မြန်မာ့အရေး ကမာ္ဘမှ အာရုံစိုက် နေစေရေး

အခု လတ်တလော မြန်မာပြည်တွင်း အခြေအနေနဲ့ နိုင်ငံတကာ အခြေအနေတွေ ကိုကြည့်ပြီး စိုးရိမ် စိတ်ပေါ်လာလို့  စာရေးသူရဲ့ အခုလို အတွေးတွေ ကို မျှဝေလိုက် ဖြစ်တယ်၊ အထူးသဖြင့် မြောက်ကိုရီးယား နဲ့ အီရန် အရေးတွေ က မြန်မာ့အရေး ကို လွှမ်းမိုးသွားမယ့် အလားအလာ ရှိတဲ့အတွက်

ကျနော်တို့ အရေးကို ကျနော်တို့ ကိုယ်တိုင် ကမာ္ဘက အာရုံစိုက် လာအောင် လုပ်ယူဖို့ လိုပြီဆိုတဲ့ စဉ်းစား တွေးတောမှု တရပ်ပါ။

မြောက်ကိုရီးယားက အနုမြူ စမ်းသပ်တာတွေ၊ သံသယဖြစ်စရာ စစ်လက်နက်တွေကို မြန်မာနိုင်ငံကို ရောင်းချဖို့ သယ်ဆောင် လာတာတွေဟာ နိုင်ငံတကာရဲ့ အာရုံကို ဒေါ်စု ဆီကနေ မြောက်ကိုရီးယား အနုမြူဘက်ကို ရောက်သွားအောင် လှည့်စားတာ ဖြစ်ချင် ဖြစ်နိုင် ပါတယ်။ လက်နက်တွေကို မြောက်ကိုရီးယားက ဘယ်လောက်ပဲ ရောင်းချင်ချင် မြန်မာပြည်က မဝယ်ချင်ဘူး ဆိုရင် ဘယ်လိုမှ လာပို့လို့ မရပါဘူး။ ဝယ်သူ ကိုယ်တိုင်က လာပါတော့လို့ ခွင့်ပြုမှ မြောက်ကိုရီးယား က သင်္ဘောနဲ့ လာပို့ နိုင်တာပါ။ ဒီအကြောင်း အရာကို သုံးသပ်လိုက် လို့ရှိရင် ဒေါ်စု နဲ့ ပတ်သက်တာတွေ ကို မှေးမှိန် သွားအောင် န.အ.ဖ က တနည်းနည်း နဲ့ ကြံရွယ်နေတယ် ဆိုတာကို ရိပ်မိ နိုင်ပါတယ်။

ဧပြီလ ၂၉ ရက်နေ့မှာ အဲန်အဲလ်ဒီက ရွှေဂုံတိုင် ကြေညာချက် ထုတ်ပြန် ခဲ့ပြီးတဲ့နောက် ပြည်တွင်း နိုင်ငံရေး အခြေအနေ ပြောင်းလဲနိုင်တဲ့ အရိပ်အယောင် ပေါ်လာနိုင်ချေ ရှိတယ်လို့ တွက်ဆ ခဲ့ကြပါတယ်။ တနည်း ပြောရလို့ရှိရင် အကြပ်အတည်း အစုံနဲ့ ကြံုနေရတဲ့ န.အ.ဖ စစ်အုပ်စု ဟာ ရွှေဂုံတိုင် ကြေညာချက်ကို နိုင်ငံရေးအရ တုံ့ပြန်ဖို့ရာ ဖြစ်လာ နိုင်တယ်လို့ ယူဆချက်တွေ လည်းရှိ ခဲ့ပါတယ်။

