ဖြစ်ပုံစုံလင် သည်လတွင်(ဇွန်)

လူ့သမိုင်း တလျှောက်တွင် လူမျိုးစု များသည် သီးခြား နေထိုင်ခြင်း အလျဉ်းမရှိပဲ ၎င်းတို့၏ လိုအပ်ချက် အရ ကုန်ပစ္စည်းများ ဖလှယ်ခြင်း၊ ကူးသန်း ရောင်းဝယ်ခြင်း ဟူသော  ယဉ်ကျေးမှု တရပ် ထွန်းကားခဲ့ချေသည်။ ၎င်းယဉ်ကျေးမှု ထွန်းကားလာသည့်နှင့် အမျှ တရုတ်ပြည်နှင့် ဥရောပ ဆက်သွယ်သည့်

ပိုးလမ်းမဟု ခေါ်တွင်သော အာရှမိုင်းနား ကုန်တွင်း ကုန်စည် လမ်းကြောင်းတွင် ကုန်သည်များ ကုန်ကူးသန်း ရောင်းဝယ်ခြင်း ပြုလုပ်ခဲ့ကြသည်။ သို့သော် အာရှ အလယ်ပိုင်း ဒေသများတွင် ကုန်းတွင်း ဓမြများ ကြီးထွား လာခဲ့သဖြင့် လမ်းကြောင်းသစ် တခုဖြစ်သော ပင်လယ် ရေကြောင်း လမ်းခရီးကို ရှာဖွေ၍ ကုန်စည် ကူးသန်းရောင်းဝယ် လာခဲ့ကြသည်။

ရှေးအခါကပင် လူဦးရေ ထူထပ်ပြီး ကြီးမားသည့် ကုန်စည်ဈေးကွက်ရှိသည့် အိန္ဒိယနှင့် တရုတ်ပြည်သို့ ကုန်စည် စီးဆင်းနိုင်ရန်အတွက် အာရပ်ကုန်သည်များက ရေလမ်းကြောင်း တခုအား ရှာဖွေနိုင်ပြီး အာရှဒေသနှင့် ကူးသန်းရောင်းဝယ်ခြင်းဖြင့် အကျိုးအမြတ်များစွာ ရရှိခဲ့ကြရသည်။ ကုန်စည် ၀န်စလှယ် အများအပြား သည်ဆောင်ရန် လွယ်ကူပြီး ကုန်ကျသက်သာသော ကုန်စည်စီးဆင်းရန် ရေလမ်းကြောင်းသစ် တခုကို တွေ့ရှိရင်း အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှတိုက်အား ဆက်သွယ်သည့် ကုန်သည် လမ်းကြောင်းတွင် ကြားခံ ကုန်စည်ဖလှယ်သည့် နေရာများမှာ အထူး ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။

ထိုဒေသများအနက် သက္ကရာဇ် ၂၄၉ ခုနှစ် မတိုင်မှီများ အတွင်း ရခိုင်ပြည် ဓညဝတီမြို့တော်အား စိုးစံခဲ့သော စန္ဒသူရိယ မင်းဆက်များ အုပ်ချုပ်စဉ် ကာလများ၊ ဘီစီ-၁၇- ရာစုအတွင်း သုဝဏ္ဏဘူမိအား စိုးစံခဲ့သော သီဟရာ မင်းဆက်များ အုပ်ချုပ်စဉ် ကာလများတွင် ကမ်းရိုးတန်းဒေသတွင် အခြေချခဲ့သည့် ရခိုင်နှင့် မွန်ဒေသများတွင် ပင်လယ် ဆိပ်ကမ်းကောင်းများ တည်ရှိသဖြင့် ထိုလူမျိုးများသည် စီးပွားရေး တိုးတက်ကောင်းမွန်ပြီး လူနေမှု အဆင့်အတန်း အထူး မြင့်မားလာခဲ့သည်။

သို့သော် အာရပ်များနှင့် တူရကီလူမျိုးတို့ အာရှ မိုင်းနားဒေသတွင် အင်အားကြီးထွား ချုပ်ကိုင် လာနိုင်သောကြောင့် ဥရောပတိုက်သားများ အတွက် အာရှတိုက်နှင့် ကုန်စည် ကူးသန်း ရောင်းဝယ်ရာတွင် အဟန်အတားများ ဖြစ်လာခဲ့သည်။ ထိုအခါ ဥရောပတိုက်မှ ပေါ်တူဂီ၊ စပိန်၊ ဒတ်ချ် လူမျိုးက ရေကြောင်းလမ်းများ ရှာဖွေလာကြ ပြန်သည်။ ဥရောပ တိုက်သားထဲမှ အာရှတိုက်သို့ ရေကြောင်းလမ်းဖြင့် ပထမဦးဆုံး ရှာဖွေရှိသည့် သူမှာ ဘတ်စကိုဒဂါးမားဟု သမိုင်းဆရာများက ဆိုသည်။

