သူမသည်သာ ကျွနု်ပ်တို့ အနာဂတ်ကို စေစားရာ

ပြီးခဲ့သည့် ရက် အနည်းငယ် မိမိမွေးနေ့ ကျော်လွန် ခဲ့သော်လည်း အမှတ်တရ ဟူ၍ ဘာမှ မလုပ် ဖြစ်ခဲ့။ မိမိသည် တိုင်းပြည် အတွက် ဘာမှ မယ်မယ်ရရ မလုပ်ပေး နိုင်သေးသည့် လူ့အန္ဓ တဦးသာ ဖြစ်နေသည်မို့ မွေးနေ့ ဆိုသည် မိမိ အတွက် ဘာမှ အရေးမကြီး မထောင်းသာချေ။

သို့သော် ကမ္ဘာတဝှမ်း လွန်စွာ ကျော်ကြားသော မဟာလူသား မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ လူ့ပြည်၌ မွေးဖွါးလာခဲ့ခြင်း သက်တမ်း ၆၄ နှစ်ပြည့်မြောက်မည့် နေ့သည် ကျနော့်အတွက် အထူးစိတ်လှုပ်ရှား စိတ်ဝင်စားဖွယ်ဖြစ်နေ၏။ မဟာလူသား ဟု မိမိဂုဏ်တင် ယုံကြည်ထားသော လူထုခေါင်းဆောင် အကြောင်းနှင့် ပတ်သက်ပြီး စိုးထိတ်ပူပန်ဖွယ်၊ ရင်နာဖွယ်၊ ကြက်သီးထဖွယ်၊ အတုယူဖွယ်၊ အားကျဖွယ်၊ ချီးကျူးဖွယ်တို့ကို စီကာစီကာ စဉ်းစားကြည့်မိတော့သည်။

မွေးနေ့ရှင်သည် သူ့ဘဝ တခုလုံးကို ကျနော်တို့ နိုင်ငံသားများ အားလုံး အနာဂတ်အတွက် မြုပ်နှံရင်းနှီးပြီး နို်င်ငံသားတို့ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသည်။ ပြည်သူပြည်သားတို့ အတွက် ဒီမိုကရေစီ ဟူသော ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ဆိုင်ခွင့် တရားဥပဒေ စိုးမိုးညီမျှခွင့် ၊ လူတိုင်း လူ့အခွင့်အရေး ပိုင်ဆိုင်ခွင့်နှင့် လူ့ဘဝ အနာဂတ် သာယာငြိမ်းချမ်းသော လူ့ဘောင် စနစ်တည်ဆောက်နိုင်ရေး အတွက် ဦးဆောင် ကြိုးပမ်းနေသော လူထုခေါင်းဆောင်သည် ယနေ့ အချိန်တွင် အဓမ္မစစ်ဝါဒီတို့၏ မတရား အမှုဆင် ဖမ်းဆီးထားခြင်းကို ခံနေရရှာသည်။

ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်း ဟူသည့် ကျော်ကြားသည့် စာအုပ်ရေးသားခဲ့သူ လူထုခေါင်းဆောင်သည် ဥပဒေ မဲ့ဖြစ်နေသည့် ယနေ့ မြန်မာနိုင်ငံတွင်း ယုတ်ရင်း ကြမ်းတမ်းမှုလွှမ်းသည့် မတရားခြင်း အဝဝအား ဦးဆောင်ဆန့်ကျင် ချေဖျက်ရင်း အများအကျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်ခြင်း ဟူသည့် အလွန်တရာ မြင့်မြတ်လှစွာသော စံနမူနာကို ညင်သာသိမ်မွေ့စွာ ပြသလျှက်ရှိသည်။ အများပြည်သူတို့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းစေရေး အတွက် ကြောက်ခြင်းကင်းစွာဖြင့် ရက်စက်ရိုင်းစိုင်းတတ်သူ စစ်ဝါဒီတို့ကို ရဲရင့်စွာ ရင်ဆိုင် လျှက်ရှိသည်။ အဓမ္မကို ဓမ္မနည်းဖြင့် အကြမ်းမဖက် အနုနည်းဖြင့် ဦးဆောင် တော်လှန်ဆန့်ကျင်လျှက်ရှိသည်။

သူတကာ ပေးဆပ်စွန့်လွှတ် နိုင်ခဲလှသော ကိုယ်ကျိုးကို စွန့်လွှတ်ကာ အများအကျိုးဆောင်နှင်းသည့် မည်သည့် မဟာ လူသားကိုမဆို မိမိတို့သာမန် လူသားများက အမြင့်မားဆုံး ရိုသေလေးစားခြင်းဖြင့် တန်ဖိုးထားရမည်သာ ဖြစ်သည်။ မည်သူမဆို ထောင်ကျ အကျဉ်းကျမည်ကို စိုးထိတ်ကြောက်ရွ့ံသည်ချည်း ဖြစ်သည်။ မိသားစုနှင့် ကွေကွင်းခွဲခွါ နေရမည်ကို မလိုလားကြသူချည်း ဖြစ်သည်။ အထီးကျန် ဆင်းရဲခြင်းမှ လွတ်ကင်းလိုသူချည်း ဖြစ်သည်။