ဒါပေမဲ့ ၂ ပတ် အကြာအထိ နိုင်ငံရေး အရတုံ့ပြန်မှု မပေးပဲ ငြိမ်နေတဲ့ စစ်အုပ်စု ဟာ ဒေါ်စု ကို တရားရုံးတင် စစ်ဆေးပြီး ထောင်ချဖို့လုပ် လာခဲ့ကြပြန်ပါတယ်။ အဲဒီ လုပ်ရပ်ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း ဟာ မကြံုဘူး လောက်အောင် တုံ့ပြန်မှုတွေ ပေးခဲ့ကြတာဟာ စစ်အုပ်စု အတွက် ဒေါ်စု ကို ပြစ်ဒဏ်ချဖို့ အစီအစဉ်ကို ရွှေ့ဆိုင်းရတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ အဓိက အချက်က နိုင်ငံတကာရဲ့ ဖိအား တွန်းအား ပြင်းလွန်းတဲ့ အတွက် ဖြစ်ပါတယ်။

ဒီအချိန်မှာ အဲန်အဲလ်ဒီဟာ ဒေါ်စု လွတ်မြောက်ရေး ကိုပဲ ဥပဒေ ကြောင်းအရ ဆက်ပြီး တိုက်နေ ခဲ့ပါတယ်။ လတ်တလော နိုင်ငံရေး စစ်မြေပြင်မှာ မမျှော်လင့်ပဲ အသာစီး ရလာတဲ့ အခြေအနေကို အမိအရ ဆုပ်ကိုင်ပြီး နိုင်ငံရေး ထိုးစစ် ဆင်နိုင်တာတွေ မရှိဘူးဆိုတာ တွေ့လာ ရပါတယ်။

မြန်မာပြည်ရဲ့ အဓိက ပြဿနာဟာ စစ်တပ်က နိုင်ငံရေး မှာ ၀င်ရောက် ခြယ်လှယ် နေလို့ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှု မရှိတာဟာ အဲဒါတွေ ရဲ့တစိတ်တပိုင်း ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အဲန်အဲလ်ဒီဟာ စစ်အာဏာရှင် စနစ်အောက်မှာ အတိုက်အခံ ပါတီတရပ် အနေနဲ့ နှစ်ပေါင်း ၂၀ ကြာ ကြံ့ကြံ့ ခံရပ်တည် နိုင်အောင် ထိန်းသိမ်း ထားပေး နိုင်တာကတော့ အလွန် အံ့အားသင့်ဖို့ ကောင်းလောက် ပါတယ်၊ စီအီးစီ အဖွဲ့ဝင် အသက်ကြီး လာလို့ ကျန်းမာရေး ဆုတ်ယုတ်လာတဲ့ အချိန်မှာ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေတာတောင် ပါတီ တာဝန်တွေကို အတတ်နိုင်ဆုံး ထမ်းဆောင်ဖို့ ကြိုးပမ်း နေတာဟာ တကယ့်ကို ချီးကျူး စရာ ကောင်းလှ ပါတယ်၊ ဒါပေမဲ့ တာဝန်ပိုင်း အရ ကြည့်မယ် ဆိုရင်တော့ လူထု ထောက်ခံမှု ပေးထားတဲ့ mandate ကို အပြည့်အဝ မသုံးနိုင်တာဟာ နိုင်ငံရေးအရ ဦးဆောင်မှု အားနည်းနေတာ ကို ဖော်ပြနေသလို ရှိနေပါတယ်။

ဒေါ်စု ကို စီရင်ချက် မချပဲ ရက်ရွှေ့ဆိုင်း ခဲ့တာဟာ အဲန်အဲလ်ဒီ အတွက် နိုင်ငံရေး ကစားကွက် ရွှေ့ဖို့ အတွက် နယ်မြေ ကျယ်ကျယ် ရခဲ့တာ ဖြစ်ပါတယ်။ အဲန်အဲလ်ဒီ လက်ကိုင်ပြုထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ထွန်းရေး အတွက် ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေ နဲ့ အညီ စစ်အုပ်စု ကို ကမ်းလှမ်းတာ ဒါမှမဟုတ် ဆွဲဆောင်တာ ဒါမှမဟုတ် တွန်းအား ပေးတာ ဒါမှမဟုတ် ဖိအားပေးတာမျိုး မရှိခဲ့ပါဘူး။ စာရေးသူ အမြင်အရ ပြောရရင် အဲန်အဲလ်ဒီ ဟာ ကြေညာချက် တခု ထပ်ထုတ်ဖို့ လိုအပ်တယ်လို့ ထင်မြင် မိပါတယ်။

