Microsoft Bing အောင်မြင်မှုများ ရရှိနေ

alt

Microsoft ၏ Search Engine အသစ်ဖြစ်သော Bing သည် တိုတောင်းသော ကာလ အတွင်း အောင်ပွဲများ စတင် ရရှိနေပြီဟု သိရသည်။

ပြီးခဲ့သော သီတင်းပါတ် အတွင်းက Bing သည် ပြိုင်ဘက်များ ဖြစ်သည့် Google နှင့် Yahoo တို့ထံမှ ဈေးကွက်ပမာဏကို ကျေနပ်လောက်ဖွယ် အခြေအနေအထိ ခွဲယူလိုက်နိုင်သည်။ Search Engine လောကကို ဦးဆောင်နေသည့် Google ကို အဓိက စိန်ခေါ်ရန် ရည်ရွယ် တည်ထောင်ထားသော Bing သည် အလွန်အစ ကောင်းခဲ့ကြောင်း Microsoft ၏ အမှုဆောင်ချုပ် စတိဘောမား က ပြောကြားခဲ့သည်။

ဇွန်လ(၈) ရက်မှ (၁၂) ရက်နေ့ အတွင်း အမေရိကန်မှ အင်တာနက် သုံးစွဲသူ (၁၂.၁) ရာခိုင်နှုန်းသည် Bing ကို အသုံးပြုကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း Bing ကဆိုသည်။ ထိုပမာဏသည် ဇွန်လ (၁) ရက်မှ (၅) ရက်နေ့က အထိ Bing အား သုံးစွဲသူ (၁၁.၃) ရာခိုင်နှုန်းသာ ရှိနေသော အခြေအနေမှ တိုးတက်လာခြင်းဖြစ်သည်။

မေလ အတွင်းကမူ Bing ဖြင့် ရှာဖွေမှုများ ပြုလုပ်သူ အရေအတွက် (၉.၁) ရာခိုင်နှုန်း ရှိခဲ့သည်။ Bing အနေနှင့် တိုးတက်မှုများ ရရှိနေသော်လည်း Search Engine လောကကို ဦးဆောင်နေသူ Google က သုံးစွဲသူ အရေအတွက် (၆၅) ရာခိုင်နှုန်း အထိ ပိုင်ဆိုင်နေဆဲ ဖြစ်သလို Yahoo ကလည်း (၂၀.၁) ရာခိုင်နှုန်းထိ ရရှိနေဆဲ ဖြစ်သည်။ Microsoft မှ Bing မတိုင်မီ တီထွင်ထားသော Live မှာ ဈေးကွက်၏ (၈) ရာခိုင်နှုန်းကို ချုပ်ကိုင် ထားနိုင်သည်။

ဇွန်လကုန်ပိုင်းတွင် Bing ၏ ဈေးကွက် ဝေစုသည် ယခုထက် ပိုတက်လာမည်ဟု Microsoft က မျှော်လင့်ထားသည်။ ကမာ္ဘ့ အကြီးမားဆုံး Software ကုမ္မဏီကြီးဖြစ်သော Microsoft သည် နောက်ပိုင်းတွင် အင်အားကြီးမားလာသည့် Google ကို ယှဉ်ပြိုင်ရန် ကဏ္ဍစုံမှ အပြင်းအထန် ကြိုးပမ်း နေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here