သို့အတွက် ဥရောပတိုက်သား များသည် အရှေ့ အလယ်ပိုင်းသားများ ကြီးစိုးနေခဲ့သော မြေထဲပင်လယ် လမ်းကြောင်းအား အသုံးမပြုတော့ပဲ အာဖရိကတိုက်ကို ကွေ့ပတ်၍ အိန္ဒိယနှင့် တရုတ်ပြည်သို့ ကုန်စည် ကူးသန်း ရောင်းဝယ်ခဲ့ကြသည်။ တရုတ်ပြည်လမ်းကြောင်း အတွက် ကုန်စည်ဖလှယ်ရာ ဆိပ်ကမ်းဒေသများ အဖြစ် ရခိုင်နှင့် တနင်္သာရီ ကမ်းရိုးတန်းများကို အသုံးပြုခဲ့ကြသည်။ ထိုအချိန် ကာလာများသည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ရခိုင်နှင့် မွန် တိုင်းရင်းသား လူမျိုးများ ရွှေခေတ်ဟု ခေါ်ဆိုရလျှင် မှားနိုင်ချေ။

ယခုအခါ ကမ္ဘာ့ကုန်သွယ်ရေးတွင် စီးပွားရေးကောင်းမွန်သော တရုတ်ပြည်သည် ကုန်စည်များ ဈေးနှုန်းသက်သာစွာဖြင့် ကူးသန်း တင်ပို့နိုင်ရန်အတွက် လမ်းကြောင်းတခု ရှာဖွေလာသည်။ ထိုလမ်းကြောင်းသည် တိုးတက်လာသော တရုတ်ပြည်၏ အထူးလိုအပ်နေသော လျှပ်စစ်စွမ်းအင် အတွက် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကို သယ်ယူရန်နှင့် တရုတ်ကုန်စည်များကို အိန္ဒိယ၊ ဘင်္ဂလာဒေရှ့် အာဖရိကနိုင်ငံ များသို့ တင်ပို့ရန်အတွက် ဈေးနှုန်းချိုသာ၍ ပေါ၊ချောင်၊ကောင်းသော လမ်းကြောင်းကို ဖောက်လုပ်မည့် စီမံကိန်း ရှာဖွေလာရခြင်း ဖြစ်သည်။

သို့အတွက် ၎င်းလမ်းကြောင်းတွင် တည်ရှိသော ဒေသများ၊ နိုင်ငံများအတွင်း တည်ငြိမ် အေးချမ်းမှုသည် တရုတ်ပြည် အစိုးရမှ ဖောက်လုပ်မည့် လမ်းကြောင်းအတွက် ပဓါနကျကာ အခရာ ဖြစ်လာသည်။ ထို့အပြင် တရုတ် အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း ရခိုင်ကမ်းလွန်ဒေသမှ သဘာဝဓါတ်ငွေ့ကို သွယ်ယူရန်နှင့် အရှေ့ အလယ်ပိုင်းဒေသမှ ရေနံကို သင်္ဘောများဖြင့် မလက္ကာ ရေလက်ကြားကို ဖြတ်သန်းပြီး သယ်ယူရန် မလိုအပ်တော့ပဲ သက်သာစွာဖြင့် အလွယ်တကူ သယ်ယူနိုင်လိမ့်မည်။ ထိုလမ်းကြောင်းသည် ရခိုင်ပြည်နယ်မှ တဆင့် Guizhou ပြည်နယ်ကို ဖြတ်သန်းကာ Guangxi ဒေသ၏ မြို့တော်ဖြစ်သည့် Nanning မြို့တွင် အဆုံးသတ်သဖြင့် ကုန်သွယ်လမ်းကြောင်း အတွင်းရှိ တရုတ်ပြည် ကုန်းတွင်းဒေသများ ဖွံ့ဖြိုးစည်ပင်လာရန် တရုတ်အစိုးရက ရည်ရွယ်ဟန်ရှိသည်။ ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် ထိုလမ်းကြောင်းကို ဖြစ်မနေ တည်ဆောက်လာမည်။

