အဆိပ်အတောက်ပါ လေထုအား သန်းနှင့်ချီသော အမေရိကန်များ နေ့စဉ် ရှုရှိုက်နေ

alt

အမေရိကန် လူမျိုး (၂)သန်းခန့် သည် အဆိပ်အတောက် ပါသော လေထု ညစ်ညမ်းမှု များကြောင့် ကင်ဆာ ရောဂါများ ဖြစ်ပွား လာနိုင်သည့် အခြေအနေ နှင့် ကြုံနေရကြောင်း သိရှိရသည်။

အမေရိကန်ရှိ EPA စစ်တမ်း အဖွဲ့က ကောက်ခံသော စစ်တမ်းအရ အမေရိကန် ပြည်သူ (၂၈၅) သန်းလုံးတွင် (၂၀၀၂) ခုနှစ် နောက်ပိုင်းမှစပြီး ကင်ဆာရောဂါ ဖြစ်နိုင်ချေ ပမာဏမှာ (၁၀) ရာခိုင်နှုန်း အထိ တိုးပွားလာကြောင်း ဖော်ပြထားပြီး ၎င်းတို့အနက် (၂) သန်းခန့်မှာ သာမန်ထက် နှစ်ဆမျှ ကင်ဆာ ဖြစ်နိုင်ချေ တိုးမြင့်နေကြောင်း ဆက်လက် ဖော်ပြခဲ့သည်။

(၂၀၀၂) ခုနှစ်က အမေရိကန်တွင် လေထု ညစ်ညမ်းမှုကြောင့် ကင်ဆာဖြစ်နိုင်သော အနေအထားနှင့် ကြံုတွေ့ရသူ အရေအတွက်မှာ လူတသန်းတွင် (၃၆)ယောက်မျှသာ ရှိသော်လည်း ယခုအခါ လူတသန်းတွင် (၁၀၀)မျှ အထိ တိုးပွားလာကြောင်း EPA ကဆိုသည်။

EPAက ထိုကဲ့သို့ လူတသန်းတွင် (၁၀၀)မျှ လောက်အထိ ပြဿနာ ကြံုနေရခြင်းမှာ လက်ခံနိုင်ဖွယ် မရှိသော အနေအထား တရပ်အဖြစ် သုံးသပ်ပြောဆိုလိုက်ပြီး ထိုကိန်းဂဏန်း အချက်အလက်များမှာ ဒေသအလိုက် လေထု ညစ်ညမ်းနေမှုကို သုတေသန ပြုလုပ်ခဲ့သည့် အမေရိကန် အမျိုးသား လေထုအဆိပ်သင့်မှု လေ့လာရေး အဖွဲ့၏ စစ်တမ်းများကို အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်တမ်းက အမေရိကန်ရှိ နေရာပေါင်း (၁၈၁)ခုတွင် လေထု ညစ်ညမ်းမှုမှာ သတိပြုလောက်အောင် ဖြစ်ပွားနေကြောင်း ဖော်ပြ ပါရှိခဲ့သည်။ အမေရိကန်နိုင်ငံ သဘာဝ အရင်းအမြစ် ကာကွယ် ထိန်းသိမ်းရေးကောင်စီမှ တာဝန်ရှိသူ ဂျွန်ဝေါ်ကီက ၎င်းတို့အနေနှင့် လေထု ညစ်ညမ်းမှု ပြဿနာများကို ဖြေရှင်းရန် ကြိုးစားနေသော်လည်း ဖေါ်မပြနိုင်သော အခက်အခဲ အချို့ ကြံုတွေ့ နေရဆဲဖြစ်ကြောင်း ထုတ်ဖော် ၀န်ခံခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here