ယခု လူထုခေါင်းဆောင်သည် ကျနော်တို့ သာမန်လူသားများ လွန်စွာကြောက်ရွံ့ကြသည့် အထက်ပါ အခြေအနေ အားလုံးကို ရဲရင့်စွာ ရင်ဆိုင်ရင်း လူ့ဘောင်လောကသစ်တခု ပေါ်ထွန်းလာရေး ဦးဆောင် တိုက်ပွဲဝင်နေပေသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မိမိတို့ မြန်မာပြည်အား စစ်အာဏာရှင် စနစ်အောက်မှ လွတ်လပ်ခွင့် ရအောင် ကြိုးစားနေသည်ဟု မိန့်ခွန်းပြောလေ့ရှိရာ မိမိိတို့နိုင်ငံ လက်ရှိ ဖြစ်ပျက်နေသော အခြေအနေကို သာမန် အရပ်သားတဦး အနေဖြင့် ထဲထဲဝင်ဝင် ခံစားတွေးခေါ်မိ၏။ စစ်အုပ်ချုပ်ရေး တပ်မတော် အစိုးရလက်အောက် မိမိတို့ နိုင်ငံသားများ ဘယ်ကဲ့သို့ နေထိုင်နေကြရပါသနည်း။

  • ယနေ့ မြန်မာနိုင်ငံမှ တည်ဆဲတပ်မတော် အစိုးရဆိုသည့် နအဖ အဖွဲ့သည် နိုင်ငံသား တို့အား စနစ်တကျ သပ်လျှိုသွေးခွဲကာ စစ်တပ်အင်အား နှင့် စစ်ဝါဒီကို ထောက်ခံသော အင်အားစုများ ကို သာ အဖွဲ့အစည်း အသွင်ဖြင့် ခိုင်ခိုင်မာမာ တည်ဆောက်ပြီး နိုင်ငံ အုပ်ချုပ်ရေး ကို အချက်ပိုင်ပို်င် အုပ်စီးရယူထားသည်။ သစ္စာနှင့် ကတိ၊ ရေရာသေချာခြင်း ၊ ခိုင်မာ သည့် ဥပဒေနှင့် တိကျသည့် တရားစီရင်ရေး စနစ်၊ ဆိုသည်တို့ ဝေဝါး ထွေပြား နေစေ ရန် အကွက်ချ စီမံထားပြီး တိုင်းသူပြည်သားတို့အား အမျိုးသားရေး စရိုက် ယုံကြည်ချက် တို့ လွင့်ပါးနေစေသည်။
  • အာဏာပိုင် အဖွဲ့အစည်း ဆိုသည်ကို အင်မတန် ကြောက်ရွံ့ရှောင်ရှားဖွယ်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း အဖြစ် ထင်မြင် စေအောင် ပုံစံ ချပြ ထားသည်။ တကယ်လည်း အခြေခံ လူတန်းစား အပေါ် အာဏာရှိ အုပ်ချုပ်ရေး အဖွဲ့အဆင့်ဆင့်က ဖိစီးတင်စီး အနိုင်ကျင့်မှု မျိုးစုံဖြင့် အုပ်စီးချုပ်ကိုင်ထားသည်။
  • နိုင်ငံရေး နိုင်ငံ့အရေး အရာဆိုသည်ကို လူထုအနေနှင့် လုံးဝ စွက်ဖက် စိတ်ပါ၀င်စားခြင်းမျုုိး မပြု ရဲစေရန် အနုနည်း အကြမ်းနည်းများဖြင့် ခြိမ်းခြောက်ပုံသွင်းထားပြီး ၊ လူထုကို အမျိုးသား နိုင်ငံရေး မှ ကင်းကွာမှု တာရှည်နေစေခဲ့သည်။
  • ဤအကြားထဲ အမျိုးသား ပညာရေး ကဏ္ဍကိုလည်း လူငယ်တို့ မိမိ်ဘဝ အနာဂတ်ပေါ် မိမိတို့ ကိုယ်တိုင် ခိုင်မာရေရာသော ယုံကြည်ချက် အာမခံချက် မမြင်နိုင်တော့ အောင် မျိုးဆက် နှင့် ချီ ဆုတ်ယုတ်သည့် အမြင်အတွေး ခံယူချက်တို့ကို စနစ်တကျ တဖြည်းဖြည်းချင်း သွတ်သွင်း ဖျက်ဆီး ခဲ့သည်။
  • စာမေးပွဲ ခိုးချခြင်း မသိကျိုးကျွံပြုသည့်ပညာရေး စနစ်။ မေးခွန်း ပေါက်ကြားပြီး စစ်အာဏာပိုင်များ နှင့် ကျွမ်းဝင် နီးစပ်သူများ၊ ငွေကြေးပေး ၀ယ်ယူနိုင်သူများက အဆင့်မြင့် အောင်မှတ်ရနိုင်သည့် စာမေးပွဲ ဖြေဆိုခြင်း စနစ်။ စသည့် အထွေထွေ နိမ့်ကျမှုများ လွှမ်းမိုးနေသည့် မြန်မာ့ ပညာရေး စနစ်ပေါ် ယုံကြည်မှု ကင်းမဲ့သည့် လူငယ် မျိုးဆက်များ သည် ရေတိုကာလ တခုအတွက်သာ ပြုမူကျင့်ကြံတတ်ပြီး၊ ရေသာခိုခြင်း အချောင်လိုက်ခြင်း နှင့် ကိုယ်ချင်းစာတရား ခေါင်းပါးသည့် အမြင်အတွေး ခံယူချက် ကြီးထွား ခိုင်မာ လာကြသည်။ စာရိတ္တယိုယွင်းပြီး ငွေအတွက် ၊အခွင့်အရေး အတွက် ၊ အောင်မြင်မှု အတွက် ၊ ဖြတ်လမ်းအလွယ်နည်းဖြင့် ကြိုးပမ်းမှုတို့ကို ရိုက်သွင်း ပေး လိုက် သည်။ လစ်လျှင် လစ်သလို လုပ်ချင်ရာ လုပ်တတ်ခြင်း ဓလေ့အား အုပ်ချုပ်သူတို့ကိုသာ ရိုသေ ၀ပ်တွား ပိပြားစေရေး ပုံသွင်းပေးခြင်းသာ အဓိကဖေါ်ဆောင်သည့် ငွေကြေး အခြေခံ ကျွန်ပညာရေး စနစ်က မွေးဖွားပေးလိုက်သည်။့် ဘယ်လိုနည်းနဲ့ ဘာဘွဲ့ရရ ဘယ်လောက် ပညာ တတ်တတ် ပြည်တွင်းတွင် စားဝတ်နေမှု အချိန်တန်လျှင် တိုင်းတပါးတွင် သွား အလုပ်လုပ် မှ ၀မ်းစားပြည့်မှီမည့် ခေတ်အခြေအနေက မြန်မာ့ပညာရေး စနစ်အပေါ် လူငယ်ထု အယုံအကြည် ကင်းမဲ့စေသည့် ပင်မ အချက်တခုလည်း ဖြစ်သည်။
