အမျိုးသမီးများနေ့ နှင့် ၆၄နှစ်မြှောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဖို့တ်ဝိန်းတွင် ကျင်းပ

alt

ယမန်နေ့ (ဂျွန်လ – ၂၀ရက်) ညနေ (၃) နာရီက အမေရိကန် နိုင်ငံ အင်ဒီယားနား ပြည်နယ် ဖို့တ်ဝိန်းမြို့ စိန့် ဟင်နရီ ခရိယာန် ဘုရား ရှိခိုးကျောင်းတွင် မြန်မာ အမျိုးသမီးများ နေ့နှင့်

၆၄ နှစ်မြှောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို စည်ကား သိုက်မြိှက်စွာ ကျင်းပခဲ့ရာ လူနှစ်ရာကျော် တက်ရောက်၍ ညနေစာ ဒန်ပေါက် ထမင်းဖြင့် တည်ခင်းဧည့်ခံကာ ညနေ (၆) နာရီတွင် အခမ်းအနားအား ရုတ်သိမ်း လိုက်ကြောင်း သိရှိရသည်။

အခမ်းအနားသို့ အင်ဒီယားနားပြည်နယ် ဆီးနိတ်လွှတ်တော် အမတ်၊ နယူးဟေဗင် မှ လွှတ်တော် အမတ်တို့ တက်ရောက်ကြကာ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသား ဘာသာပေါင်းစုံမှ ဆုတောင်းပတ္ထနာ ပြုကြပြီး၊ နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးမှ “ မြင်းမိုရ်ထက် မြှင့်သော ” သီချင်းဖြင့် အမေများကိုယ်စား ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု တေးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ပြီး၊ အဖွဲ့အစည်းအသီးသီးမှ ဖြစ်သော ဦးဝင်းခက်၊ ဦးအောင်မြင့်ထွန်း၊ ဒေါ်ခင်စန်းနွယ်တို့မှ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှ မြန်မာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနှင့် ကျင်းပရခြင်း တို့ကို ရှင်းလင်း တင်ပြကြသည်။

ထူးခြားချက်မှာ ထိုအခမ်းအနားမှ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်း ဖြစ်သည်ဟု လူထုအသံအား ပြောဆိုလိုက်ကာ ထိုဘွဲ့မှာ Burma Butcher နှင့် Dhama Danger ဟူသော ဘီဘီ နှင့် ဒီဒီ  အမည်ရဘွဲ့အား ပေးအပ် လိုက်ကြောင်းကို နိုင်ငံတကာရှိ မြန်မာသံရုံးများ နိုင်ငံသံတမန်များထံ လှုပ်ရှားမှု သဏ္ဍာန် အသိပေး အကြောင်းကြား သွားမည် ဖြစ်ကြောင်း ပြောဆိုသွားပါသည်။

alt

ယခုအပါတ် အားလပ်ရက်များတွင် နိုင်ငံတကာ၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲများ၊ ဘာသာအလိုက် ဆုတောင်းပွဲများ ပြုလုပ်နေကြသလို အမေရိကန်နိုင်ငံ တခွင်ရှိ မြန်မာများ နေထိုင်ရာ မြို့ကြီးများတွင်လည်း အဖွဲ့အစည်း အသီးသီး၊ တသီးပုဂ္ဂလ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းလျှက် ပုံသဏ္ဍာန်မျိုးစုံ ကျင်းပကြသည်ဟု လူထုအသံမှ သတင်းရရှိသည်။

အောင်မြင့်ထွန်း ( ဘုန်းကြီးလေး )

LEAVE A REPLY

Please enter your comment!
Please enter your name here