သည်။ ထိုအချိန်တွင် ၀က်တုတ်ကွေး ရောဂါပိုး ရှိသူ တဦးတလေကများ ဟတ်ချိုး လို့ လုပ်လိုက် လို့ကတော့… တကားလုံး သွားပြီတဲ့ဗျ တုတ်ကွေး။ ဗိုင်းရပ်စ်ပိုး ကူးပြီသာ မှတ်ဟု တွေးရင်း အတော် စိတ်ပူနေမိသည်။ ကားအတွင်း လှည့်ပတ်ချောင်းကြည့်ရာ ဘယ်သူမှ နှာစည်း စည်းထားသည် မတွေ့ရပေ။ ကားကလည်း အလုံပိတ်။ သို့နှင့် ရန်ကုန်မြို့ထဲ ရောက်ပါက ကျန်းမာရေး ဆေးဆိုင် တဆိုင်ဆိုင်တွင် နှာခေါင်းစည်းကို ရအောင် ၀ယ်မည်ဟု ဆုံးဖြတ်ပြီး မိမိအင်္ကျီ လက်မောင်းစဖြင့် နှာခေါင်းကို ပိတ်ကာ အသက်ရှုရင်း တလမ်းလုံး စီးသွားခဲ့တော့သည်။

ရန်ကုန်ထဲ ရောက်တော့ နှာစည်းကို လိုက်ရှာသည်။ လသာ မှတ်တိုင်မှသည် ပန်းဆိုးတန်း မှတ်တိုင်ဆီသာ ရောက်သွားသည် ရောင်းချသည့် ဆိုင် တဆိုင်မှမတွေ့ရ။ လူတချို့ တလေသာ နှာစည်း စီးထားသည်ကို တွေ့ရသည်။ အတော်များများမှာ ဘာမှ ကာဗာ မစွပ်ထား။ လူများစွာသည် မိမိနှယ်ပင် နေလိမ့်မည် ထင်သည်။ နှာခေါင်းစည်း လိုချင်၍ လိုက်လံ ရှာဖွေသော်လည်း လွယ်လင့်တကူ ဘယ်နေရာမှာမှ ရှာမရ၍ ဖြစ်သလို နေနေရသော လူတို့သာ များလိမ့်မည်ဟု ထင်သည်။ ကျနော်တို့ မြို့သစ်က ဈေးတခုတွင် တွေ့ခဲ့ရသော မြင်ကွင်းလေးကိုလည်း ဖေါက်သည် ချလိုက်ချင်သေးသည်။ လမ်းကြို လမ်းကြားထဲ ဖြစ်သလို ရောင်းချရသော ပျံကျ ဈေးတန်းကလေးသည် လူဆင်းရဲ စာရေးသူ တို့လို ဈေးဝယ်များဖြင့် ပြွတ်သိပ် ညပ်နေသည်။ ထိုအချိန် အနည်းငယ် သန့်ပြန့်ဟန် ရှိသော အမျိုးသမီးကြီး တဦးသည် နှာစည်းကို စည်း၍ ဈေးတန်းထဲ ဟိုဟိုသည်သည် လိုက်ကြည့်ဈေးဝယ်နေသည်။

“သူမ ကို လူအတော်များများက အထူးအဆန်းလို လိုက်ကြည့်ကြသည်။ မိမိတို့ ဆင်းရဲသား ရပ်ကွက်မှ လူအတော်များများသည် မြန်မာနိုင်ငံတွင် ၀က်တုပ်ကွေး ရောက်နေသည်ကို မသိသည့်သူ အတော် များနေသေးသည်။ သူတို့မှာ တနေ့စာ တနေ့ ဖူလုံလောက်ငှရန် အတွက် မနည်း အလုပ်နှင့် လက်မပြတ်အောင် လုပ်ရင်း တနေဝင် တနေထွက် နေ့ည ဆက်နေရသူများ ဖြစ်ရာ ဘာသတင်းမှ နားထောင်ချိန်ကို မရ။ ဘာ တီဗွီမှလည်း ကြည့်ချိန် မရှိ။ ထို့ကြောင့် သူတို့ ဘာမှ မသိ။ ထိုအချိန် နှာစည်းဖြင့် ဈေးဝယ်နေသူ အမျိုးသမီးကြီးကို ကြည့်ရင်း လမ်းဘေးမှ ဈေးသည် တဦးက တီးတိုး မှတ်ချက် ပြုလိုက်သောကြောင့် အထူး စိတ်မကောင်း ဖြစ်မိသည်။