  • လှူဒါန်းခြင်း ဆိုသည့် ဝေါဟာရကို လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး ရပ်ဝန်းတို့အတွင်း အသွင် သဏ္ဍာန် အမျိုးမျိုးဖြင့် အသုံးပြုလာကြပြီး၊ ကိုယ်ကျင့်စာရိတ္တကို မျက်ကွယ်ပြုကာ တံစိုး လာဒ် ငွေပေး ခြင်း၊ အာဏာ နေရာ အခွင့်အရေးကို ငွေဖြင့် ၀ယ်ယူခြင်းများကို ယဉ်ကျေးမှု ကျင့်ထုံးတခုသဖွယ် ဗြောင်ဗြောင်တင်းတင်း လုပ်ဆောင်တတ်လာကြသည်။ ဘာသာရေး အနှစ်သာရ ကောင်းမွန်မြတ်ခဲ့သည့် မြန်မာ့ ဗုဒ္ဓသာသနာမြတ်သည် ယနေ့ စစ်တပ် အစိုးရ အုပ်ချုပ်သည့် ခေတ်ရောက်သော အခါ ဗေဒင်၊ ယတြာနှင့် အခါတော်ပေး အယူတိမ်းတို့ အပူဇော်ခံ တန်ခိုးထွားသော အခြေအနေသို့ ရောက်လာသည်။ သို့ဖြင့် ဗုဒ္ဓ ဘာသာဝင် အများစုတို့သည် ကိုးကွယ်အားထား ယုံကြည်ရာ နည်းပါးပြီး မိမိကိုယ်ကို အားကိုး ယုံကြည်မှု နည်းပါးလာကြသည်။ ဖြစ်သမျှ အကြောင်း ခံစားရသမျှ အကြောင်း ဆင်းရဲ နှုံချာရခြင်း အကြောင်းစုံကို ရှေးဘဝ ကြမ္မာကြောင့် ဟုသာ အပြစ်တင် လွဲချပြီး ရင်ဆိုင် ဖေါက်ထွက် ဖြေရှင်းကြိုးပမ်း လိုစိတ်များ ကုန်ခမ်းလုနီးနီး ဖြစ်နေကြသည်။
  • ဆရာကို ဖါးနိုင်လျှင် အတန်းပိုင် ဆရာသင်သော အိမ်ကျူရှင် ငွေပေးသင်နိုင်လျှင် အတန်းအောင်မြင်ပြီး။ ဆရာကို ကြောက်ရွ့ံရိုသေနေဖို့ တခုအတွက် ကြိမ်လုံးအပါ၀င် ပြင်းထန်သော ရှက်ဖွယ်သော အပြစ်ပေးနည်းများဖြင့် ကျောင်းသား သူငယ်တို့ကို အကြောက် တရား ရိုက်သွင်းခြင်း ဓလေ့ စွဲမြဲနေသေးသည်။ မိသားစု အိမ်တွင်လည်း ဖခင် မိခင် တို့ က မျိုးဆက် သားသမီးတို့အား အကြောက်တရားဖြင့် ခြိမ်းခြောက် ဖိစီးရိုက်နှက် အုပ်ချုပ်မှု ဓလေ့ စွဲမြဲနေသေးသည်။ ထို့ကြောင့် ပြည်တွင်းမှ မြန်မာ လူနေမှု စနစ်တွင် လူငယ် အတော်များများသည် ငယ်ရွယ်ခိုက် မတွန်းလှန် နိုင်သေးခိုက်၊ အာမခံ နိုင် သေးခိုက် သာ ကြိတ်မှိတ် ပေတေ ခံစားရင်ဆိုင်ခဲ့ပြီး အရွယ်လေး အနည်းငယ် ရောက်သည်နှင့် အလွန်အင်မတန် ဆိုဆုံးမ ခက်သော။ မိုက်မဲထုံထိုင်းသော ၊ လူစိတ် နည်းပါးစွာ ထင်ရာစိုင်းတတ်သော လူငယ်များ ဖြစ်လာသူ အများစု ဖြစ်သည်ကို တွေ့လာ ရသည်။ ဖိစီးမှု ကြောက်ရွံ့စိုးထိတ်စွာ နေထိုင်လာခဲ့ရမှု တာရှည်ခြင်း အကျိူးဆက် ဖြစ်သည်။
  • လူကြီး ကို လူကြီးမှန်း မသိတော့၊ ကြီးသူကို ရိုသေ ငယ်သူကို သနား ရွယ်တူကို လေးစား ဟူ သည့် မြတ်နိုးဖွယ် မြန်မာ့ ဓလေ့ ၂၀၀၉ ခုတွင် မရှိသလောက် ရှားပါးသွားသည်။ အသက်ကြီးပိုင်း ရောက်သည်နှင့် မြန်မာ ဘိုးဘွားတို့ ဘဝ နေဝင်ကုန်သည်၊ အဘိုးအဖွားကို ရိုသေ သမှု ပြုသည့် မြေးသားချင်း ဟူသည် ရှားပါးလာသည်။ ၀မ်းရေးအရ ပြည်ပ နယ်ခြား အလုပ်လုပ်ကိုင် ၀မ်းစား ရှာဖွေကြရရာမှ အနေဝေးပြီး ဆက်ဆံရေး သွေးအေး သွားစရာ ရှိသည်ဟု အကြမ်းမျဉ်း ဆိုနိုင်သည်။ သို့သော်လည်း အရာရာကို ခြိမ်းခြောက် ဖိစီးမှုနှင့်သာ နေသား ကျ လာခဲ့သည့် ငယ်ဘဝကို မနှစ်မြို့သောကြောင့် လောကနှင့် လူ့အသိုင်းအဝိုင်းကို အရွံ့တိုက် အာခံ ဖီဆန်ရန် ကျင့်ကြံခြင်းမှ အလေ့စွဲကာ ရိုင်းပြသော သက်ကြီးပိုင်းကို မထီသည့် ယဉ်ကျေးမှုတို့ အနည်ထိုင်လာခဲ့သည် ဟုသာ အရင်းခံ သုံးသပ်နိုင်သည်။
