ထူးဆန်းသော အလင်းတန်း ပျံသန်းမှုကြောင့် ဗြိတိန်ရေတပ် အလုပ်များ ခဲ့ရ

alt

အင်္ဂလိပ် ရေလက်ကြား ပေါ်တွင် ပျံသန်းသွားသည့် ထူးဆန်းသော အလင်း ရောင်တန်းများကြောင့် ဗြိတိန် ကမ်းခြေစောင့် တပ်ဖွဲ့များ အလွန် အလုပ်များ သွားကြောင်း သိရှိရသည်။

ဇွန်လ (၁၅) ရက်နေ့ ညက ကောင်းကင်တွင် လင်းထိန် ထွန်းလင်း လာသည့် အဆိုပါ အလင်းရောင် တန်းများကို လူ ရာပေါင်းများစွာက တွေ့မြင် ခဲ့ပြီးနောက် ကမ်းခြေစောင့် ရဲတပ်ဖွဲ့သို့ ချက်ချင်း အကြောင်းကြား ခဲ့ကြသည်။ ကမ်းခြေစောင့် တပ်ဖွဲ့ များသည် ရေလက်ကြား အတွင်းသို့ ချက်ချင်း သွားရောက် ရှာဖွေခဲ့သော်လည်း မည်သည့် အရာကိုမျှ မတွေ့ ရှိခဲ့ရကြောင်း သိရှိရသည်။

ထို အလင်းတန်းများသည် နစ်မြုပ်လုလု ရေယာဉ်တစ်စင်းမှ လွှတ်တင်လိုက်သော အချက်ပြ မီးပန်းများ ဖြစ်နိုင်ကြောင်း လူအများက ယုံကြည် ကောက်ချက် ချခဲ့သည့်တိုင် ရေယာဉ် တစ်စင်းစင်း နစ်မြုပ်သည့် အရိပ် လက္ခဏာမျိုးလည်း မတွေ့ခဲ့ရဟု ကမ်းခြေစောင့်တပ်က ကြေညာသည်။

အဆိုပါ တပ်ဖွဲ့မှ အရာရှိတစ်ဦးက လူအများအပြားထံမှ အလင်းတန်းများ တွေ့ရှိရကြောင်း သတင်းပေးပို့မှု အမြောက်အမြား ရရှိလာပြီးနောက် ကမ်းခြေစောင့် တပ်သား အမြောက်အမြားကို အင်္ဂလိပ် ရေလက်ကြားသို့ စေလွှတ်ခဲ့ကြောင်း ပြောကြားသွားခဲ့သည်။

ပညာရှင်များ ကမူ ယခုဖြစ်စဉ်သည် အာကာသ အမှိုက်များ ကမာ္ဘ့ လေထုထဲ တိုးဝင်လာစဉ် လေထုနှင့် ပွတ်တိုက်အားကြောင့် အရှိန်ပြင်းစွာ လောင်ကျွမ်း တောက်ပရာမှ အလင်းတန်း ထွက်ပေါ်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ထောက်ပြကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here