ယနေ့ ကမ္ဘာ့ခေတ်သစ် ပင်လယ် ကုန်စည်ကူးသန်းရာတွင် အသုံးပြုသည့် ပင်မ လမ်းကြောင်းသည် အိန္ဒိယ သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာမ၏ တံခါးပေါက်ဖြစ်သော မလက္ကာရေလက်ကြား ဒေသများ တိုးတက် ဖွံ့ဖြိုးခဲ့ရသည်။ အကယ်၍ တရုတ်ပြည်၏ အသစ်ဖောက်လုပ်မည့် ကုန်သွယ်လမ်းကြောင်း ဖြစ်တည်လာလျှင် စင်္ကာပူ စီးပွားရေး ထိခိုက်လာမည်ကို စိုးရိမ်သော စင်္ကာပူ အစိုးရအနေဖြင့် မျက်ခုံးလှုပ်စရာ ဖြစ်လာခဲ့ချေပြီ ဖြစ်သည်။ သံတမန် လောကတွင် လိုအပ်သူများက သွားရောက် လိုအင်များကို တောင်းခြင်းဖြင့်သာ တရားဝင် လည်ပတ်ခြင်းအမှု ပြုသည် မဟုတ်ပါလား။ ထို့ကြောင့် ဇွန်လ ရ ရက်၊ ၈ ရက်အတွင်း စင်္ကာပူ ၀န်ကြီးချုပ်ဟောင်းနှင့် လက်ရှိ ၀ါရင့် ၀န်ကြီးဟောင်း ဂိုချုပ်ထောင်သည် မြန်မာ အာဏာပိုင်များကို လမ်းကြောင်း အသစ်အား တီးခေါက်ရန် လာရောက် လည်ပတ်သည်ဟု ထင်မှတ်စရာ ဖြစ်လာသည်။

သီရိလင်္ကာ မြောက်ပိုင်း ခွဲထွက်ရေး တမီလ်ကျားသူပုန် LTTE တပ်ဖွဲ့သည် သီရိလင်္ကာ အစိုးရအား တော်လှန် ပုန်ကန်နေသည်မှာ နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပါသည်။ အစိုးရအနေဖြင့် တမီလ် သူပုန်များအား အမြစ်ပြတ် ချေမှုန်းရန် ခက်ခဲ့သည့် အနေအထားမှ တနှစ်အတွင်း အပြုတ်တိုက် ချေမှုန်းနိုင်ခဲ့သည်။ ထိုသည်မှာ သီရိလင်္ကာ အစိုးရ၏ စွမ်းပကားကြောင့် မဖြစ်တန်ရာဟု ကောက်ချက်ဆွဲရမည်။ အဘယ်ကြောင့် ဆိုသော် တရုတ်ပြည်အတွက် ကုန်သွယ်ရေး လမ်းကြောင်းအသစ် အတွင်း တမီလ်သူပုန်က ယခု ခေတ်စားနေသော ဆိုမားလီးယား ပင်လယ်ဓမြကဲ့သို့ ပြုလုပ်ဆောင်ရွက်မည်ကို တရုတ်အစိုးရက အထူး စိုးရိမ် လိမ့်မည်။

ထို့ကြောင့့် သူပုန်တပ်ဖွဲ့အား အမြစ်ပြတ် ချေမှုန်းရန်အတွက် တရုတ်အစိုးရက သီရိလင်္ကာအစိုးရအား ဘဏ္ဍာနှင့် လက်နက်များ ထောက်ပံအားပေးခဲ့ သဖြင့် ယခုလို မြန်မြန်ဆန်ဆန်နှင့် ပွဲသိမ်းခဲ့ရခြင်း ဖြစ်သည်။ ပြည်တွင်းစစ် အတွင်း သူပုန်အား အပြီးသတ် ချေမှုန်းပြီးသည့်နောက် သီရိလင်္ကာ သမတသည် သီရိလင်္ကာ စစ်တပ်၏ ဗိုလ်ချုပ်များနှင့် အတူ ပထမဦးဆုံး ပြည်ပ တရားဝင် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာ၏။ ထိုသည်မှာ လမ်းကြောင်းအသစ် အတွင်း အကျိုးတူ စီးပွားရေး ဖက်စပ်လုပ်ငန်းများ အတွက် မြန်မာနိုင်ငံအား လာရောက် လည်ပတ်သည်ဟု ဆိုသည်။ တခြားသော သုံးသပ်သူများ ကမူ အမြစ်ပြတ် ချေမှုန်းသည့် နည်းဗျူဟာကို မြန်မာ စစ်တပ်အား ချပြဆွေးနွေးရန် ရောက်လာသည် ဟု ဆို၏။ သို့အတွက်ကြောင့်လည်း ဘင်္ဂလား ပင်လယ်အော်အတွင်းသို့ ထိုးဖောက်နိုင်မည့် ကရင်သူပုန်များအား အမြစ်ပြတ် သို့မဟုတ် လုံးဝ နလံမထူ သည့်တိုင်အောင် တိုက်ခိုက်နေသည်ကို တွေ့ရသည်။ ပုံမှန်အားဖြင့် န.အ.ဖ အနေဖြင့် ကရင်သူပုန်များကို နွေဦးပေါက် ပွင့်လင်း ရာသီများ၌သာ ထိုးစစ်ဆင်လေ့ ရှိသည်မှာ အထူးသတိပြုစရာပင်၊ ယခုမူကား။

