ဟွန်းဒူးရပ်စ် နိုင်ငံတွင် သမတအား စစ်တပ်မှ ဖမ်းဆီး အာဏာသိမ်း

alt

စစ်အေး ကာလနောက်ပိုင်း အလယ်ပိုင်း အမေရိက နိုင်ငံတစ်ခုတွင် ပထမဆုံး စစ်တပ် အာဏာသိမ်းမှုတခု ဟွန်းဒူးရပ် နိုင်ငံတွင် ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဇွန်လ (၂၈)ရက်နေ့က ဟွန်းဒူးရပ် စစ်တပ်မှ အထူး လေ့ကျင့်ထားသည့် ကွန်မန်ဒိုများသည် သမတ မန်နျူရယ် ဇလားရား ၏ နေအိမ် အတွင်း ကျူးကျော်ဝင်ရောက်ကာ သမတကို ဖမ်းဆီးပြီး အာဏာသိမ်းယူ ခဲ့သည်။ ထို့နောက် ဇလားရားအား စစ်တပ်ပိုင် လေယာဉ်တစင်းဖြင့် ကော်စတာရီကာ နိုင်ငံသို့ ချက်ချင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းသည် နံနက်စောစောတွင် သေနတ်သံများကြောင့် နိုးလာခဲ့ကြောင်း၊ ချက်ချင်းလိုလို မျက်နှာဖုံးစွပ်ထားသည့် စစ်သားများ အိပ်ခန်းထဲ ၀င်လာကြပြီး ၎င်းအား ကားတစ်စင်းထဲ အတင်း ၀င်ခိုင်းကြောင်း၊ လက်ကိုင်ဖုန်းကိုလည်း သိမ်းဆည်းလိုက်ပြီး လေဆိပ်သို့ အတင်းခေါ်လာကာ ကော်စတာရီကာသို့ ပို့ဆောင်လိုက်ကြောင်း ဇလားရားက ဆန်ဂျို့လေဆိပ်တွင် ညဝတ် အင်္ကျီဝတ်လျှက်သားဖြင့် သတင်းထောက်များထံ ဒေါသတကြီး ပြောပြသွားသည်။

၎င်းသည် ဟွန်းဒူးရပ်နိုင်ငံ၏ သမတဖြစ်ပြီး ကိုယ့်နိုင်ငံ ကိုယ်ပြန်လိုကြောင်းလည်း ဇလားရား က ဆိုသည်။ ထို့အပြင် ယခု အာဏာသိမ်းမှုသည် တရား မဝင်ကြောင်းလည်း ၎င်းက စွပ်စွဲခဲ့သည်။ စစ်တပ် အာဏာသိမ်းမှုတွင် နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည်မှာ လွှတ်တော်မှဖြစ်ပြီး ၎င်းတို့သည် ဇလားရားအား ဖြုတ်ချရန် အဆိုကို မဲခွဲ အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အာဏာသိမ်းသည့်နေ့ ညနေပိုင်း အချိန်တွင်ပင် ရောဘက်တို မက်ချယ်လတီအား ဇလားရားနေရာတွင် ခန့်အပ်လိုက်ကြောင်း လွှတ်တော်က ကြေညာသည်။

ဟွန်ဒူးရပ်မြို့တော် တာဂိုဆီကဲ တွင်မူ သံချပ်ကာ ကားများဖြင့် လုံခြံုရေး တင်းကြပ်စွာ စီစဉ်ထားကြောင်း သိရှိရသည်။ ယခု အာဏာသိမ်းမှု ပြီးဆုံးချိန်တွင် အမေရိကန်က ဖွဲ့စည်းပုံနှင့် စည်းမျဉ်း စည်းကမ်းများအလိုက် ဆောင်ရွက်ရန် တောင်းဆိုခဲ့ပြီး ကုလသမဂ္ဂ ကလည်း နိုင်ငံအတွင်း ဖြစ်ပွားနေသော အခြေအနေများကို အမြန်ဆုံး ပွင့်ပွင့်လင်းလင်း ကြေညာရန် ကွန်ဂရက်အား တောင်းဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here