ဒီမိုကရေစီ ရရှိရေး စုပေါင်းဝိုင်းဝန်း ကြိုးပမ်းကြပါစို့

၂ဝဝ၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ရွှေဂုံတိုင် ကြေညာချက်သည် နိုင်ငံရေး အရ အားကောင်း ခိုင်မာသည့်

ကြေညာချက် တခု ဖြစ်သည့် အပြင် အခြေအနေ အချိန်အခါ နှင့် လိုက်ဖက် ညီလှပေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် နိုင်ငံရေးပါတီဖြစ်သည့် အားလျော်စွာ နိုင်ငံရေး ပြဿနာ များကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းမည် ဆိုသည့် ဖြောင့်မတ်မှန်ကန်သည့် လမ်းစဉ်ကို ကိုင်စွဲကျင့်သုံးလျက် ရှိသည်။ ထို့ကြောင့်ပင် မြန်မာစစ်အာဏာပိုင်များအား တွေ့ဆုံဆွေးနွေးမှုများဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် အစဉ်တစိုက် ဖိတ်ခေါ်နေခဲ့သည်။ သို့သော် စစ်အာဏာရှင် နအဖကမူ ဖုတ်လေသည့်ငပိ ရှိသည်ဟု မှတ်ယူခြင်း မရှိပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်များကို မသိကျိုးကျွံ ပြုထားသည်မှာ ယနေ့ တိုင်ဖြစ်သည်။

ထိုကြေငြာချက်ထုတ်ပြန်ပြီး ရက်သတ္တ (၂)ပတ်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်အား အကွက်ဆင်ကာတရားစွဲ အပြစ်ပေးနိုင်ရေးကို စစ်အုပ်စုက လုပ်ဆောင်လာသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မိမိတို့ ခေါင်းဆောင် အား မတရား ဖမ်းဆီးထောင်ချရေး ကြံစည်မှုများကို ကျော်လွှားအနိုင်ရရေးအတွက် ကြိုးပမ်းလာရပြန်သည်။ ထိုအချိန်၌ နိုင်ငံတကာ.ဖိအားက စစ်အာဏာရှင်များအပေါ် ပြင်းထန်စွာ ကျရောက်နေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ချသည့် စီရင်ချက်ချမှတ်ရေး လုပ်ကြံလိမ်လည်မှုသည် ထင်တိုင်းမပေါက် ဖြစ်နေသည်၊ ထို့ကြောင့်ပင် အမှု စစ်ဆေးကြားနာမှုများကို ရက်ချိန်းပေးကာ ရွှေ့ဆိုင်းနေခဲ့သည်မှာ သုံးကြိမ်ရှိနေပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီတရပ်ဖြစ်သည့်အပြင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် လူထု၏ တခဲနက် ထောက်ခံအားပေးမှုကို ရထားသည့်အတွက် ထိုကဲ့သို့ထောက်ခံမှု တနည်းအားဖြင့် နိုင်ငံရေး အရ လုပ်ပိုင်ခွင့် mandate ဖြင့် ဦးဆောင်မှုပေးရမည် ဖြစ်သည်။ ဤသည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တာဝန်ကြီး ဖြစ်သည်၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာ့နိုင်ငံရေး ပြဿနာများကို လိုက်လျောညီထွေစွာ ဖြေရှင်းပေးနိုင်မည့် ရွှေဂုံတိုင် ကြေညာချက်ကို ထုတ်ပြန်လျက် ရှေ့တိုးလုပ်ဆောင်လုဆဲဆဲတွင် ဒေါ်အောင်ဆန်းစုကြည် မတရား စွဲဆိုခံနေရသည့်အမှု နောက်သို့ ဦးစားပေးလိုက်နေရသဖြင့် နိုင်ငံရေး ဦးဆောင်လှုပ်ရှားမှုများကို သိသာခိုင်မာစွာ မတည်ဆောက်နိုင်ပဲ ဖြစ်နေရ တော့သည်။ ဖြစ်နိုင်မည်ဆိုလျှင် ဥပဒေရေးရာကိစ္စများအတွက် ဥပဒေအကြံပေးများ၊ ရှေ့နေများက ဦးဆောင် ကြိုးပမ်း နေကာ၊ နိုင်ငံရေး ရည်မှန်းချက်များအတွက် ပါတီခေါင်းဆောင်တို့က လိုအပ်သလို တိုင်ပင်ညှိနှိုင်း ဆွေးနွေးပြီး အကောင် အထည်ဖော်နိုင်သမျှ အားလုံးကို နည်းမျိုးစုံဖြင့် ဆက်လက် ကြိုးပမ်း နေရမည်ဖြစ်သည်။

နိုင်ငံရေးပါတီဖြစ်သည့်အားလျော်စွာ နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီရေး လုပ်ငန်းစဉ် များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ရမည်မှာ အရေးကြီးသည့်ကိစ္စရပ် ဖြစ်သည်။ အထူးသဖြင့် ဒေါ်စုကိစ္စကို အကြောင်းပြုကာ နိုင်ငံတကာဖိအား မြင့်တက်နေသောအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အာဏာရှင် များအား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာစေရေးအတွက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖိအားပေးနိုင်ရေး၊ ဆွဲဆောင်နိုင် ရေးအတွက် ဗျူဟာချ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်လှပေသည်။ ထို့ပြင် အမျိုးသားရေး တာဝန်အရ အရေးကြီးသော ပြည်တွင်း-ပြည်ပရေးရာကိစ္စများကိုလည်း မျက်ခြေပြတ်မခံပဲ အလျင်မီ လုပ်ဆောင်ပေးရန် လည်း လိုအပ်သည်။ ထိုထိုသော အရေးကြီးသည့်ကိစ္စများ၊ များမြောင် ရှုပ်ထွေး လှသည့်ကိစ္စများကို သိမ်းကြံုးဖြေရှင်းပေး နိုင်စွမ်းရှိမည့် နိုင်ငံရေး အဝန်းအဝိုင်းကို ဖန်တီးရန်လည်း အားထုတ် ကြိုးပမ်းရပါဦးမည်။

သို့ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အရည်အချင်း၊ စိတ်ဓါတ်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် မျိုးဆက်သစ်များကို လက်တွဲခေါ်ကာ နေရာစုံ ထောင့်စုံတွင် အားဖြည့်ရန် လိုအပ် လာပြန်သည်။ သူ့နေရာနှင့်သူ တာဝန် များကို စနစ်တကျ ခွဲဝေလုပ်ကိုင်နိုင်မှ မြန်မြန်ဆန်ဆန်ဖြင့် ထိရောက်နိုင်ပေလိမ့်မည်။ ထိုသို့လုပ်ဆောင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်သာမက အဖွဲ့ချုပ် ကို ထောက်ခံသော၊ ဝိုင်းရံပံ့ပိုးပေးနေသော (ပြည်တွင်း-ပြည်ပ) အင်အားစုအားလုံးကပါ စုပေါင်းဝိုင်းဝန်းကြိုးပမ်းရန် လိုအပ် နေပြီ ဖြစ်သည်၊

ကျော်ကျော်စိုး (ဂျပန်)

LEAVE A REPLY

Please enter your comment!
Please enter your name here