ဒေါ်စု အမှုအတွက် ငြင်းပယ်ခံထားရသည့် သက်သေ ၂ဦး ကို လက်ခံရန် ပြင်ဆင်မှု ပယ်ချ

alt

ဒေါ်စု အမှု အတွက် ငြင်းပယ် ခံထားရသည့် သက်သေ နှစ်ဦးအား ပြင်ဆင်ခွင့် လက်ခံရန် အတွက် ဇွန်လ ၂၄ ရက်နေ့က ဗဟို တရားရုံးတွင် လျှောက်လဲချက်ပေး ကြားနာ ခဲ့ကြပြီး၊

ယနေ့ ဇွန်လ ၂၉ရက် နေ့တွင် ဗဟိုတရားရုံး က ပယ်ချ လိုက်ကြောင်း သိရှိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး နှင့် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် တို့က ဒေါ်အောင်ဆန်းစုကြည် ဘက်မှ သက်သေထွက်ဆို ခွင့်ပြုရေး နှင့် ပတ်သက်၍ ဗဟိုတရားရုံး လျှောက်ထားခဲ့ခြင်းကို ဗဟိုတရားရုံး က ပယ်ချခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေ ဦးဉာဏ်ဝင်းမှာ ယခု ပယ်ချခဲ့ရခြင်း နှင့် ပတ်သက် ၍ အသေးစိတ် အစိတ်အလက်များကို မသိရှိ ရသေးကြောင်း၊ သိုသော်လည်း မိမိတို့ အနေနှင့် ဥပဒေတွင် ပြဆိုထားသည့် အတိုင်း မိမိတို့ အကောင်းဆုံး ကြိုးစားခဲ့ကြောင်း၊ တရားလို ဘက်မှ သက်သေ ၁၄ ဦး အား၊ ခေါ်ဆိုခဲ့ပြီး၊ တရားစွဲဆို ခံထားရသည့် တရားခံအား ၂ ဦးသာ ခွင့်ပြူခဲ့ ခြင်းသည်၊ တရားမျှတခြင်း မရှိကြောင်း ပြောဆိုသွားခဲ့သည်။ သူ့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်ပင် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောဆို ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေ နောက်တဦး ဖြစ်သူ ဦးကြည်ဝင်း ကမူ အမှန်တရားကို ရှာဖွေရာ၌ ထောင်ဒဏ် တသက်တကျွန်း ကျခံ ရသူကိုပင် သက်သေ အဖြစ်နှင့် ခေါ်ယူ နိုင်ကြောင်း၊ ထောင်ထဲ၌ ကော်မရှင်ဖွဲ့၍ အကျဉ်းသားများအား သက်သေအဖြစ် ကြားနာမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ကြံု ခဲ့ဖူးကြောင်း၊ သက်သေတွေကို မည်သည့်အတွက် ကြောင့် ပယ်ချ ခဲ့တယ် ဆိုတာ ဥပဒေအရ ပြောဖို့ တရားစီရင် ပိုင်ခွင့်ရှိသည့် ဥပဒေ ဝန်ထမ်းမှာ တာဝန် ရှိပါတယ်၊ မပြောဘူး ဆိုရင်တော့ ဥပဒေ နဲ့ ကိုက်ညီမှု မရှိပါဘူးဟု ပြောဆိုခဲ့သည်။

လက်ရှိ နေအိမ် အကျယ်ချုပ် ကျခံနေရသည့် NLD ဒုဥက္ကဌ ဦးတင်ဦး နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် တို့အား သက်သေ လိုက်ခွင့် မပြုတော့သည့် အတွက် ဒေါ်အောင်ဆန်းစုကြည် ၏ ဒုတိယ သက်သေဖြစ်သည့် ဒေါ်ခင်မို့မို့သည် လာမည့် သောကြာနေ့ ဂျူလိုင်လ ၃ ရက်တွင် အင်းစိန် ခရိုင် တရားရုံး၌ ထွက်ဆိုမှု ပြုလုပ်ရတော့မည် ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ကို အင်းစိန် ထောင်ဝင်းအတွင်း နေအိမ် အကျယ်ချုပ် ကန့်သတ်ချက် ဖေါက်ဖျက်သည့် ဥပဒေ ပုဒ်မ (၂၂) အရ ထိန်းသိမ်းထားပြီး သူမသည် သူမနှင့် အတူနေထိုင်သူ ပါတီဝင် နှစ်ဦး၊ အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံယက်တော နှင့် အတူ အင်းစိန်ထောင်ရှိ အထူးတရားရုံးတွင် အမှုရင်ဆိုင်လျှက် ရှိနေသည်။
 

LEAVE A REPLY

Please enter your comment!
Please enter your name here