အာဖဂန် နစ္စတန်တွင် လက်ပစ်ဗုံးအား ခွေးတကောင်မှ မြိုချမိ

alt

အချို့သော ခွေးကလေးများသည် တွေ့သမျှကို ကိုက်ချင်၊ မြိုချချင်သော ဉာဉ်ဆိုးလေးများ ရှိကြသော်လည်း အာဖဂန် နစ္စတန်ရောက် ဗြိတိန် စစ်တပ်မှ အသုံးပြုနေသည့် ခွေးကလေး တိုဘီ ကဲ့သို့ ရင်ထိတ်စရာ အဖြစ်မျိုးနှင့် ကြံုတွေ့ရန် လွန်စွာခဲယဉ်း နိုင်ပေလိမ့်မည်။

တိုဘီသည် ပြီးခဲ့သော သတင်းပါတ် အတွင်းက ဗုံးတစ်လုံးကို တွေ့ရှိပြီးနောက် မြိုချလိုက်ကြောင်း ဗြိတိန် စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။ အဆိပ်အတောက်နှင့် အန္တရာယ်ရှိသော ပစ္စည်းများကို အနံ့ခံ ထောက်လှမ်းရန် လေ့ကျင့် ပေးထားသော တိုဘီအား ဗုံးမြိုထားကြောင်း သိသည်နှင့် တပြိုင်နက် ဘက်စတီယန် စစ် အခြေစိုက်စခန်းသို့ ဆေးဘက်ဆိုင်ရာ ရဟတ်ယာဉ် တစ်စင်းဖြင့် ချက်ချင်း သယ်ဆောင် သွားခဲ့ရသည်။

တာလီဘန် စစ်သွေးကြွများသည် စစ်ရေးအရ အချက်အချာကျသော ရှေ့တန်း နေရာများတွင် ဖောက်ခွဲရေး ပစ္စည်းများကို မြှုပ်နှံထားလေ့ရှိပြီး တိုဘီသည် ထိုပစ္စည်း တခုခုကို မြေပြင်ပေါ်တွင် အမှတ်မထင် တွေ့ရှိပြီးနောက် မြိုချ ခဲ့ဟန်ရှိကြောင်း သိရသည်။ ခွေးကလေးကို ရဟတ်ယာဉ်နှင့် တင်ဆောင်လာရသော လမ်းတစ်လျှောက်တွင် ကလေးများအတွက် အသုံးပြုသော အောက်စီဂျင်မျက်နှာဖုံး တပ်ဆင် ထားပေးရကြောင်း ၎င်းအား ကြီးမှူးခေါ်ဆောင်ခဲ့သူ ဗိုလ်ကြီးမတ်(ခ်)ကလက် က ရှင်းပြခဲ့သည်။

ဗုံးအတွင်းမှ အဆိပ်အတောက် ပါသော ဓာတ်ပစ္စည်းများ တိုဘီ ၏ ခန္ဓာကိုယ်တွင် စတင်ပြန့်နှံ့ နေသဖြင့် အောက်စီဂျင် ပေးထားရခြင်း ဖြစ်သည်ဟုလည်း ကလက် က ဆိုသည်။ ထို့နောက် ခွေးကလေး၏ ကိုယ်အတွင်းမှ ဓာတု အညစ်အကြေးများကို သန့်စင် ဖယ်ရှားပြီး ဗုံးကိုပါ ထုတ်ယူနိုင်ခဲ့ကာ (၂၄)နာရီမျှ စောင့်ကြည့်နေခဲ့ကြောင်း ဆေးဝန်ထမ်းများက ပြောကြားခဲ့ကြသည်။

ယခု အခါတွင် တိုဘီသည် အခြေအနေ ကောင်းမွန်ပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ပေ။ ကလက်က ၎င်းအနေနှင့် တိုဘီ အပြည့်အဝ နေကောင်းလာချိန်တွင် တွေ့ကရာ လျှောက်မစားမိအောင် သင်ပေး ရဦးမည်ဖြစ်ကြောင်း ITV သတင်းဌာနသို့ ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here