  • ငွေပေး လျှင် လူသတ်လည်း ဘာမှ မဖြစ်ဟူသည့် ဥပဒေ လျော့ရဲ ဖြစ်စဉ်များ၊ အာဏာရှိ သူတို့ ဥပဒေ ကျူးလွန်လျှင် ဥပဒေက မျက်စိမှိတ်နေပေးသည့် သက်သေ သာဓကများ ကြောင့် ပြည်တွင်းတွင် အာဏာပိုင်စိုး တန်ခိုးထွားသူတို့ အဆမတန် ကြီးပွားချမ်းသာ လာကြ သည်။ ဥပဒေကို ခုတုံးလုပ်၍ နည်းပေါင်းစုံသုံး ကိုယ်ကျိုး စီးပွားရှာခြင်းကြောင့် တိုင်းပြည်တွင်း ဆင်းရဲချမ်းသာ ကွာဟမှုသည် ကြောက်ခမန်းလိလိ ကြီးထွားလာသည်။ တပ်မတော်တွင်း စစ်သည် အဆင့်အတန်းတို့ ငွေကြေး ဆယ်ဂဏန်း ရာဂဏန်းအတွက် စဉ်စား သုံးစွဲနေရချိန်တွင် အရပ်သား ပြည်သူတို့အတွင်း သူတောင်းစားများ၊ အကြွေး ဖိစီးသူများ၊ ငတ်မွတ်သူများ၊ ကြွယ်ဝမှု အဆင့် တဖြည်းဖြည်း နိမ့်ဆင်းသွားသူများ၊ ပိုမို များပြား လာသည်။ ငွေကြေးအတွက် လိမ်လည်မှုများ၊ အလွဲသုံးစား လုပ်မှုများ၊ သတ်ဖြတ် လုယက်မှုများ၊ ခိုးဝှက်မှုများ၊ ဓါးမြတိုက်မှုများ၊ လူသတ်မှုများ တစတစ ပေါများလာသည်။ ထိုသို့ အောက်ခြေ အဆင့် ပြည်သူလူထုများ တပ်မတော် အပါ၀င် အုပ်ချုပ်ရေး ယန္တရား အောက်ခြေ အဆင့် ၀န်ထမ်းအဖွဲ့စည်းအတွင်းတွင် စက်ဆုပ်ထိတ်လန့်ဖွယ် အခင်းအကျင်း တို့ ဟိုမှသည်မှ ဖြစ်ပွားနေချိန်တွင် အာဏာပိုင် စစ်ဗိုလ်ချုပ်များ ၀န်ကြီးဝန်လေးများနှင့် ၎င်း တို့ သားချင်းများသည် ငွေကို ရေလိုသုံးလျှက် စိတ်ရှိတိုင်း ပျော်ပါးသုံးဖြုန်း သောက်စား မူးယစ် ရမ်းကား နေကြသည်။
  • နိုင်ငံတွင်း လည်ပတ်နေသည့် စီးပွားရေးဆိုင်ရာ မဟာ လုပ်ငန်းကြီးများ အားလုံး လိုလိုကို စစ်တပ် နှင့် စစ်တပ်အနွယ် မကင်းသော လူတန်းစားက ၀ါးမြိုသိမ်းပိုက်ထားပြီး အလိုတူ အလိုပါ တရုတ်ကုလား ကုန်သည်ကြီးများကပါ ခွဲဝေ အုပ်စီးထားလိုက်သော အခါ သာမန် ပြည်သူ ပြည်သား များအတွက် စီးပွားရေး အခွင့်အလမ်း ဟူသည် မျှော်လေတိုင်း ဝေး ဖြစ်နေ တော့သည်။ ပြည်တွင်းတွင် အလုပ်အကိုင် မရှိ အခွင့်အလမ်း မရှိ ၊ အလားအလာ မရှိ၊ သို့နှင့် ပြည်ပ သို့ ရရာ အလုပ်လုပ်ရန် ဖြစ်သလို ထွက်ခွါကြတော့သည်။ ဦးနှောက် ယိုစီးမှု အမြင့်မားဆုံးသော အခြေအနေကို ယနေ့ ရောက်ရှိနေရကာ၊ စာရင်းမရှိ အင်းမရှိ အပေါ်လမ်း အောက်လမ်း ရရာနေရာမှ ပြည်ပသို့ ထွက်ခွါ အလုပ်လုပ်နေကြသောကြောင့် ပြည်တွင်း တွင် သန်စွမ်းကျမ်းမာသော လူငယ် ရှားပါးခြင်းနှင့် အတူ လုပ်အား ယိုစီးမှုပါ ဖြစ်လာချေ ခဲ့ပြီ၊ ထက်မြက်သော အရည်အသွေးပိုင်ရှင်တို့ ပါးရှားလာသည်။ သို့နှင့်ပင် လူယဉ်ကျေး ပညာတတ် ရှားပါးသည့် ရပ်ဝန်းအတွင်း မသူတော်ချင်း သတင်းလွေ့လွေ့ ဖြစ်ကုန်ကာ ပျက်စီးသော တန်ဖိုးမဲ့သော။ အရည်အသွေး မရှိသော လူငယ်လူလတ် တန်းစား တို့ အခြေမဲ့ အနေမဲ့ စိတ်ဓါတ်ပိုင်ရှင်တို့ ပိုမိုများပြားလာသည်။