ဦးဝင်းတင် ဟာ စစ်အုပ်စု အပေါ် နိုင်ငံတကာ ဖိအားဆက် ပေးနေဖို့ အရေးကြီး တယ်လို့  သုံးသပ်ရှုမြင်ပြီး ဧရာဝတီ စာစောင်ကို ပြောခဲ့တာဟာ နည်းဗျူဟာ အရ အရေးကြီးပြီး မှန်ကန်လှပါတယ်။ မြန်မာ့အရေး မှာ ပြည်တွင်း အင်အား အထူးသဖြင့် လူထုဟာ ရက်စက် ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေကြောင့် ကြောက်ရွံ့စိတ် အင်မတန် ကြီးမားနေ ပါတယ်၊ နိုင်ငံတကာ ဖိအားဟာ မြန်မာ ပြည်သူတွေ တင်မကပါဘူး၊ အတိုက်ခံ အင်အားစုတွေ အတွက်ပါ အရေးပါတဲ့ အားဆေး တခွက်ပါ။ ဒါကြောင့် နိုင်ငံတကာ ဖိအားကို ဆက်လက် ထိန်းထားဖို့ လိုတယ်လို့  ဦးဝင်းတင် က ဆိုတာလို့ စာရေးသူ  တွေးထင်မိပါတယ်။

အဲန်အဲလ်ဒီ စီအီးစီ ဟာ အခုအချိန်မှာ နိုင်ငံရေးအရ ထိရောက် ပြတ်သားတဲ့ ဦီးဆောင်မှုကို အောက်ခြေ ပါတီဝင်ထုကို၊ လူထုကို၊ ဒီမိုကရေစီ အင်အားစုတွေ ကို ပေးဖို့ လိုအပ်တယ်လို့  ယုံကြည် ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဖြစ်မလာခဲ့ပါဘူး။

တချိန်တည်းမှာ ထည့်သွင်း စဉ်းစားဖို့ လိုတဲ့အချက်က ကမာ္ဘ့ နိုင်ငံရေး အခြေအနေပါ၊ မြောက်ကိုရီးယား နဲ့ အီရန်အရေး တွေဟာ ကမာ္ဘမှာ အာရုံစိုက်လာရတဲ့ အရေးအခင်းတွေ ဖြစ်လာနေတာမို့ မြန်မာ့အရေး ဟာ နောက်တန်းကို ရောက်သွားနိုင် ပါတယ်။ မြောက်ကိုရီးယား ဟာ နောက်ထပ် ဒုံးကျည်တွေ ပစ်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ထွက်နေ ပါတယ်။ အီရန်ရဲ့ အခြေအနေ ကလည်း ဆန္ဒပြမှုတွေမှာ သေဆုံးမှုတွေ ဖြစ်နေပါပြီ၊ အီရန် အစိုးရက သမတ ရွေးကောက်ပွဲ ရလဒ် ကို လက်မခံ ဆန့်ကျင် ကန့်ကွက်နေတဲ့ ပြည်သူတွေ ကို အီရန် ကြံ့ဖွတ်တွေ နဲ့ လှည့်တိုက် တာတွေ ရှိနေပါပြီ။ ဒီတော့ အီရန် အခြေအနေ ဟာ ပိုပြီး တင်းမာ လာနိုင်ပါတယ်။

ဒီလို အခြေအနေဟာ န.အ.ဖ ရဲ့ စိတ်ကြိုက် အကွက်လို့ ယူဆ နိုင်ပါတယ်။ သူ့ကို ကမာ္ဘက အာရုံစိုက်မှုတွေ ကနေ လွန်မြောက် နိုင်လို့ပဲ ဖြစ်ပါတယ်။

ဒီတော့ စာရေးသူတို့ အနေနဲ့ ပြည်တွင်းမှာ ဒီမိုကရေစီ ရရှိရေး နိုင်ငံရေးအရ လှုပ်ရှားမှုတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေအောင် ဒါမှမဟုတ် န.အ.ဖ စိတ်ကြိုက် ပုံသွင်းတာ၊ လှည့်စားတာ မခံရအောင် လုပ်ဖို့ လိုတယ်လို့ ထင်ပါတယ်။

