ပြင်သစ် လေယာဉ်၏ သေတ္တာနက် ရှာဖွေရေး လုပ်ငန်း တိုးတက်မှုရှိ

alt

ပျက်ကျ သွားသော ပြင်သစ် လေကြောင်းလိုင်း အမှတ်စဉ် (၄၄၇) မှ သေတ္တာနက် ကို ရှာဖွေနေမှု လုပ်ငန်း များသည် ပိုမို တိုးတက် လာနေကြောင်း ပြင်သစ် စစ်ဘက်က ကြေညာ လိုက်သည်။

အတ္တလန္တစ် သမုဒ္ဒရာ ကြမ်းပြင်တွင် နစ်မြုပ်နေဖွယ်ရှိသည့် သေတ္တာနက် မှ တုန့်ပြန် ပို့လွှတ် လိုက်သည့် အချက်ပြ လှိုင်းများကို ပြင်သစ် ရေတပ် သင်္ဘော များက ဖမ်းယူ ရရှိခဲ့ကြောင်း လီမွန်ဒီ သတင်းစာကြီးက ရေးသား ဖော်ပြခဲ့သည်။

သို့သော်လည်း အချက်ပြမှုမှာ အလွန် ပါးလျ ဝေးကွာနေဆဲ ဖြစ်ကြောင်း သိရှိရသည်။ ထိုအချိန်တွင် ဘရာဇီး ရေတပ်ကလည်း လေယာဉ်ပျက်မှ အပိုင်းအစများကို ထပ်မံ တွေ့ရှိနေဆဲ ဖြစ်သည်။ ဇွန်လ (၂၃)ရက် နေ့က လီမွန်ဒီ၏ ဖော်ပြမှုအရ သေတ္တာနက်မှ ဖမ်းယူရရှိသော အချက်ပြလှိုင်း များကြောင့် သေတ္တာနက်တွင် ရှိသော လေယာဉ်၏ မှတ်တမ်းဆိုင်ရာ အချက်အလက်များ ပြန်လည် ရရှိရေးမှာ ဆက်လက် မျှော်လင့်နေနိုင်ဆဲ အခြေအနေတွင် ရှိနေကြောင်း သိရှိရသည်။

ပြင်သစ်ရေတပ် အာဏာပိုင်များနှင့် ပြင်သစ် မရိန်းတပ်ဖွဲ့ တို့သည် သမုဒ္ဒရာ ကြမ်းပြင်တွင် Ifremer အမည်ရှိ အသေးစား ရေငုပ် သင်္ဘောလေးဖြင့် သေတ္တာနက်ကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့်လ အတွင်းက ဘရာဇီးမှ ပြင်သစ်သို့ ပျံသန်းစဉ် သမုဒ္ဒရာအတွင်း ပျက်ကျသွားသော အဆိုပါ လေယာဉ်အတွင်း လိုက်ပါသွားသူ (၂၂၈)ဦးလုံး သေဆုံးခဲ့ပြီးနောက် ယခုတိုင် ရှာဖွေရေး လုပ်ငန်းများ မပြီးပြတ်သေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here