ကလေးကြိုက် Netbook များ ASUS ထုတ်လုပ်မည်

alt

ASUS က Disney နှင့် ပူးပေါင်းကာ ကလေးငယ်များ အကြိုက်တွေ့စေမည့် Netbook များ ထုတ်လုပ်ရန် ပြင်ဆင် နေကြောင်း သိရှိရသည်။

ကလေးငယ်များ နှင့် သင့်တော်အောင် စီမံထားသည့် အဆိုပါ Laptop ကွန်ပျူတာလေးများသည် Princess Pink နှင့် Magic Blue ဟူ၍ အရောင်နှစ်မျိုး ထုတ်လုပ်မည်ဖြစ်ပြီး ကလေးများအကြိုက် Disney ၏ Theme များကို အသုံးပြု အလှဆင် ထားမည်ဖြစ်သည်။

(၂.၁၆) ပေါင်သာလေးသော Netbook ကလေးများကို Netpal ဟု အမည်ပေးထားပြီး Amazon မှတဆင့် ဒေါ်လာ (၃၅၀) ဖြင့် ရောင်းချ သွားရန် စီစဉ်နေသည်။ Netbook လေးများတွင် Processor အနေနှင့် 1.6GHz Intel N270 ကို အသုံးပြုထားပြီး 1GB RAM နှင့် Hard Disk ကိုမူ 16GB နှင့် 160GB ဟူ၍ မော်ဒယ်လ်နှစ်မျိုး ခွဲခြား ထုတ်လုပ်ထားသည်။

Display အကျယ် (၈.၉) လက်မရှိပြီး အလေးချိန်အားဖြင့် (၂.၆) ပေါင်သာ လေးသောကြောင့် ကလေးများနှင့် သင့်လျော်ကြောင်း ASUS က ကြေညာသည်။ Netbook လေးများတွင် SD/MMC Card Reader (၁) ခု၊ USB Port (၃) ခု၊ VGA Port (၁) ခုနှင့် 0.3 megapixel ကင်မရာ (၁) လုံးတို့ကိုလည်း တပ်ဆင် ပေးထားမည်ဖြစ်သည်။

Netpal ကို ထုတ်လုပ်ရခြင်းသည် ကလေးငယ်များ ကွန်ပျူတာနှင့် စောစီးစွာ အကျွမ်းတဝင် ဖြစ်စေလိုသော ရည်ရွယ်ချက်ကြောင့်ဟု ASUS ကဆိုသည်။ ကလေးများ အတွက် ရည်စူး ထုတ်လုပ် ထားခြင်းကြောင့်လည်း Theme များကို မော်တော်ကားများ၊ မစ်ကီမောက်စ် ကဲ့သို့ ကာတွန်း ရုပ်ကလေးများဖြင့် ပြုလုပ်ထားပြီး Disney နှင့် Pixar မှ ကာတွန်း ရုပ်ရှင်များလည်း ထည့်သွင်း ပေးထားသည်။ Data များ ပျက်စီးဆုံးရှုံးမှု မရှိစေရန် ASUS ၏ Shock Shield နည်းပညာဖြင့် ကာကွယ်ပေးထားပြီး ည (၈) နာရီ ကျော်သွားပါက အင်တာနက် အသုံးပြုနိုင်ခြင်း မရှိတော့သော Application တစ်ခု ကိုလည်း အလိုရှိသလို အသုံးချ နိုင်ရန် ဖြည့်သွင်း ပေးထားသည်။

ထို့အပြင် အင်တာနက်မှ Flash ဂိမ်းများကို ကလေးငယ်အနေနှင့် အချိန် မည်မျှကြာအောင် ကစားခဲ့ကြောင်း မှတ်တမ်းတင် ထားပေးသည့် စနစ်တစ်ခုလည်း ထည့်ပေးထားသည်ဟု ASUS က ကြေညာလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here