  • ထိုသို့သော အခြေမဲ့ အနေမဲ့ ပညာမဲ့ တို့သည် ၀မ်းရေးပူစာ မနေသာသော အခြေအနေနှင့် သူတို့ အတွက် ဘယ်လိုနည်းဖြင့်မှ အလုပ်လုပ်ကိုင်ခွင့် မရှိတော့သော အခါ အုပ်ချုပ်သူ အာဏာပိုင်များ စီမံအကွက်ချ ထားသော ထောင်ချောက်အတွင်း အလိုလို သက်ဆင်း ကြရတော့သည်။ ခိုင်းတာလုပ် ကျွေးတာစား ။ ခေါ်ရင်လာ။ ပေးတာယူရမည့် စွမ်းအားရှင် အရပ်သား အဖွဲ့ဝင်များ ပေါများလာသည်။ လူသတ်ခြင်း လူဖမ်းခြင်း၊ ရက်စက်ခြင်း ရိုင်းစိုင်းခြင်း ၊ မိုက်ရိုင်းခြင်း၊ ရုန်းရင်းခြင်း၊ လူသား တန်ဖိုးမထားပဲ တိရိစ္တာန် အပြုအမူဖြင့် အားကြီးသူ အနိုင်ယူစတမ်း လုပ်ဆောင်ချက်များကို အာဏာပိုင်တို့ အားပေး ချိီးမြောက်မှုဖြင့် ယဉ်ပါးဖန်များပြီး သူတို့ကိုယ်သူတို့ အခွင့်ထူးခံ လူတန်းစားငယ်ဟု သွေးနား ထင်ရောက်ကာ ရှေးဘုရင်ခေတ် အာဏာ ပါးကွက်သား ကဲ့သို့ ထင်ရာစိုင်း ရိုင်းချင် တိုင်း ရိုင်းလာ တတ် တော့သည်။
  • နိုင်ငံ့ နေရာ အနှံ့ မြို့အနှံ့ ရပ်ကွက် အနှံ့တွင် ဤသို့သော အပြုအမူ စိတ်ထား ရှိသူတို့သည် လူတကာ နှာတစ်ဖျား အထက်တွင် တင်စီးစွာ နေ၍ လူထုကြားတွင် စောင့်ကြည့် စုံစမ်းသော သတင်းပေး အင်ဖေါ်မာ များ အဖြစ် မသူတော် လူနပ်ချမ်းသာ ဖြစ်လာ တော့သည်။၊ မတရားသော အလုပ်မှန်သမျှ ဥပဒေနှင့် မလွတ်ကင်းသည့် စီးပွားရေး မှန်သမျှ တရားဝင်ကဲ့သို့ လုပ်ပိုင်ခွင့် ရသည့်နှယ် လုပ်ဆောင်ခွင့် ရလာကြသည်။ သူတို့ အားလည်း ကြောက်ရ၊ သူတို့အား အုပ်ချုပ်စေခိုင်းထားသည့် ရဲအပါအဝင် စုံးစမ်းရေး အဖွဲ့များ ရ.ယ.က မ.ယ.က များ အဆင့်တိုင်းကိုလည်း ကြောက်ရ နှင့် သာမန် ပြည်သူလူထုကြီးသည် ထုံထိုင်းစွာ ကြောက်ရွ့ံမှုကို မုန်းတီးမှုများ နှင့် ရောယှက်ခံစားရင်း အတွေးအခေါ်များ မှုန်မှိုင်း တုံး , အ လာသည်။ အရာရာကို အခြေခံက စ၍ တွေးခေါ်ဆင်ခြင် သုံးသပ်မှု ပြုတတ်သူ ပြုရဲသူ၊ ပြုဝံ့သူတို့ နည်းပါးလာသည်။ မျိုးဆက် နိမ့်ပါးခြင်း အဟုန် အမြင့်မားဆုံး အခြေအနေတရပ်ဆီ ရောက်ရှိနေသည်ဟု အပွင့်လင်းဆုံး သုံးသပ် မိသည်။
  • မည်သို့ ဆိုစေ စစ်ဝါဒီ အာဏာသုံး ကိုယ်ကျိုးရှာတတ်သူတို့က တိုင်းပြည်မွဲလေ၊ ပြည်သူ ပြည်သားတွေ အချင်းချင်း မညီညွတ်လေ၊ ကြိုက်လေဖြစ်သည်။ ပြည်သူတွေ ဆင်းရဲလေ။ ပြည်ပ သို့ထွက်ခွါလေ ကြိုက်လေဖြစ်သည်။ သို့မှသာ ပြည်တွင်းမှ အာဏာပိုင် သူတို့ ထင်ရာ စိုင်းသမျှ တော်လှန်ဆန့်ကျင်မည့် လူငယ်တို့ အားနည်းနေမည်ဖြစ်သည်။ ထို့ကြောင့် ပညာရေးကို အခြေခံက စ ဖျက်ဆီပြီး မျုုိးဆက်သစ်တို့ လူညွှန့်တုံးသွားအောင် ဖန်တီး လိုက်သည်။ စိ်တ်ဓါတ် ကိုယ်ကျင့်သိက္ခာ အတွေး အခေါ် အပြုအမူက အစ အားလုံး သိမ်နုံ့ ဖျင်းလွဲသွားအောင် ဦးဆောင် ဖန်တီးလိုက်သော အခါ မြန်မာနိုင်ငံသည် ကမ္ဘာတွင် အဆင့်အတန်း လွန်စွာနိမ့်သော လူဆင်းရဲ နိုင်ငံ ဖြစ်သွားတော့သည်။
  • လူမျိုးချင်း ညီညွတ်ရေး ဟူသည် ယုံတမ်းစကား သဖွယ်ဖြစ်အောင် ပေါင်းစည်း ဆောင်ရွက်တတ်ခြင်း ဓလေ့ကို စနစ်တကျ အမြစ်ကလှန် တူးဖြို ဖျက်ဆီးလိုက်ခြင်းကြောင့် ပေါင်းစည်း ညီညွတ်ဆောင်ရွက်တတ်ခြင်း ဓလေ့ မြန်မာပြည်တွင် ကွယ်ပျောက်လုနီး ဖြစ်နေ၏။