တရုတ် ဗီယက်နမ် နှင့် မြောက်ကိုးရီးယား နိုင်ငံများတွင် တပါတီ အာဏာရှင် စနစ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသော်လည်း မြန်မာ စစ်တပ်ကမူ တိုင်းပြည်အား အာဏာသိမ်းပြီး အုပ်ချုပ်နေသည်။ ထို့ကြောင့် ပြည်သူနှင့် အုပ်ချုပ်သူတို့၏ သဘောထား ကွဲလွဲမှုသည် နက်ရှိုင်းစွာ တည်ရှိခဲ့သည်။ မြန်မာစစ်တပ်သည် စနစ်တခုကို တစိုက်မတ်မတ် ခေါင်းစဉ်တပ်ပြီး ပြုလုပ် နိုင်ခဲ့သေးပါ၊ အနောက်တိုင်းနိုင်ငံများ၏ ကိုလိုနီဘဝမှ လွတ်လပ်ရေး ရယူချင်း အချိန်တူတူပင် သော်ငြားလည်း အခြားနိုင်ငံများ၌ နိုင်ငံရေးစနစ် တံဆိပ်တခုကို တပ်ပြီး တိုင်းပြည် ကို တစိုက်မတ်မတ် ဦးဆောင် အုပ်ချုပ်နေသည်။

ခေါင်းစဉ်တခု တပ်ရန်လည်း န.အ.ဖ တဖြစ်လဲ စစ်တပ်တွင် သတ်သတ်မှတ်မှတ် ရှိလိမ့်မည်ဟု မထင်၊ လက်တလုံးခြား လမ်းစဉ်များကို ဘန်းပြပြီး တိုင်းပြည်ကို ချောက်ထဲ ကျလုလုမှ ကယ်တင်နေ သယောင်ယောင် အသံကောင်းသာ ဟစ်နေသည်။ သေချာတာက တိုင်းပြည် ဆင်းရဲတွင်းနက်အောင် လုပ်ခဲ့သည်မှ သူတို့ဖြစ်ကြောင်းတော့ ၀န်မခံသေးပေ။

ဥပမေယျကို တခု ဆွဲယူ ထောက်ပြရမည် ဆိုလျှင် နိုင်ငံရေးမှာပင် မဟုတ်သေးပါ၊  န.အ.ဖ စစ်အစိုးရသည် အုပ်ချုပ်သူ နေရာ၌ နေ၍ လူကြီးမဆန်ချေ၊ မည်သည့်အရာမဆို ပြည်သူများအား စည်းကမ်းမရှိဟု ပုတ်ခတ်ပြောဆိုခြင်းကို ထောက်ရှု့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့အတွင်း မိုးရာသီ၌ မိုးသည်းထန်စွာ ရွာသွန်း၍ ရေနုတ်မြောင်းများ ပိတ်ဆို့ပြီး လမ်းများအပေါ် ရေလျှံလေ့ရှိသည်။ ထိုအရာကို အာဏာပိုင်များက ပြည်သူတွေ အမှိုက်ပစ်ရာ စည်းကမ်းမရှိဟု ကောက်ချက်ဆွဲ ပြောဆိုနေသည်။ ပြည်သူနဲ့ အုပ်ချုပ်သူဆိုသည် မှာ မိဘနဲ့ သားသမီး၊ ဆရာနှင့် တပည့် ပုံသဏ္ဍာန်ကဲသို့ ကျင့်တန်ရာ၏။ အာဏာပိုင်သည့် သက်ဆိုင်ရာများက စနစ်တကျ ပြုပြင်တည်ဆောက် ထိန်းသိမ်း ကြပ်မတ်မှသာလျှင် မြို့ရွာ စည်ပင်သန့်ရှင်း လာမည် ဖြစ်သည်။