ဟိုမှာ ကြည့်အေ..? ဟိုမိန်းမကြီး ရောဂါတွေဖြစ်နေလို့ သူ့ရောဂါ ကူးမှာစိုးလို့ နှာခေါင်းကြီး စည်းလာတယ် ဝေးဝေးရှောင်နေ

ဟူသတဲ့ …

သူ့ ကလေးများအား မှာကြားနေသံ ကြားရခြင်းကြောင့် ကျန်းမာရေး ဂရုပြုမှု အားနည်းလွန်းလှသော မိမိတို့ နိုင်ငံ လူနေမှု စနစ်အား အားမရ ဖြစ်မိသည်။ တကယ်တမ်းသာ နှာခေါင်းစည်း စနစ်တကျ မစည်း၍ ရောဂါ ကူးစတမ်း ဆိုလျှင် မလွယ်ရေးချ မလွယ်။ ယနေ့ သားတော်မောင် မူလတန်း ကျောင်းသားအား ကျောင်းမှ သွားကြိုသည်။ ကျောင်းသား ကျောင်းသူ အတော်များများတွင် နှာစည်းများ စည်းထားသည်ကို တွေ့ရသည်။ သို့သော်လည်း လေရှုအထုတ် အတွက် ပိုမွှား လုံခြံုကာကွယ်ရေး အတွက်မဟုတ်ဘဲ အလှစည်း ထားသလိုဖြစ်နေ၏။ အများစုမှာ ပါးစပ်ကိုသာ လုံအောင် အုပ်ထားပြီး နှာခေါင်းကို ဖေါ်ထားကြသည်။ အချို့က နှာခေါင်းကို ဟပြဲကြီး ထားပြီး အုပ်ကာထားသည်။ နှာခေါင်းနှင့် ပါးပြင်အကြား လေဟပေါက်မှ လေကို ရှုနေခြင်းဖြင့် ဘာမှ မထူးနိုင်။ အချို့ကလေးတွေက မုန့်စားချိန် မချွတ်ပဲ စားသလားမသိ နှာစည်းတခုလုံး ပေပွညစ်ပတ်လျှက် ရှိသည်။ စာရေးသူ၏ သားတော်မောင်လည်း ညစ်ပတ်သော နှာစည်းဖြင့် တဟီးဟီး ဆော့နေသည်။

သူတို့လေးတွေ ဒီလို နိုင်ငံမှာ လူလာဖြစ်သည်ကို ၀မ်းသာ ပေးချင်ပါသည်။ သို့သော် ၀မ်းမသာနိုင်ပါ။ ဘယ်အချိန် ဘာဖြစ်မယ်မှန်း မသိ။ ဘယ်လိုရောဂါတွေ ဘယ်လိုပျံ့နေမှန်း မသိ။ ဘယ်လိုစည်းကမ်းကို ဘယ်လို ချမှတ် ပေးရမှန်း မသိသည့် အုပ်ချုပ်သင်ပြသူများ လက်အောက် သူတို့လေးတွေ ဘဝ အခြေခိုင်ခိုင် တည်ဆောက်နိုင်ပါ့မလား ဟု အချိန်တိုင်း တွေးမိ ရင်မောမိသည်။ ယခုလည်း ကျောင်းသို့ လွှတ်သာ လွှတ်လိုက် ရသည်။ ကျန်းမာရေးအသိ နညး်ပါးသော ဆရာဆရာမများ ကိုယ်တိုင် နှာစည်း မစည်းဘဲ နေလေ၍ ကျောင်းသားကလေး တို့အတွက် ရင်ပူ ရသည်။