  • ဘာသာရေး ကဏ္ဍ တွင်လည်း ပါဌိသံ တရားဆုံးလျှင် သာဓုခေါ်တတ်ယုံသာ ရှိသည်။ တင်ပါ့ ဘုရား ပြောတတ်ယုံသာ ရှိသည်။ စေတီမြင်လျှင် ဦးကုန်းချပြီး ရှိတာ လှူလျှင် နောက် ဘဝ ချမ်းသာမည် ဟုသာ ခံယူတတ်သူ များ နေသည်။ ဘာသာ သာသနာအရ လေးနက် တည်ကြည်သော လူ့ဘောင်မျိုးဆက် တည်တံ့ထွန်းကားရေး အတွက် သွန်သင် ပဲ့ပြင်မှု အားနည်းနေသေးသည်။ ရှိတာလှူ လှူလွန်းလို့ မွဲသွားရင် သူတောင်းစားလုပ် ၊ မွဲခြင်း မတရားခံရခြင်း အားလုံး ဖြစ်သမျှ ရှေးဘဝ အကြောင်းကြောင့် ဟု ကိုယ်ညံ့ ကိုယ်တုံး ကိုယ် အသုံးမကျ ကိုယ်ကြောက်ခြင်းကြောင့် ခံရသော ဖြစ်စဉ်တိုင်းကို ဘယ်သူမှ မသိမမြင် နိုင်သည့် ရှေးဘဝဆိုသည်ပေါ် လွဲချသော သွန်သင်မှုကလည်း စုဝေးညီညာ အောင်ကြောင်း ဖြာစေမည့် လူနေမှု စနစ် တည်ဆောက်ရေးကို လမ်းလွဲနေစေသေးသည်။
  • ဤသို့သော စိုးထိတ်ဖွယ် အံ့ဩဖွယ် မယုံကြည်နိုင်ဖွယ် အချင်းအရာတို့ ဖြစ်ပွား နေသော်လည်း တိုင်းပြည်ကို ချစ်ခင်သူ လူသားစိတ် ရှိသူ မြန်မာတို့သည် တိုင်းရေး ပြည်ရာ နိုင်ငံ့အရေး အရာ ကို မျက်မှောက်ဖြစ်တည်ရာမှ လွတ်ကင်းတိုးတက်ရာသို့ ရောက်အောင် ရရာ နည်းလမ်းများဖြင့် ကြိုးပမ်းနေကြသည်ကို တွေ့ရှိရသည်။ ထိုသို့သော အထွေထွေ ဆုတ်ယုတ် နိမ့်ပါးမှု မြင့်မားနေသည့် မြန်မာပြည်ကြီးကို လွတ်လပ်တိုးတက်အောင် ကြိုးပမ်း ကြသူ အားလုံး လိုလိုကို နိုင်ငံရေး လုပ်ဆောင်သည်ဟု ဆိုကာ ယနေ့ တပ်မတော် စစ် အစိုးရ က စွပ်စွဲ ဖမ်းဆီး အပြစ်ပေး ထောင်သွင်း လျှက်ရှိသည်။
  • အဓမ္မ ကိုယ်ကျိုးဝါဒီ တို့သည် အများအကျိုးပြု သူရဲကောင်း ၀ါဒကို ကြီးစွာသော ရန်သူ သဖွယ် နှိမ်နှင်းဖျက်ဆီး နှောင့်ယှက်လေ့ရှိသည်မှာ ဓမ္မတာဖြစ်သည်။ ထို့ကြောင့် တိုင်းချစ် ပြည်ချစ် စိတ်ရှိသူများ၊ နိုင်ငံ့ကောင်းကျိုး ပြုလိုသူများသည် မတရားသော အာဏာသိမ်း စစ် အုပ်ချုပ်ရေး ကွန်ယက်ပါ စစ်လက်ပါးစေတို့၏ နှောင့်ယှက်ဖျက်ဆီး ဖမ်းဆီးခြင်းကို နည်းအမျိုးမျိုး ဖြင့် ခံနေရသည်။
  • တိုင်းပြု ပြည်ပြု ပြည်သူ့ အကျိုးပြု လုပ်ရပ်များ ဦးစီးဆောင်ရွက်ရန် မတရားသော အမိန့်အာဏာ ဟူသမျှ မနာခံဘဲ ။ ပြည်သူကိုသာ သစ္စာစောင့်သိသည့် အစိုးရတရပ် ရိုးဖြောင့်တော်မှန်သည့် အုပ်ချုုပ်ရေး စနစ်တရပ် တည်ဆောက်ရေး တစိုက်မတ်မတ် ကြိုးပမ်း နေသည့် လူထုခေါင်းဆောင်သည် အမှန်တရားကို မြတ်နိုးတတ်သည့် ပြည်သူ လူထု ၏ ယုံကြည်ကိုးစားမှုကို အရှိန် အဟုန်ဖြင့် ရရှိလာသည်။ လူထု ခေါင်းဆောင် အဖြစ် အခြေခံ လူတန်းစား အတွင်း လျှို့ဝှက် ဆွေးနွေး သတင်းဖြန့်ဝေ ပေးရသည့် လူထုခေါင်းဆောင် သည် လတ်တလောအားဖြင့် လူထုနှင့် ထိတွေ့ခွင့် မရအောင် ဖမ်းဆီးခံထားရသော်ငြား လူထုသည် နေ့စဉ်ပင် သူမ သတင်းကို စောင့်မျှော်နေကြသည်။
  • ဤသို့ လူထု၏ အားကိုး ယုံကြည်မှု ရရှိသော ခေါင်းဆောင်၏ လူထုပေါ် လွှမ်းမိုးမှု ဩဇာ ကြီးထွားသည်ထက် ကြီးထွားလာသည်ကို အလွန်တရာ စိုးထိတ်သော အာဏာပိုင်တို့သည် နည်းမျိုးစုံသုံးကာ ဆင်ကြံ ကြံလာတော့သည်။
  • ဒီပဲရင်း အကြမ်းဖက် ဖြစ်စဉ်ကဲ့သို့ အလားတူ အကြမ်းဖက် ဖြစ်စဉ် ကြီးသေးပေါင်း မြောက်များစွာဖြင့် မျိုးချစ် ၀ါဒီများ ကို နှိမ်နှင်းသတ်ဖြတ် ဖမ်းဆီး ထောင်သွင်းသည်။ နှိပ်စက်သည်၊ လူကဲ့သို့ ရပ်တည်နေနိုင်ခွင့် မရအောင် ပဒေသရာဇ် ခေတ်ကကဲ့သို့ ဆွေစဉ်မျိုးဆက် အပြစ်ပေးသည်။ ဘဝ ရပ်တည်မှု မရအောင် နည်းမျိုးစုံဖြင့် အနှောက်အယှက်ပေးသည်။ သို့နှင့် လူထုကြီးအတွင်း တွေးခေါ်တတ်သူ မှန်သမျှတို့သည် ရက်စက် ရိုင်းစိုင်း ယုတ်မာ။ ရင့်သီးလှသော ကိုယ်ကျိုးရှာ အာဏာပိုင် အသိုင်းအဝိုင်းနှင့် စစ်တပ်အုပ်ချုုပ်ရေး စနစ်အား မုန်းတီးရွံရှာမှု အဟုန် အမြင့်မားဆုံး ဖြစ်လာတော့ချေသည်။