ဟိုကြေး ဒီကြေး ကောက်ခံရန်လောက်သာ တွေးတောနေရင် ခက်ပါ့မလား၊ ကိုယ်အပြစ်ကို ပြည်သူ့ အပြစ်ဟု လက်ညိုးထိုးချ စွပ်စွဲနေသည်မှာ ၀မ်းနည်းဖွယ်ရာ မြင်ရ ကြားရ နေပါသည်။ ထိုအတူ ဖြတ်သန်းလာသော ခေတ်စနစ်များကို လက်ရှိ အာဏာရနေသော စစ်တပ်က တီထွင် ကျင့်သုံးပြီးနောက် မအောင်မြင်ပဲ ပျက်စီးရခဲ့သည်ကို ပြည်သူများ၏ အပြစ်ဟုသာ လှီးလွှဲ  ပြောဆိုခဲ့သည် မဟုတ်လား။

အတူတူ မတူကွဲပြားသည့် သဘောထားများကို လက်မခံပဲ မိမိ သဘောထားသာလျှင် အမြဲတစေ မှန်ကန်သည့်ဟု ထင်မြင်ချက်ရှိသော န.အ.ဖ ၏ အတွေးခေါ်သည် ဒေသဆိုင်ရာ အကြမ်းဖက်မှုကို လက်ယပ်ခေါ်နေသလို ဖြစ်နေသည်။ သို့အတွက် နိုင်ငံရေး တည်ငြိမ်မှုသည် တရုတ်နိုင်ငံလို မရရှိခဲ့သဖြင့် မြန်မာ စစ်အစိုးရအပေါ် အားမလို အားမရ ဖြစ်နေမှာ အမှန် ဖြစ်၏။ နိုင်ငံရေး တည်ငြိမ်မှုကို လမ်းပြမြေပုံဖြင့် ဆောင်ရွက်နေသည်ဟု န.အ.ဖ အနေဖြင့် တရုတ် အစိုးရအား အကြောင်းပြ နေပါသည်။

သို့ပေမဲ့ တရုတ်နိုင်ငံသည် တပါတီစနစ်ဖြင့် သွားနေသော်လည်း န.အ.ဖ ၏ စည်းကမ်းရှိသော ဒီမိုကရေစီ လမ်းပြမြေပုံကို နိုင်ငံတကာ အမြင်ဘက်က ကြည့်ရှု့သဖြင့် နအဖ၏ လမ်းပြပုံသည် အခုဆောက်လုပ်မည့် ကုန်သွယ်ရေး လမ်းကြောင်းသစ် အတွက် ခလုတ်ကန်သင်းတခု ဖြစ်နေ၏။

