ကိုရီယား နှစ်နိုင်ငံ စက်မှုလုပ်ငန်း ဆွေးနွေးပွဲများ ပြန်ပြုလုပ်

alt

တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် စက်မှုလုပ်ငန်းများ အတွက် မြေနေရာ ပရောဂျက် ကိစ္စများအတွက် ဆွေးနွေးမှုများ ပြန်လည် ပြုလုပ်နေပြီဟု သိရသည်။

မေလ (၂၅)ရက်နေ့က မြောက်ကိုရီးယား အစိုးရက နျူကလီးယား ဗုံးတစ်လုံး စမ်းသပ် ဖောက်ခွဲလိုက်ပြီးနောက် နိုင်ငံရေးအရ အတင်းမာဆုံး အခြေအနေ ရှိစဉ်တွင် ပြုလုပ်သော အဆိုပါ အစည်းအဝေးမှာ နယ်စပ်ဒေသ မြောက်ဘက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြံုယမ်း အစိုးရသည် တောင်ကိုရီးယားအား နောက်ထပ်ဒေါ်လာ သန်းရာပေါင်းများစွာ ပေးရမည်ဟု အကြပ်ကိုင် တောင်းဆိုနေခဲ့သည်။ ထိုငွေကြေးများကို ဆိုးလ်မြို့အခြေစိုက် အစိုးရက ၎င်းတို့၏ စက်မှုလုပ်ငန်းများအား မြောက်ကိုရီးယား မြေပေါ်တွင် တည်ထောင် လုပ်ကိုင်နေသဖြင့် ယခုလို တောင်းဆိုရခြင်း ဟုလည်း မြောက်ကိုရီးယားက ကြေညာခဲ့သည်။

ထို့အပြင် တောင်ကိုရီးယား အလုပ်သမားတစ်ဦးကို ကေဆွနေ်ဒသတွင် ဖမ်းဆီး ထားမှုမှာလည်း ပြန်လွှတ်ပေးရေးကို ပြံုယမ်းဘက်မှ ယတိပြတ် ပယ်ချခဲ့သည်။ ထိုနေ့က ရာသီဥတု ကောင်းမွန်သလောက် အစည်းအဝေး ညှိနှိုင်းမှုများ မကောင်းမွန်ခဲ့ကြောင်း နှစ်နိုင်ငံ ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ကင်ယွန်တက်က ယွန်ဟပ် သတင်းဌာနသို့ ပြောကြားသွားသည်။

တောင်ကိုရီးယား အစိုးရသည် ပြံုယမ်းဘက်မှ ရန်လိုသော အခြေအနေများ အတွက် စိတ်ပျက်မိသော်လည်း ရလဒ်ကောင်းများ ရရှိရန် မျှော်လင့်ပြီး ဆွေးနွေးမှုကို ဆက်လက် ပြုလုပ်သွားမည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here