အသင်း အောင်မြင်ရေး အတွက် ငွေကြေးများစွာ သုံးရန်မလိုဟု လီဗာပူး ကစားသမား သုံးသပ်

alt

လီဗာပူး တိုက်စစ်မှူး ဖာနန်ဒို တောရက်စ် က လီဗာပူးအသင်းသည် ရာသီသစ်တွင် အောင်မြင်မှုများ ရရှိစေရေး အတွက် ငွေကြေး အမြောက်အမြား သုံးစွဲရန် မလိုအပ်ကြောင်း ပြောကြားလိုက်သည်။

အသက် (၂၅)နှစ်ရှိ စပိန်လက်ရွေးစင် တိုက်စစ်မှူးက ပြီးခဲ့သော ဘောလုံးရာသီ ကုန်ဆုံးခါနီးက ခြေစွမ်းမျိုးကို ဆက်လက် ထိန်းသိမ်းနိုင်ပါက လီဗာပူးသည် လက်ရှိ လူအင်အားဖြင့်ပင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဟု ယုံကြည်လျှက် ရှိသည်။ တောရက်စ်သည် စပိန်လက်ရွေးစင် တိုက်စစ်လက်တွဲဖော် ဒေးဗစ်ဗီလာအား ဗလန်စီယာမှ ခေါ်ယူပေးပါရန် လီဗာပူး အာဏာပိုင်များကို တိုက်တွန်း ထားသော်လည်း ၎င်းအား မရရှိပါကလည်း အသင်းမှာ တောင့်တင်းဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးတွင် မန်ချက်စတာ ယူနိုက်တက်နှင့် ချဲလ်ဆီး တို့ကဲ့သို့ ငွေကြေး အမြောက်အမြား သုံးစွဲနိုင်သော အခြေအနေ မရှိကြောင်း၊ သို့သော်လည်း ထို့အတွက် ၀မ်းနည်းနေစရာ မလိုကြောင်း တောရက်စ် က ဆိုသည်။ ကြီးမားသော ပြောင်းရွှေ့ကြေးဖြင့် ကစားသမား ခေါ်ယူမှုမျိုး မလုပ်လျှင်လည်း အသင်းမှ အဓိက ကစားသမားများကို ထိန်းသိမ်းထားရန်မူ တောရက်စ်က လီဗာပူး အာဏာပိုင်များကို သတိပေးခဲ့သည်။

အထူးသဖြင့် ယခုရာသီ လီဗာပူးမှ ထွက်ခွာမည်ဟု သတင်းကြီးနေသည့် ဇာဘီအလွန်ဆိုနှင့် ဟာဗီးယား မာရှေယာနို တို့ကို ဆုံးရှုံးရပါက လီဗာပူး၏ ကစားကွက်တွင် ကြီးမားစွာ ထိခိုက်သွားနိုင်ကြောင်း တောရက်စ်က ပြောကြားခဲ့သည်။ ၎င်းအား မန်ချက်စတာ ယူနိုက်တက်က စိတ်ဝင်စားနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း တောရက်စ်က ငြင်းဆိုကာ အသင်းတွင်သာ ဆက်ရှိနေမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here