တရုတ် အာဏာပိုင်များ အနေဖြင့်လည်း သူတို့နိုင်ငံလို နိုင်ငံရေးပုံစံ ပုံသွင်းလို့ မရသည့်အတွက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရာတွင် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီထက် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီ စနစ်တခုကို မြန်မာပြည်တွင် တည်ဆောက်စေချင်သည့် သဘောထား ရှိနေမှာပါ။ သမိုင်းကြောင်းကို ထောက်ရှူ့လျှင်လည်း မြန်မာ့နည်း မြန်မာဟန် ဆိုရှယ်လစ်စနစ်ကို န.အ.ဖ တဖြစ်လဲ စစ်တပ်က ဇွတ်အတင်း သွတ်သွင်းခဲ့သဖြင့် တိုင်းပြည်သည် မကြေလည်မှုများနှင့် အဆုံးသတ်ခဲ့သည်ကို တွေ့ရသည်။ တဖက်က ပြန်ကြည့်မည် ဆိုလျှင် တရုတ် အနေဖြင့် အခုလို ကမ္ဘာ့စီးပွားရေး ကျဆင်းနေသည့်အချိန်တွင် လမ်းကြောင်းသစ် ဖေါက်လုပ်မှုအား ဈေးပေါပေါဖြင့် ပြီးစီးအောင် ဆောင်ရွက်ချင်သည့် အာသီသ ရှိနေခဲ့မည် အမှန်ပေ။ ထို့ကြောင့် လမ်းကြောင်းသစ် အတွင်း အရေးကြီးဆုံးဒေသ ဖြစ်သော မြန်မာ နိုင်ငံ အတွင်း ဒေသအတွင်း မတည်ငြိမ်မှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ သည် တရုတ်အစိုးရအတွက် စိတ်ငြီးငြူစရာများ ဖြစ်နေရမည် အသေအခြာပင် ဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်နမိတ်ခြင်း ထိစပ်နေသော ဒေသများအတွင်း လူမျိုးစု သူပုန်အရေး၊ အထူးသဖြင့် ကုန်သွယ်ရေး လမ်းကြောင်းအသစ် ဖြတ်သန်း တည်ရှိနိုင်မည်ဟု ယူဆသော လူမျိုးစုသူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေနှင့် ၎င်းတို့၏ လက်နက်ကိုင်တပ် အနာဂါတ်သည် မရေရာ သေချာမှုနှင့် စခန်းသွားနေရ၏။ နယ်ခြားစောင့်မှုကို လက်မခံသည့် အနေဖြင့် တပ်များ တိုးချဲစုစည်း အင်အားပြလျှက်၊ ရွေးကောက်ပွဲ အပြီး နောက်တက်လာမည့် အစိုးရနှင့်သာ နယ်ခြားစောင့် တပ်ဖွဲမူကို ဆွေးနွေးမည်ဟု အချိန်ဆွဲ အလျှော့အတင်း လုပ်နေရပါသည်။ သို့သော် န.အ.ဖ ၏ နယ်ခြားစောင့်မူကို ပြတ်ပြတ်သားသား ဆန့်ကျင် မနိုင်ခဲ့ပေ။

အကယ်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နယ်ခြားစောင့်မူကို လက်ခံပြီးနောက် မည်သို့ မည်ပုံ ဆက်ဖြစ်လာနိုင်မည်နည်း…

လွတ်လပ်ရေးရစ မြန်မာ့တပ်မတော်တွင် ကရင် သေနတ်ကိုင်တပ်ရင်း၊ ကချင်သေနတ်ကိုင် တပ်ရင်းနှင့် ချင်းသေနတ်ကိုင် တပ်ရင်းများ ရှိခဲ့သည်။ ၄၇ အခြေခံဥပဒေအရ ပြည်နယ်စစ်တပ် ထားရှိရေးမူအရ ဖွဲ့စည်းပြီး ၀န်ကြီးချုပ် လက်အောက်တွင် ထားရှိခဲ့သည်။ သို့သော် ဦးနေဝင်း တက်လာပြီးနောက် ထို တပ်ရင်းအားလုံးကို ရောသမှမွှေ လိုက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့စေကာ တစုတစည်း ထားလိုက်သည်။ နောက်ဆုံး တပ်ရင်း နာမည်တောင် ပျောက်ဆုံးရတဲ့ ဘဝသို့ ဆိုက်ရောက် သွားလေတော့သည်။ ထို့နောက် ပြည်တွင်းစစ်မီး အတွင်း မူရင်း တပ်ရင်းများသည် ကိုယ်ပိုင်ဒေသများတွင် အမှုထမ်းရခြင်း မရှိပဲ၊ အနယ်နယ်ရပ်ရပ်သို့ ပြောင်းရွေ့ ပစ်ခဲ့သည်။

ယခုလည်း မြန်မာစစ်တပ်၏ အိမ်နီးနားချင်း နိုင်ငံများပေါ် သဘောထားသည့် နိုင်ငံခြားရေး မူဝါဒမှာ ပြင်းထန်လွန်းသဖြင့် ထိုင်းနှင့် ဘင်္ဂလားဒေရှ် နိုင်ငံများနှင့် အမြဲတစေလိုလို ပြဿနာများ ဖြစ်ပွားနေရသည်။ သို့သော် အင်းအားကြီးသော တရုတ်နှင့် အိန္ဒိယနိုင်ငံများ အပေါ် ပျော့ပြောင်းသော မူဝါဒများ ကျင့်သုံးနေ၏။ နယ်ခြားစောင့် တပ်ဖွဲ့ရေးမူအား လက်ခံပြီးနောက်ပိုင်း တကယ်လို့ ထိုနိုင်ငံများနှင့် ပြဿနာများ ဖြစ်ပွားလာလျှင် နယ်ခြားစောင့်တပ်များ ဖြစ်ပွားရာ ဒေသများသို့ ပို့လွတ်ခြင်း ခံရမည်။ ထိုအခါ နယ်ခြားတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ထိုဒေသများတွင် သက်ထက်ဆုံး အမှုထမ်း နေရလိမ့်မည်။ အထူးသဖြင့် န.အ.ဖ အနေဖြင့်လည်း နယ်ခြားစောင့် တပ်ဖွဲ့များကို မူရင်းဒေသတွင် မထားလိုသဖြင့် ပြည်ပ အရေးတခုခုကို မလွဲမသေ ဖန်တီးလာနိုင်ပြီး နယ်ခြား တပ်ရင်းများ ကို ၎င်းတို့ဒေသနှင့် ဝေးရာကို ပို့လွတ်သည့် နည်းဗျူဟာကို ကျင့်သုံးလာမည် ဖြစ်သည်။