နိုင်ငံရေးအရ ထိထိရောက်ရောက် တိုက်ကွက်ဆင်ဖို့ ရုန်းကန်နေရတဲ့ အဲန်အဲလ်ဒီ စီအီးစီကို “လုပ်ကြပါလို့ ” ထပ်တလဲလဲ တွန်းအားပေး နေရုံနဲ့တော့၊ တနည်းအားဖြင့် အဲန်အဲလ်ဒီ ထိပ်ပိုင်း ခေါင်းဆောင်တွေချည်း အလုပ် လုပ်နေရုံနဲ့ အလုပ် မဖြစ်တော့ဘူးလို့ ထင်ပါတယ်။ ဒီတော့ အဲန်အဲလ်ဒီ အောက်ခြေ အဖွဲ့ဝင်တွေ ကိုယ်တိုင်ကပါ ပါတီရဲ့ မူဘောင် တွေထဲကနေ လှုပ်ရှားလာနိုင်မယ့် နည်းဗျူဟာသစ်တွေကို အရင့် အရင်တွေ ကထက် ပိုပြီး ကြံဆ ရှာဖွေ လုပ်နိုင်ကြရင် ကောင်းမယ် လို့ မြင်ပါတယ်။ ဥပမာ- ဒေါ်စု မွေးနေ့အတွက် ဓါတ်ပုံလှုပ်ရှားမှုမျိုး ဖြစ်ပါတယ်။ ဒီလို လုပ်နိုင်တဲ့ အကြောင်း စီအီးစီ လူကြီးတွေ ကလည်း ပြောထား ပြီးပါပြီ။

