ကွန်ဖက်ဒရေးရှင်း ဖလား ဘရာဇီးလ် အသင်းဗိုလ်စွဲ

alt

ဇွန်လ (၂၈)ရက် နေ့က တောင်အာဖရိက နိုင်ငံ ဂျိုဟန် နက်စဘတ် တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ကွန်ဖက် ဒရေးရှင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်တွင် ဘရာဇီးက အမေရိကန်ကို နောက်မှ လိုက်ကစားကာ အနိုင်ယူ ဗိုလ်စွဲ သွားခဲ့ပြီ ဖြစ်သည်။

ယခုပွဲတွင် စပိန်အား ဆီမီးဖိုင်နယ် အဆင့်မှာပင် ချန်ထား ခဲ့သော အမေရိကန် က ဘရာဇီးအား (၂)ဂိုး အရင်သွင်းကာ ပထမပိုင်း တပိုင်းလုံး ဦးဆောင် ကစားခဲ့သော်လည်း လူးဝစ် ဖာဘီယာနို၏ အစွမ်းပြမှုနှင့် အတူ ဘရာဇီးက ဒုတိယပိုင်းတွင် (၃)ဂိုး ပြန်သွင်းကာ ၎င်းတို့၏ ချန်ပီယံဘွဲ့ကို ကာကွယ် သွားနိုင်ခဲ့သည်။

အမေရိကန် အတွက် ဂိုးများကို ကလင့်ဒမ့်ဆေးက ပွဲအစ (၁၀)မိနစ်နှင့် လန်ဒန်ဒိုနိုဗန်က (၂၇)မိနစ် တို့တွင် အသီးသီး သွင်းယူခဲ့သည်။ လော့စ်အိန်ဂျယ်လိစ် ဂလက်ဆီ အသင်းမှ တိုက်စစ်မှူး ဒိုနိုဗန်သည် အထူး ခြေစွမ်းပြခဲ့ပြီး ဘရာဇီးဘက်သို့ တချိန်လုံးလိုလို ထိုးဖောက်နေခဲ့သည်။

ဘရာဇီးတို့ အနေနှင့် ပထမပိုင်းတွင် ချေပဂိုးရရန် ရုန်းကန်နေသော်လည်း အရာမထင်ခဲ့ပေ။ ဒုတိယပိုင်းတွင်မူ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီး ဘရာဇီးတို့က အသာစီးမှ ပြန်ကစားလာခဲ့သည်။ ဖာဘီယာနိုက (၄၆)မိနစ် နှင့် (၇၆)မိနစ်တို့တွင် ချေပဂိုးများ သွင်းယူပြီး နောက်တန်းသမား လူစီယိုက (၈၄)မိနစ်တွင် ချန်ပီယံဘွဲ့ကို ကာကွယ်မည့် အနိုင်ဂိုးအား သွင်းယူပေးခဲ့သည်။

ထို့ကြောင့် ပွဲအပြီးတွင် ဘရာဇီးက ကွန်ဖက်ဒရေးရှင်း ဖလားကို (၃)ကြိမ်မြောက် အဖြစ် ဆွတ်ခူး သွားနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here