အီတလီ ကုန်တင်ရထား လမ်းချော် ပေါက်ကွဲမှုဖြစ်

alt

အီတလီနိုင်ငံ တွင် ကုန်တင် ရထားတစ်စီး လမ်းချော်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ(၁၃)ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

အီတလီနိုင်ငံ မြောက်ပိုင်းရှိ ဗယ်ရက်ဂျီဂို မြို့လေးတွင် ဇွန်လ (၂၉)ရက်နေ့ ညနေပိုင်းက ပေါက်ကွဲသွားသော မီးရထားကြောင့် အနီးအနားမှ အဆောက်အအုံ နှစ်ခုထက်မနည်း ပြိုကျ သွားခဲ့ရသည်။ ရထားသည် ဘူတာရုံမှ မနီးမဝေးတွင် လမ်းချော်သွားခဲ့ပြီး တင်ဆောင်လာသည့် ဓာတ်ငွေ့ရည်များမှ ပေါက်ကွဲ သွားခြင်းဖြစ်သည်။

ကလေးတစ်ဦး အပါအဝင် လူ(၇)ဦးမှာ ပြင်းထန်သော ပေါက်ကွဲမှု အရှိန်ကြောင့် ၎င်းတို့၏ နေအိမ်များ အတွင်းတွင်ပင် သေဆုံးသွားခဲ့ကြသည်။ ရထားကို မောင်းနှင်လာသူ (၂)ဦးမှာလည်း ပြင်းထန်သော အပူရှိန်နှင့်အတူ သေဆုံး သွားကြရသည်။ ထို့အပြင် အခြားသော လူ(၄)ဦးလည်း သေဆုံးသွားကြောင်း ကယ်ဆယ်ရေးများက ပြောကြားခဲ့သည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို လူခွဲခြားဖော်ထုတ်နိုင်ရန်ပင် ခဲယဉ်းနေကြောင်း အာဏာပိုင်များ ပြောကြားခဲ့သည်။ ရထား ပေါက်ကွဲမှုကြောင့် လူ(၅၀)ထက် မနည်း ဒဏ်ရာများ ရရှိခဲ့ပြီး (၃၅)ဦးမှာ ဆေးရုံ တင်ထားရကြောင်း၊ (၇)ဦးမှာ ပြင်းထန်သော မီးလောင် ဒဏ်ရာများဖြင့် စိုးရိမ်ရသည့် အနေအထားတွင် ရှိကြောင်း သိရှိရသည်။

YouTube တွင် Upload တင်ထားသော ဗီဒီယိုများတွင် အိမ်ကလေးများ အပေါ် ဖုံးလွှမ်းထားသည့် မီးခိုးလုံးကြီးများကိုပင် တွေ့ရှိနိုင်သေးသည်။ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး ANSA သတင်းဌာနက ဇွန်လ (၃၀)ရက်နေ့ အရုဏ်ဦး အချိန်တွင် ပြိုကျနေသော နေအိမ်များအတွင်း ပိတ်မိနေသည့် ကလေး(၃)ဦးကို ဘေးမသီ ရန်မခ ကယ်တင်နိုင်ခဲ့ကြောင်း ဖော်ပြသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here