တရုတ်ပြည်သူ့ သမတနိုင်ငံ ဒု-သမတ မစ္စတာ ရှီကျင်းဖျင် ၏ ဖိတ်ကြားချက်အရ ဇွန်(၁၅) ရက်နေ့မှ (၂ဝ) ရက်အထိ (၆) ရက်ကြာ ခရီးထွက်နေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ခရီးစဉ်အတွင်း ဖြစ်ပေါ်လာမည့် အကျိုးရလဒ်သည် မြန်မာပြည် အရှေ့မြောက်ဖက်တွင် လှုပ်ရှားနေသည့် လူမျိုးစု သူပုန်တို့၏ အနာဂါတ်ဟု ပြောရမည်ဆိုလျှင် မမှား နိုင်ပေ။ ဗိုလ်မောင်အေး အနေဖြင့် သူတို့၏ လမ်းပြမြေပုံသည် ဒေသတည်ငြိမ်မှု ရရှိစေမည်ဟု တရုတ်အစိုးရအား အာမခံချက် ပေးလိမ့်မည် ဖြစ်သည်။ တကယ်လို့ ခရီစဉ်အတွင်း မြန်မာပြည်ဘက်က ဗိုလ်မောင်အေး ၏ တင်ပြမှု၊ ဆောင်ရွက်မှုများ အောင်မြင် သွားလျှင် အရှေ့မြောက်ဖက် လှုပ်ရှားနေသော လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များသည် တရုတ်အစိုးရ၏ ဖိအားကို မလွဲမသွေ ခံရပြီး လက်နက်စွန့် သို့မဟုတ် နယ်ခြားစောင့်မူကို လက်ခံရမည်။ ဤနေရာ အား သုံးသပ်ရမည်ဆိုလျှင် န.အ.ဖ ၏ နယ်ခြားစောင့်မှု အတွင်းသို့ မဖြစ်မနေ ဇွတ်အတင်း သွတ်သွင်း မခံရမှီ ကချင် သူပုန်အနေဖြင့် မြေအောက် ကလပ်စည်းတခုကို ခိုင်ခိုင်မာမာ တည်ဆောက်သင့်သော အချိန်အခါ ဖြစ်သည်ဟု ယူဆ၏။

အင်အားကြီးသော အဖွဲ့များကို ယှဉ်ဆိုင်ရသည့် အချိန်တွင် မိမိ အင်အားက မမျှတ ဖြစ်နေလျှင် ထိုနည်းလမ်းသည် အကောင်းဆုံး ဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်ရန်အတွက် မဆိုလိုပါ။ ကချင် KIO သဘောထား အရ ရွေးကောက်ပွဲ အပြီး တက်လာသည့် အစိုးရနှင့် ဆွေးနွေးခွင့် ရရင်လည်း ကချင် ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် တင်းပြည့်ကျပ်ပြည့် အခွင့်ရေးရနိုင်မည် မဟုတ်ပါ။ သို့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံ၊ တိုင်းရင်းသားများနှင့် စစ်တပ်တို့ တွေ့ဆုံ ဆွေးနွေးပြီး ဖြစ်ပေါ်လာသည့် အကျိုးရလဒ်သာလျှင် တိုင်းရင်းသားတို့၏ အကောင်းဆုံး အနေအထား ဖြစ်လာနိုင်သည်မှာ မလွှဲဧကန်ပင်။

