ရုရှား အုပ်ချုပ်ရေးမှူး ကားဗုံး ဖောက်ခွဲမှုကြောင့် ဒဏ်ရာရ

alt

အငြင်းပွားဖွယ် နိုင်ငံရေး အခြေအနေများ ဖြစ်ပေါ်နေသည့် ရုရှား နိုင်ငံတောင်ပိုင်း အင်ဂူရှက်တီးယား ဒေသမှ အုပ်ချုပ်ရေးမှူး ယူဆက်ဘက်ယက်ကူရော့ သည် ကားဗုံး ဖောက်ခွဲမှု တစ်ခုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဇွန်လ (၂၂)ရက်နေ့က လုံခြံုရေး ယာဉ်တန်းနှင့် လိုက်ပါလာစဉ် ယခုကဲ့သို့ ကားဗုံး ခွဲခံရခြင်းဖြစ်ပြီး ယက်ကူရော့၏ လုံခြံုရေးတပ်ဖွဲ့မှ လူအချို့ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ယက်ကူရော့သည် အင်ဂူရှက်တီးယားတွင် (၃)ပါတ်အတွင်း သေကြေ ဒဏ်ရာ ရစေလောက်သည့် လုပ်ကြံမှုနှင့် ကြံုတွေ့ရသည့် တတိယမြောက် အစိုးရထိပ်တန်း အရာရှိတစ်ဦးလည်း ဖြစ်သည်။

ပေါက်ကွဲမှုသည် ယက်ကူရော့ နံနက်(၈)နာရီခွဲက ဒေသဆိုင်ရာ အုပ်ချုပ်ရေး စင်တာသို့ ရောက်ရှိစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ ပြည်နယ် အရေးပေါ် အခြေအနေဆိုင်ရာ ၀န်ကြီးက ယက်ကူရော့သည် စိုးရိမ်ရသော အခြေအနေတွင် ရှိနေကြောင်း ပြောကြားခဲ့ပြီး ယက်ကူရော့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကလည်း ၎င်းသည် နံရိုးများ ကျိုးသွားကြောင်း အတည်ပြုခဲ့သည်။

သို့သော်လည်း အဆိုပါပုဂ္ဂိုလ်က ဒဏ်ရာများသည် ပြင်းထန်သော်လည်း အသက်အန္တရာယ် အတွက် စိုးရိမ်ရဖွယ် မရှိကြောင်းနှင့် မော်စကိုသို့ သွားရောက် ဆေးကုရန် ချက်ချင်း ပြင်ဆင်ခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ စုံထောက်များက လမ်းဘေးတွင် ရပ်နားထားသော ကားတစ်စင်းအနီးမှ ယက်ကူရော့၏ သံချပ်ကာယာဉ် ဖြတ်သန်းသွားစဉ် အဝေးထိန်း ခလုတ်ဖြင့် ထိုကားအား ဖောက်ခွဲလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားအစိုးရ ထိပ်တန်းရဲအရာရှိ တစ်ဦးကမူ ယက်ကူရော့၏ ကိုယ်ရံတော်(၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် တစ်ဦးမှာ အခြေအနေ ဆိုးရွားနေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here