အီရန်တွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများကို အစ္စရေး ထောက်ခံ

alt

အီရန်တွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများကို အစ္စရေးနိုင်ငံ အနေနှင့် လှိုက်လှိုက်လှဲလှဲ ထောက်ခံပါကြောင်း ၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟူ က NBC သတင်းဌာနသို့ ပြောကြား လိုက်သည်။

ဇွန်လ (၂၁)ရက် နေ့က အင်တာဗျူး တခုတွင် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းကြောင့် အီရန်သမတ မိုဟာမက် အာမက်ဒီနီဂျက် အတွက် နိုင်ငံရေးအရ ဖိအား ပိုများလာခဲ့ပြီ ဖြစ်သည်။ ၎င်းသည် မြို့တော် တဟီရန်တွင် အင်အားကြီးမားစွာ ဆန္ဒပြနေသူများအား အမေရိကန်၊ ဗြိတိန်နှင့် အနောက်နိုင်ငံ အစိုးရများက သွေးထိုး မြှောက်ပင့် ပေးနေကြောင်း စွပ်စွဲထားသူ ဖြစ်သည်။

အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟူက အီရန်နိုင်ငံ၏ ပြည်သူများသည် အာဏာရှင် စနစ်၏ မျက်နှာဖုံးကို ခွာချရန် ကြိုးစားနေခြင်းသာ ဖြစ်ကြောင်း၊ ၎င်းတို့၏ လွတ်လပ်ရေးကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်အား ကြိုဆို ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။

နေတန်ယာဟူ က ဆန္ဒပြသူများသည် တဟီရန်မြို့တော် လမ်းများအတွင်း စုရုံးကာ ကျည်ဆန်များကို ထိပ်တိုက် ရင်ဆိုင်နေသော်လည်း နောက်မတွန့် ကြကြောင်း၊ ၎င်းတို့၏ စစ်မှန်သော ယုံကြည်ချက်နှင့် အာဏာရှင်စနစ်ကို တွန်းလှန်လို စိတ်က အီရန် ပြည်သူများအား သတ္တိ အပြောင်မြောက်ဆုံး လူတန်းစားတစ်ရပ် ဖြစ်လာစေကြောင်း ချီးကျူး ပြောဆိုလိုက်သည်။

အစ္စရေး အပါအဝင် နိုင်ငံတကာ အစိုးရများက အာမက်ဒီနီဂျက်အား အခြေအနေကို ထိန်းသိမ်း ကိုင်တွယ်ရန်၊ ဆန္ဒပြသူများကို အကြမ်းဖက် မနှိမ်နင်းရန်နှင့် ဖမ်းဆီးထားသည့် အတိုက်အခံ နိုင်ငံရေးသမားများကို လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း တဟီရန်တွင် ရဲများက ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွဲ နှိမ်နင်းနေမှုကြောင့် သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပေါ်နေဆဲဟု သိရှိရသည်။

မျက်မြင်များ၏ အဆိုအရ ဇွန်လ (၂၀)ရက်နေ့တွင် တဟီရန် ဧရိယာအတွင်း ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ဆန္ဒပြသူ (၁၃)ဦး ထက်မနည်း သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here