အမေရိကန် ဒုံးကျည် ကာကွယ်ရေးစနစ် တိုးချဲ့မှုအား မြောက်ကိုရီးယား ရှုတ်ချ

alt

ဟာဝိုင်ယီတွင် ဒုံးကျည် ကာကွယ်ရေး စနစ်များ အင်အားတိုးချဲ့ တပ်ဆင် နေသည့် အမေရိကန်၏ လုပ်ရပ်အား မြောက်ကိုရီးယား က ဇွန်လ (၂၉)ရက် နေ့က ဝေဖန် ရှုတ်ချလိုက်သည်။

မြောက်ကိုရီးယား က အမေရိကန်၏ လုပ်ရပ်သည် အချိန် မရွေး မြောက်ကိုရီးယား အား တုန့်ပြန် တိုက်ခိုက်ရန် ပြင်ဆင် ထားခြင်းပင် ဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

ဂျပန်နိုင်ငံထုတ် အဆာဟိ ရှင်ဘွန်း သတင်းစာကြီးက မြောက်ကိုရီးယား စစ်ဘက်မှ မိုင်ပေါင်း (၄၅၀၀)မျှ ပျံသန်း ရောက်ရှိနိုင်သည့် တာဝေးပစ် ဒုံးကျည်တစ်စင်းကို ဟာဝိုင်ယီ ဒေသဘက်သို့ စမ်းသပ် ပစ်လွှတ်နိုင်ဖွယ်ရှိကြောင်း ရေးသား ဖော်ပြခဲ့ပြီးနောက် အမေရိကန် ကာကွယ်ရေး ဌာန အတွင်းရေမှူး ရောဘတ်ဂိတ်က ဟာဝိုင်ယီ ကာကွယ်ရေး အတွက် အလေးထား ဆောင်ရွက်နေကြောင်း ကြေညာခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံထုတ် ရိုဒေါင်ဆင်မန် သတင်းစာက အမေရိကန်သည် အခြေအမြစ် မရှိသော သတင်း ဖော်ပြချက်များကို ယုံစားကာ အနုမြူလက်နက် တပ်ဆင်ထားသည့် ဗုံးကြဲ လေယာဉ်ကြီးများနှင့် ရေငုပ်သင်္ဘောများကို အသင့်ပြင်ထားကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် အမေရိကန်၏ အပြုအမူသည် အနုမြူ စစ်ပွဲတစ်ခု စတင်လာရန် ကြမ်းတမ်းစွာ စိန်ခေါ်နေခြင်းနှင့် တူကြောင်းလည်း သတင်းစာက စွပ်စွဲထားသည်။

မြောက်ကိုရီးယား အစိုးရပိုင် CAN သတင်းဌာန ကမူ နိုင်ငံတော် အနေနှင့် အနုမြူစွမ်းအင်ကို ကာကွယ်ရေး အတွက်သာ အသုံးပြုမည်ဖြစ်ပြီး အခြားနိုင်ငံများအား ရန်စ တိုက်ခိုက်ရန် ရည်ရွယ် မထားကြောင်း ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here