ထို့နောက် တရုတ်မြန်မာ နယ်စပ်တလျှောက် အခြေပြုလှုပ်ရှားနေသာ လက်နက်ကိုင်များ၏ တစုတစည်းတည်း ရှိမှသာ နယ်ခြားစောင့်မူအား ဆန်ကျင်နိုင်မည်။ သူတလူ ငါတဖွဲ့ပုံစံဖြင့် ဆန်ကျင့်နေမည်ဆိုလျှင် န.အ.ဖ ၏ လုပ်ရပ်အတွင်း ကျရောက်မည်သာ ဖြစ်၏။ ဗမာပြည် ကွန်မြူနစ် ပါတီ ( ဗကပ ) ၏ ၁ဝ၁ စစ်ဒေသ အဖြစ် ပါဝင်လှုပ်ရှားခဲ့ကာ ဗ.က.ပ မှ ခွဲထွက်လာသော ဦးဆခုန်တိန့်ယိင်း ဦးဆောင် သည့် NDAK သည် န.အ.ဖ ၏ နယ်ခြားစောင့်မှုကို လက်ခံလိုက်သည်။ ထိုသည်မှာ အင်အားသေးငယ်သည့် အဖွဲကွဲများကို ဖဲ့ထုတ် စည်းရုံးပြီး တရုတ် အာဏာပိုင်များကို အကြောင်းပြနိုင်လိမ့်မည် န.အ.ဖ၏ အကွက် တခုပေ။ အကယ်၍ န.အ.ဖ ၏ အကြောင်းပြချက်ကို တရုတ်အစိုးရက လက်ခံလိုက်လျှင် တရုတ် မြန်မာ နယ်စပ်အတွင်း လှုပ်ရှားနေသော လက်ကျန် အဖွဲ့များ အားလုံးကို တရုတ်နိုင်ငံအား ဖိအားဖြင့် န.အ.ဖ အကြပ်ကိုင် လာနိုင်သည်။

မြန်မာစစ်တပ်အား တော်လှန်ခဲ့သော ပြည်တွင်း လက်နက်ကိုင်အဖွဲ့ များသည် သက်ဆိုင်နီးစပ်ရာ နိုင်ငံများကို ကျောထောက် နောက်ခံပြုပြီးမှသာ ဆန်ကျင့်မှု ပြုခဲ့ရသည်။ အရှေ့မြောက်ဖက် ဒေသများတွင် တည်ရှိသော တိုင်းရင်းသား လက်နက်ကိုင်များ၏ အနာဂါတ်သည် တရုတ် အစိုးရပေါ်တွင်သာ မူတည်သည်။ ၎င်းအချက်ကို ကောင်းကောင်းသိနေသော န.အ.ဖ အတွက် ဗိုလ်မောင်အေး၏ ယခုအခေါက် တရုတ်ပြည် ခရီးစဉ်တွင် ထိုအကြောင်းအရာအား အဓိက အနေဖြင့် တင်ပြဆွေးနွေး လာလိမ့်မည်သာ ဖြစ်သည်။

ထို့ကြောင့် တရုတ် ပြည်သူ့ သမတနိုင်ငံ သမတ မစ္စတာ ၀မ်ကျားပေါင်က မြန်မာပြည် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုကို မျှော်လင့်နေသည်ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ထုတ်ဖော်ပြောဆိုခဲ့သည်။ တရုတ်အစိုးရ၏ မျှော်လင့်သော မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှုသည်လည်း လမ်းပြ မြေပုံသာ ဖြစ်ရမည်ဟု ဗိုလ်မောင်အေးက သဘောထားပေးမည် ဖြစ်၏။ သို့ဖြစ်ပါ၍ တရုတ် အာဏာပိုင်များ လိုလားသော မြန်မာပြည် ပြောင်းလဲမှုသည် လမ်းပြ မြေပုံဟု မှတ်ချက်ပေးလိုက်လျှင် အရှေ့မြောက်ပိုင်း ဒေသအတွင်း တိုင်းရင်းသားများ၏ တုန့်ပြန်ချက်သည် … ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက်

သေနတ်ဖေါက်မည်လော … သို့မဟုတ် လည်စင်းခံ ဆပ်မည်လော

ဟု အတွေး လွင့်မျောရင်းဖြင့် ဤတလအတွင်း ဖြစ်ပွားခဲ့သည့် သတင်းများအပေါ် သုံးသပ်ချက်အား ထိုမျှသာဖြင့် ရပ်နားပါရစေ…။

လူလ

ရွှင်လန်းချမ်းမြေ့ပါစေ

LEAVE A REPLY

Please enter your comment!
Please enter your name here