  • ယနေ့ အချိန်သည် လူထုအတွင်း နိုင်ငံရေးအရ ခံစားချက် ရေးရာအရ ဘဝ ရပ်တည်မှု ရေးရာအရ အခက်ခဲဆုံး အကြပ်တည်းဆုံး ဖြစ်နေသည်။ ကမ္ဘာ့စီးပွားပျက်ကပ် စနက်ကြောင့် ပြည်တွင်း စီးပွားရေး ကျပ်တည်းမှု ပိုမိုကြီးထွားလာသည်။ ဤကြားထဲ့ စစ်တပ်က မလိမ့်တပတ်လုပ် ရေးဆွဲ ပြဌာန်းကာ စစ်တပ်ကပင် လက်ဦးမှုယူ အာဏာ ပိုင်စိုးမှု သက်တမ်း ဆန့်မည့် ရွေးကောက်ပွဲ ဆိုသည်ကိုလည်း အတင်း အဓမ္မနည်းများ သုံးကာ ဇွတ်ကျင်းပရန် စီစဉ်နေသော အချိန်လည်း ဖြစ်သည်။
  • နိုင်ငံ့ရံပုံငွေ နိုင်ငံ့ အခွန် နိုင်ငံသားတို့ အားလုံးနှင့် သက်ဆိုင်သော သယံဇာတကို ထင်သလို ရောင်းစားကာ မတရား အခွင့်အရေး ပေါင်း မြောက်များစွာ ဖြင့် ဖွဲ့စည်း သက်သွင်းထားပေးသည့် ပြည်ခိုင်ဖြိုး အသင်းသည် နိုင်ငံရေး အာဏာကို ဆက်လက် သိမ်းပိုက်လက်ခံရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေသည်။ စေတနာရက်ရောမှုဖြင့် ပြည်သူကို ကူညီလေဟန် နိုင်ငံ့ နေရာအနှံ့ လမ်းခင်း လမ်းဖေါက်ပေးခြင်း၊ ရေသွယ်မြောင်းဖေါက်ပေးခြင်း။ စာသင်ကျောင်းဆောက်ပေးခြင်း စသည့် ၎င်းတို့ မတရား ရယူထားသည့် လူထုငွေဖြင့် လူထုကို မလှိမ့်တပတ်လုပ် လိမ်လည်ကာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ကိုင်မှု ခြေလှမ်း စိတ်လာသည်။
  • မိမိတို့ အိမ်ရှေ့ လမ်းကို ခင်းပေးစေလိုလျှင် ကြံ့ဖွံ့အဖွဲ့ကို မဲထည့်မည်ဟု အာမခံပါ။ လမ်းချက်ချင်း ခင်းပေးမည် ဆိုသည့် ကြိတ်စည်းရုံး လှုပ်ရှားမှုများ ပွင့်အံလျှံထွက်လာသည်။ စာသင်ကျောင်းဆောင်သစ် တခု ဆောက်ပေးမည်၊ ကျောင်းသား အားလုံးကို ကြံ့ဖွံ့ အသင်းဝင် အဖြစ် စာရင်းသွင်းပေးပါ ဆိုသည့် တဖက်လှည့် စည်းရုံးမှုများကို ဉာဏ်နီဉာဏ်နက် များသုံး၍ စည်းရုံး လှုပ်ရှားလာသည်။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်ကာ ပြည်သူကို စစ်ကျွန်သက် ရှည်စေရေး လိမ်လည်ကောက်ကျစ်မှု နည်းပေါင်းစုံသုံးကာ ကြိုးပမ်းနေသည်ကို တွေ့နေရသည်။
  • မြန်မာပြည်သူတွေ ဘယ်လောက် ထုံသလဲ အ သလဲ ဘယ်လောက် ကြောက်တတ် သလဲ ဘယ်လောက် စည်းလုံးညီညွတ်တတ်သလဲ။ ဘယ်လောက် အရှည်ကို ကြိုမြင်တွေးဆ ဆင်ခြင်တတ်သလဲ။ ဘယ်လောက် နိုင်ငံသားကောင်း လူသားကောင်း ပီသကြသလဲ ဆိုသည့် အထွေထွေ အခြေအနေပေါ် မူတည်၍ မြန်မာ့ အနာဂတ်သည် အရောင်ထွက်လာပေလိမ့််မည်။
  • ဥပဒေကို လိုသလို အသုံးချပြီး ၎င်းတို့ကိုယ်ကျိုးစီးပွားကို ကာကွယ်ရေး အတွက် လူသတ်လက်နက်ကို အသုံးချသည့် စစ်အာဏာပိုင်တို့သည် တရားမျှတမှုကို တည်ဆောက်ပေးပြီး လူထုကို ဆင်းရဲတွင်းက လွတ်ကင်းအောင် အားထုတ်မည့် လူထုခေါင်းဆောင်ကို မတရား အကွက်ဆင် ဖမ်းဆီးကာ ဆက်လက် ဖမ်းဆီး ချုပ်နှောင်ရန် အားထုတ်နေအုံးမည်သာ ဖြစ်သည်ကို အထက်တွင် တင်ပြခဲ့ပြီးသော အခြေခံ ဇာစ်မြစ် ဇာတ်လမ်း ကကွက်များက သက်သေခံနေပေသည်။