  • (၁) ဒေါ်စု လွှတ်ပေးရေး အတွက် ဖိအားပေးတဲ့ အနေနဲ့ ပထမ အဆင့်မှာ ပါတီဝင်တွေ ကြားမှာ တရားရုံးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကို ပါတီပြောရေး ဆိုခွင့် ရှိသူတွေ ပြောဆိုချက်တွေ ကို အသိပေး ဖြန့်ဝေတာမျိုး၊ ဆွေးနွေးတာမျိုး ကို လုပ်ဖို့ ပါပဲ။ အဲဒီကမှ တဆင့် လူထု ကြားထဲကို ဒေါ်စု အခြေအနေ နဲ့ပတ်သက်ပြီး အဆက်မပြတ် သိနေအောင် နှိုးဆွ ပေးတဲ့ အနေနဲ့ သတင်း အချက်အလက်တွေ ကို ဖြန့်ချီပေးရေးကို လုပ်ဖို့ ဖြစ်ပါ တယ်။ ရည်ရွယ်ချက် ကတော့ ဒေါ်စု နဲ့ ပတ်သက်ရင် အဲန်အဲလ်ဒီရော၊ လူထုပါ အမြဲ နိုးကြားနေတယ်၊ ငြိမ် မနေဘူးဆိုတာကို န.အ.ဖ သိအောင် လုပ်တာဘဲ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုဟာ အဲန်အဲလ်ဒီ ရဲ့ ဘောင်ကို ကျော်တယ်လို့ မထင်ပါဘူး။ ပါတီ ခေါင်းဆောင် လွတ်မြောက်ရေး လှုပ်ရှားမှု ဖြစ်လို့ပါပဲ။
  • (၂) အခြေခံ ဥပဒေ ပြင်ဆင် ရေးဆွဲရေး လှုပ်ရှားမှုကို လုပ်ဖို့ ဖြစ်ပါတယ်။ ဒီဟာက အဲန်အဲလ်ဒီ က န.အ.ဖ ကို တောင်းဆို ထားတဲ့ အတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးဆွဲရေး ကော်မတီ ဖွဲ့စည်းပေး ဆိုတဲ့ ဘောင်အတိုင်း လုပ်ဆောင်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ ပထမ အဆင့်မှာ ပါတီတွင်း ဆွေးနွေးမှု၊ သုံးသပ်မှု၊ အကြံပြုမှု တွေလုပ်ဖို့ ဖြစ်ပါတယ်။ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး လူထုသိအောင် ရှင်းလင်းချက်၊ ဝေဖန်ချက်၊ သုံးသပ်ချက်တွေ ကို ထပ်ဆင့်ဖြန့်ချီတာ၊ အသိပေး စည်းရုံးတာတွေကို လုပ်ဖို့ ဖြစ်ပါတယ်။ လူထုအများစု ဟာ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး နည်းနည်း အလှမ်းဝေး နေတာကို တွေ့ရပါတယ်။ အခြေခံ ဥပဒေဟာ အရေးကြီးတဲ့ အရာ ဖြစ်တယ်ဆိုတာကို လူထုက သိရှိလာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီကနေ တဆင့် လူထုကို နိုးကြားနေအောင် နှိုးဆွ ထားတဲ့သဘော ဖြစ်ပါတယ်။
  • (၃) အတွေ့အကြံု ရင့်ကျက်တဲ့ သက်ကြီး ၀ါကြီးတွေကို ကျန်းမာရေးကောင်းပြီး တွေးခေါ်မြော်မြင်နိုင်စွမ်းအားကောင်းသူ လူသစ်တွေနဲ့ လက်တွဲလုပ်ဖို့ အချိန်တန် နေပါပြီ။ မျိုးဆက်သစ် တွေဘက်က ပံ့ပိုးနိုင်စွမ်း ကောင်းလာအောင်၊ အတွေ့ အကြံုတွေ ရင့်ကျက် တိုးတက်လာအောင် လက်တွဲ ခေါ်သင့်တယ်လို့ ထင်ပါတယ်၊ ဒါဟာ လက်တွေ့ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ အဲန်အဲလ်ဒီ ကို ပိုမို အားကောင်း လာအောင် ဖြည့်ဆည်း ပေးနိုင်မယ့် အယူအဆ တရပ်ကို တင်ပြတာ ဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ တတ်သိ ပညာရှင်တွေ အတော်များများဟာ အဲန်အဲလ်ဒီ ထဲမှာ စုနေ တာကြောင့် ဒေါ်စုပြီးရင် လူအများ သိရှိ  လက်ခံတဲ့သူ၊ ပြည်သူများ လက်ခံတဲ့သူ တယောက်က်ုိ မျိုးဆက်သစ် ခေါင်းဆောင် တယောက်အဖြစ် အနေနဲ့ မမွေး ထုတ်နိုင်စရာ အကြောင်း သိပ်မရှိလှပါ။

မိတ်ဆွေရဲဘော်များ စဉ်းစားဆွေးနွေး ဝေဖန်မှုများ ပြုပြီးတော့ သင့်တော်မယ့် လှုပ်ရှားမှုတွေ ကို ဆုံးဖြတ် အကောင် အထည်ဖော် စေလိုပါတယ်။ လိုအပ်တဲ့ နည်းလမ်း၊ အကြံပေး နိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး စာရေးသူရဲ့ အခြေခံထားတဲ့ စဉ်းစားမှုက ကိုယ့်အရေးကို ကိုယ်ကိုတိုင် ကမာ္ဘက အာရုံစိုက်နေအောင် လုပ်ဖို့ပါပဲ။ ဒီတော့  ဖြစ်နိုင်ချေရှိမယ့် နည်းလမ်းတွေကို အမြန်ဆုံး စဉ်းစား အကောင်အထည်ဖော်ဖို့ လိုပါမယ်။ ပြည်တွင်း ပြည်ပရှိ အင်အားစုတွေ အထူးသဖြင့် ပြည်တွင်း အင်အားစုများ အတွက် လုပ်ဆောင် ဖော်ဆောင်ရေး နည်းလမ်းတွေ၊ အကြံအစည်တွေ စဉ်းစား တွေးတောမှုတွေကို ဖလှယ်နိုင်ဖို့ လက်လှမ်း မီသရွေ့ အစွမ်းရှိသရွေ့ ကြိုးစားသွားပါ့မယ်။

ကျော်ကျော်စိုး (ဂျပန်)

LEAVE A REPLY

Please enter your comment!
Please enter your name here