အီတူး အား ခေါ်ယူနိုင်ရန် အေစီမီလန် ကြိုးပမ်း

alt

မန်ချက်စတာ စီးတီးက ခေါ်ယူရန် အသည်းအသန် ကြိုးပမ်းနေသည့် ဘာစီလိုနာ မှ ကင်မရွန်း တိုက်စစ်မှူး ဆမ်မြူရယ် အီတူး ကို ခေါ်ယူရန် အီတလီ စီးရီးအေ ထိပ်တန်း အသင်းကြီး အေစီမီလန် ကလည်း စတင် ကြိုးပမ်းလာပြီ ဖြစ်သည်။

အသက် (၂၈)နှစ် အရွယ် တိုက်စစ်မှူးအား မန်ချက်စတာ စီးတီး နည်းပြကြီး မတ်ဟုချ် က ပေါင်သန်း (၂၀)ဖြင့် ခေါ်ယူရန် ကြိုးစားနေသလို မန်ချက်စတာ ယူနိုက်တက်၊ အင်တာမီလန် နှင့် ချဲလ်ဆီး တို့ကလည်း စိတ်ဝင်စားနေရာမှ ယခုအခါ အေစီမီလန် ကပါ ထိုပြိုင်ပွဲတွင် ၀င်ရောက်လာပြီ ဖြစ်သည်။

ဘာစီလိုနာသည် ၎င်းတို့၏ တိုက်စစ်မှူးကို ပေါင် (၂၅) သန်းဝန်းကျင် ရရှိပါက ရောင်းချရန် စီစဉ် ထားသော်လည်း အီတူးက ကမ်းလှမ်းသမျှ အသင်းတိုင်းအား ကစားကြေး အဖြစ် တပါတ်လျှင် ပေါင် (၂၀၀၀၀၀) နီးပါး တောင်းဆိုထားမှုကြောင့် အသင်း အတော်များများက လက်တွန့် နေဆဲဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာ အသင်းသည် ယခုနှစ် ဈေးကွက်အတွင်း ဖရန့်ရစ်ဘာရီ၊ ဒေးဗစ်ဗီလာ၊ ကီရန်ဘန်ဇီးမား စသော ကစားသမားများ ကို ကမ်းလှမ်းရန် ပြင်ဆင်နေသဖြင့် အီတူးအား ရောင်းထုတ်နိုင်ရန် အလိုရှိနေခြင်း ဖြစ်သည်။

အေစီမီလန် ကလည်း အသင်းတွင် အလက်ဇန်းဒါး ပါတို အထိုင်မကျခြင်း၊ အင်ဇာဂီ၊ ရှက်ချန်ကို စသော အခြားသော တိုက်စစ်မှူးများ အသက်အရွယ် ကြီးရင့် ကုန်ခြင်းတို့ကြောင့် ကစားအားကောင်းပြီး အဆုံးသတ် သေချာသည့် အီတူးအား စိတ်ဝင်စားလာခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here