  • လူထုခေါင်းဆောင်သည် ် အသက် ၆၄ နှစ်ပြည့်ခဲ့ချေပြီ ။ သူမ သည် ထောင်တွင်း (သို့မဟုတ်) အကျဉ်းစံ အကျုယ်ချုပ်ဘဝဖြင့် ဆယ်စုနှစ်နှင့် ချီ၍ အဖမ်းခံရပြီး ဖြစ်သည်။ ယခု ဆက်လက်ပြီးလည်း ဖမ်းဆီးထားရန် စစ်အာဏာပိုင် စစ်လက်ပါးစေတို့က ကြိုးပမ်းနေကြသည်။
  • လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် စစ်မှန်သော ခေါင်းဆောင်မှု ပေးခြင်းကို ကျွနိုပ်တို့ ရရှိရန်မှာ သူမ လွတ်လပ်မှသာ ဖြစ်ပေလိမ့်မည်။
  • ဒေါ်အောင်ဆန်းစုကြည်သည် မိမိတို့ ကဲ့သို့ အဖိနှိပ်ခံ နိုင်ငံသားများ အတွက် မီးရှုးတန်ဆောင် ဖြစ်သည်။
  • မိမိတို့ ကဲ့သို့ လူဆင်းရဲများအတွက် ကယ်တင်ရှင်လည်း ဖြစ်လာလိမ့်မည်။
  • မိမိိတို့ ကဲ့သို့ မတရား အစီရင်ခံ၊ မတရား ခြိမ်းခြောက်ခံတို့ အတွက် အလင်းပေး စောင့်ရှောက်ကာကွယ်ရာ မဟာ့ မဟာ အကာအရန် တံတိုင်းကြီးလည်း ဖြစ်လာလိမ့်မည်။
  • မိမိတို့ ကဲ့သို့ အနာဂတ် မရေမရာ မသေမချာဖြင့် လူညွှန့်ချိုးခံထားရသော မျိုးဆက်တိုင်းရင်းသား အားလုံးအတွက် အားပေးမြင့်တင် ချီးမြောက်ရာ ခိုင်မာသော လူ့ဘဝ အနာဂတ်တို့ ပုံလောင်း ပျိုးထောင်ပေးရာ မိခင်ကြီး တဦးဖြစ်လာလိမ့်မည်။
  • မိမိတို့ အားလုံး နိုင်ငံသားတို့ အားလုံး အနာဂတ် အကောင်းအဆိုး အကြောင်းအကျိုးကို ကောင်းစွာ ဆင်ခြင် သိမြင်ပြီး မှန်ရာ သင့်ရာ မျှတရာကို စိစစ်ဝေဖန် ပိုင်းခြား ဦးဆောင်နိုင်စွမ်း ရှိသူမှာ ဖခင်ဖြစ်သူ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သွေးအမွေခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သာ လျှင်ဖြစ်တော့သည်။ ထို့ကြောင့် သူမသည်ပင် အကျွနု်တို့၏ အနာဂတ်များကို စေစားရာပင် ဖြစ်ချေတော့သည်။
  • လူထု ခေါင်းဆောင် အမြန်ဆုံး လွတ်မြောက်ပါစေ။ မတရားသော စစ်အာဏာရှင်လက်အောင် တရားစီရင်ရေး စနစ်ကြီး ပျက်သုဉ်းပါစေ။ မြင့်မြတ်သော စိတ်ထားရှိသူတို့အား သဘာဝ တရားကြီးက ကူညီကယ်တင် စောင့်ရှောက်ပါစေ။ အမှန်တရားများ ထွန်းကား ခိုင်မာလာပါစေ။ လောကပါလ တရားများ မြန်မာပြည်တွင်း ပြန့်ပွားလာပါစေ။ လူလူချင်း ညီညွတ်နိုင်ကြပါစေ။ ကူညီနိုင်ကြပါစေ။ စောင့်ရှောက် ကယ်တင်နိုင်ကြပါစေ။
  • ကျရောက်ပြီးဖြစ်သော အသက် ၆၄ နှစ်ပြည့် လူထုခေါင်းဆောင်ကြီး၏ မွန်မြတ်လှစွာ မွေးနေ့ အခါသမယ အတွက် နိုင်ငံသားတယောက် မျိုးချစ် တပ်မတော်သားတယောက်က ဤစာစုများကို ရေးဖွဲ့ကာ အကျဉ်းကျခံနေရသော လူထုခေါင်းဆောင်အား တိုင်ကြားသက်သေ ညွန်းပါသည်။

ဒေါ်စု လူထုခေါင်းဆောင် အမြန်ဆုံး လွတ်မြောက်ပါစေသတည်း။ နိုင်ငံတွင်း ယိုယွင်းနေသော ပျက်စီးခြင်းများကို မှန်ကန်သော ဦးဆောင်မှုဖြင့် ပြင်ဆင်ဖြည့်စွမ်း နိုင်ပါစေသတည်း။ အမေ့ကို မျှော်လင့်နေသော သားသမီးများအား နွေးထွေးလုံခြံုသော မေတ္တာ ပေးဝေနိုင်ပါစေသတည်း။ လူထုကြီးမှ ပို့သသော မေတ္တာကြောင့် မတရား အဖမ်းဆီးခံနေရသော အမေ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံ့ ခေါင်းဆောင်များ အားလုံး ကျန်းမာစွာ ရှိလိမ့်မည်ဟု အလေးအနက် ယုံကြည်ပါသည်။

အမေ အသက်ရာကျော် ရှည်ပါစေ။

ညီတိုးငြိမ်း

LEAVE A REPLY

Please enter your comment!
Please enter your name here