ယနေ့ည တီဗွီက လွှင့်ပါသည်။ ၀က်တုပ်ကွေး ရောဂါ ဖြစ်ပွားသော ကလေးငယ် ကျန်းမာ နေကောင်းလာပြီ ဖြစ်ကြောင်း။ စိတ်ပူရန် မလိုကြောင်း ပြောသံ ကြားလိုက်ရသည်။ ထို့ကြောင့် ရန်ကုန် တမြို့လုံး နှာခေါင်းကာ နှာစည်း လိုက်ရှာ၍ မတွေ့ခြင်း ဖြစ်မည်။ ကျနော့် အထင်တော့ နှာစည်းကို သက်သက် မရောင်းခိုင်းခြင်း ဖြစ်မည်ဟုပင်။ အဘယ်ကြောင့် ဆိုသော် နှာခေါင်းစည်း တမြို့လုံး စည်းမည် ဆိုပါက နဂိုရ်ကပင် အစိုးရ ဆန့်ကျင်လိုစိတ် ပြင်းပြနေသော ရန်ကုန် လူထုအတွက် လျှို့ဝှက် အသုံးချ ကိုယ်ရောင်ဖျောက်ရာ နည်းလမ်း တခု ဖြစ်လာနိုင်သည်ကို စစ်ဘက်က ကြိုတွက်ထားသည်။ လူတိုင်း နီးပါးကသာ နှာခေါင်းစည်းကို စည်းပြီး သွားလာ လှုပ်ရှားနေကြသည် ဆိုလျှင် အစိုးရဆန့်ကျင်ရေး စာရွက်ဝေသူ လျှပ်တပြက် မိန့်ခွန်းပြောသူတို့ နေရာအနှံံ့က ပေါ်ထွက်လာနိုင်သည်။ ပြည်သူအကြားက လူတို့သာ ဖြစ်၍ စာရွက်ဝေပြီး မိန့်ခွန်းပြောပြီး နှာခေါင်းစည်းဖြင့်ပင် လူကြား ၀င်ရောက် ပုန်းအောင်း ကွယ်ဖျောက်နေနိုင်သည်။

ထို့ကြောင့် လက်ရှိ အာဏာပိုင်တို့က နှာခေါင်းစည်း များရောင်းချခြင်း မပြုလုပ်နိုင်ရန် ကြိုးစားခြင်း သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချခွင့် မပြုခြင်း ဖြစ်နိုင်သည်ကို တွေးမိသည်။ သို့နှင့် စာရေးသူလည်း နှာစည်းရှာ မရ ဘဲ လက်မောင်း အင်္ကျီစကို နှာခေါင်း အုပ်ရှု၍ မသက်မသာ အိမ်ပြန် လာခဲ့ရပါကြောင်း၊ တုပ်ကွေး ကူးမှန်းလည်း ကိုယ်သိမည် မဟုတ်။ ဆေးခန်း သွားပြဖို့ရန်လည်း အချိန် တက္ကစီငှားခ မတတ်နိုင်သော လူထုကြီးထဲတွင် စာရေးသူလည်း ပါ၀င်နေသေးသည်။ ဘာပဲ ပြောပြော မြန်မာလူထု အများစု ခံယူထားသည်မှာ သေချိန်တန် သေလိမ့်မပေါ့ ဟူသတတ်။ ဘာရောဂါနဲ့ သေသေ ၉၆ ပါးထဲက တပါးပါးနဲ့တော့ သေရဦးမှာဘဲ။ ဒီတော့ အသက်ရှင်တုန်း ကုန်းရုန်းပြီး စားဝတ်နေရေး မိသားစု အရေး ရှာရ ဖွေရအုန်းတော့မည် တဲ့။

ကျနော်လည်း ဤသို့ပင် ခံယူရတော့မည် ထင်သည်။ သို့ပါသော်လည်း ကျနော်အား ရောဂါ ကူးစက်ခံရသည်မှာ အကြောင်း မဟုတ် မထောင်းသာချေ။ မိမိကို အလွန်တွယ်တာ ကျီစယ် ပူးကပ် ချွဲနွဲ့နေလေ့ ရှိသော လူမမယ် သားငယ်လေးကို ဤတုတ်ကွေး ရောဂါ ကူးစက်ခံရမည် ကိုတော့ မဖြစ်ခင်ကပင် အလွန် စိုးရိမ်မိနေသည်။

ထို့ကြောင့် ရောဂါပိုး ကူးစက်ခြင်း မခံရအောင် ကာကွယ် ထိမ်းသိမ်း နေထိုင်ကာ၊ ကြက်တူရွေးက နိုင်ငံရေး ရာသီဥတု အခြေအနေ အရပ်ရပ်ကြောင့် အတင်း တော်ချင်ပေမဲ့ မယ်ဘော်လေးကြောင့် ကဲ ရပေဦးမည်။

ညီတိုးငြိမ်း

LEAVE A REPLY

Please enter your comment!
Please enter your name here