အင်ဒိုနီးရှားတွင် မိုင်းတွင်း ပြိုကျမှု ဖြစ်ပွား

alt

အင်ဒိုနီးရှား နိုင်ငံတွင် မိုင်းတွင်း ပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူပေါင်း (၂၈) ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း သိရှိရသည်။

အနောက် ဆူမားတြားရှိ ဆာဝါလန်တို ဒေသ မှ မိုင်းတွင်းတစ်ခု ယခုအပါတ် အစောပိုင်းက ပြိုကျခဲ့ရာ ယခုအခါ မိုင်းလုပ်သား (၂၈) ဦး ၏ ရုပ်အလောင်းများ ကို ဆွဲထုတ်နိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကူညီထောက်ပံ့ရေး ဌာနက ယခုအခါတွင် ပြိုကျ ပျက်စီးနေသည့် ကျောက်မီးသွေး မိုင်းတွင်းအနီးတွင် ကယ်ဆယ်ရေးနှင့် ရဲများက အသက်ရှင် ကျန်ရစ်သူများကို လိုက်လံ ရှာဖွေနေဆဲဖြစ်ကြောင်း ထုတ်ဖော် ကြေညာထားသည်။

မိုင်းတွင်း ပြိုကျရမှုသည် မြေအောက်ရှိ မီသိန်းဓာတ်ငွေ့များ ပေါက်ကွဲ သွားခြင်းကြောင့်ဟု တာဝန်ရှိသူ များကဆိုသည်။ မနေ့က အထိ သေဆုံးသူ ရုပ်အလောင်းများကို ထပ်မံ တွေ့နေရဆဲ ဖြစ်ပြီး မိုင်းတွင်း ပေါက်ကွဲချိန်တွင် မီသိန်းကြောင့် ထိုးတက် လောင်ကျွမ်းနေသည့် မီးညွန့် မီးစွယ်ကြီးပေါင်း နေရာ(၅၀) ထက်မနည်းကို တွေ့မြင်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

အာဏာပိုင်များက ကယ်ဆယ်ရေး အလုပ်သမားများသည် အသက်ရှင်လျက် ပိတ်မိနေသော မိုင်းအလုပ်သမားများကို တွေ့ရှိနိုင်ဦးမည်ဟု မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်။ ဒေသဆိုင်ရာ ရုပ်မြင်သံကြား ဌာန တစ်ခုက ရှာဖွေ တွေ့ရှိထားသော အလောင်းများ၏ ပုံကို ပြသခဲ့ရာတွင် အားလုံးမှာ ဆိုးရွားစွာ မီးလောင်ကျွမ်း ထားကြောင်း တွေ့မြင် လိုက်ရသည်။

ယခု ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒေသခံ အာဏာပိုင်များအပေါ် မိုင်းတွင်းများတွင် လုံခြံုရေး နှင့် ပတ်သက်ကာ စနစ်ကျသော အစီအမံများ ထားရှိခြင်း မရှိသဖြင့်ဟု ပြစ်တင်ဝေဖန် စောကြောမှုများလည်း ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here