ရန်၊ ငါ၊ စည်း ခြားသည် ဒေါ်အောင်ဆန်းစုကြည်

ဒီကနေ့မှာ ကျရောက်တဲ့ မွေးနေ့ရှင် မဟာလူသားတဦး အကြောင်း စဉ်းစားနေမိရာ၊ သူ့မကို သတိထားမိချိန် အဲဒီအချိန် အဲဒီ ကာလမှာ သူတို့က ပြောကြတယ်။ သူမဟာ မြန်မာ့နိုင်ငံရေး အကြောင်းကို ဘာ … နကန်းတလုံးမှ မသိဘူးတဲ့။

ဒီကာလမှာ ပြည်သူတွေ ပါးစပ်ဖျား ပြောစမှတ် ဖြစ်ခဲ့တဲ့သူတွေ ထဲမှာ သုံးဖက်ချွန် ဆမူစာ အောင်ကြီး၊ မြပုဏ္ဏမာ ဇာဂနာ၊ အမေပြုစုဖို့ ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီလူတွေထဲက မြန်မာပြည် နိုင်ငံရေးအကြောင်းကို ထဲထဲဝင်ဝင်၊ ရဲရဲမြင်တာ ဘယ်သူလဲ? ။ ကဲ … ပြောကြည့်ကြစမ်း ၁၉၈၈မှာ နေဝင်းအစိုးရကို ဆွယ်တရားဟောခဲ့တဲ့ နိုင်ငံရေး ပရောဟိတ်လို အဓိပတိ လိုလိုဟန်နဲ့ စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့ ဆိုတဲ့ စကားနဲ့တင် ဗိုလ်အောင်ကြီး ဘယ်ရောက်သွားလဲ၊၊ မြောင်းထဲရောက် သွားတယ် မဟုတ်လား? အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား ရဲရဲဝံဝံ ထုတ်ဖေါ် ဝေဖန်ပြောဆိုခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဆုံး သူရဲကောင်းက ဘယ်သူလဲ? ပြော …. သူမ ပဲလေ၊ ဆတ်ဆတ်ထိမခံ ဖြစ်သွားခဲ့ရတာက သွားလေသူ အာဏာရှင် ဗိုလ်နေဝင်း၊ ကဲကြည့်စမ်း … တယောက်ပြီး တယောက် နေဝင်သလို ချုပ်ငြိမ်း သွားလိုက်ကြတာ အခုတော့ ပြည်သူတွေက ပြောနေကြပြီ ဒေါ်အောင်ဆန်းစုကြည် တဲ့။

လူထု တရပ်လုံးကို မျက်စိမှိတ် နားပိတ် ထားခဲ့တဲ့ ဗိုလ်နေဝင်းကို စိမ်ခေါ်ခဲ့တဲ့ စိမ်ခေါ်ရဲခဲ့တဲ့ သူက ဒေါ်အောင်ဆန်းစုကြည်၊၊ ဒီလိုပြောခဲ့လို့ ဗိုလ်နေဝင်း ငရံ့ပြာလူး ဆတ်ဆတ်ထိ မခံနာခဲ့ရတယ်၊ ရန်လိုမုန်းပွား အငြိုးထားခဲ့တယ်၊၊ လူထုကို နိုင်ငံရေး နား၊ မျက်စိ ဖွင့်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကြောင့် လူထု တရပ်လုံး စစ်အာဏာရှင် စနစ်ဆိုးကို မျက်ဝါးထင်ထင် မြင်ခဲ့ရတယ်၊ သိခဲ့ရတယ်၊ ကြံုခဲ့ရတယ်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို လှည်းနေလှေအောင်း မြင်းဇောင်း မကျန် တော်လှန် တိုက်ပွဲဝင်ခဲ့တဲ့ ရှစ်လေးလုံးရဲ့ တိုက်ပွဲဝင်ခဲ့တဲ့ လူထုရဲ့ နိုင်ငံရေး အသိတွေနဲ့ ပေါင်းစပ်သွားတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အာဏာရှင်တွေ စိတ်တိုင်းကျ ခြယ်လှယ်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာတောင် သူတို့ထင်တိုင်း မပေါက်ခဲ့ပဲ သူမအနိုင်ရ အောင်မြင်ခဲ့ တာပေါ့။

အဲဒီနောက်ပိုင်း လူထုရဲ့ နိုင်ငံရေး ရေချိန်ကို မြင့်မားလာအောင် တိုးတက်လာအောင် လုပ်ပေးခဲ့တဲ့ လမ်းဖွင့် ပေးခဲ့တဲ့သူက ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကျန်းမာရေး အထွေထွေအသိနဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ထားရမယ့် မျိုးချစ်စိတ်ဓါတ်။ ပြည်ထောင်စု စိတ်ဓါတ်တွေကို ကိုယ်စီကိုယ်စီ သယ်ချီသွားနိုင်မဲ့ အတွေးအခေါ်တွေကို အာဏာရှင်တွေ ဟ ပေးရင် ဟ ပေးသလောက် သူမ ပြည်သူတွေကို ပေးနိုင်ခဲ့တယ်၊၊ မေတ္တာ လက်နက်နဲ့ အာဏာရှင်တွေကို အခုတိုင် တိုက်ပွဲဝင်ခဲ့တယ်၊ ခိုးဆိုးလုယက် သတ်ဖြတ်နေတဲ့ သူတို့က သူတို့ စစ်တပ်ထဲကို အရိုင်းအစိုင်းဆန်တဲ့ အတွေးအခေါ်တွေ ရိုက်သွင်းကြတယ်၊ ပြည်သူတွေရဲ့ အချစ် သူမအပေါ် မတင်ရစ်လေအောင် Privacy ကိုနားမလည်ပဲ နဖူးစာ ရွာလည်လို့ တပါးနိုင်ငံသားနဲ့ အိမ်ထောင်ပြုခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သရေ ညှိုးနွမ်းအောင် စဉ်ဆက်မပြတ် ထောက်ပြ နေပါတော့တယ်။

လက်တဆုပ်စာ လူတစုကတော့ သူတို့ပေးတဲ့ အတွေးအခေါ်တွေ ရကြမှာပေါ့၊၊ ဒင်းတို့မှာ အာဏာတွေ ငွေတွေ လုပ်ပိုင်ခွင့်တွေ ရှိတာကိုး၊ ဒါကလည်း တဒင်္ဂပါ၊ ဒို့လူထု ကတော့ ဒေါ်အောင်ဆန်းစုကြည် မှ ဒေါ်အောင်ဆန်းစုကြည် ခြံရံလို့ ဝန်းရံလို့ ရယ်၊ မလိမ်မညာ မုသား မပါဘဲနဲ့ ဒီကနေ့ မှန်မှန်ကန်ကန် မဲပုံးထောင်လိုက် … သန်းရွှေကို မဲပေးမလား? ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးမလား? စမ်းကြည့် လိုက်စမ်းပါ အဖြူအမဲ သဲကွဲစေတာပေါ့။ တတိုင်းပြည်လုံးရဲ့ အမေကို ဒင်းတို့ ဘာကြောင့် ဒီလောက် အညှိုးတေးထား လုပ်နေကြတာလဲ? ရှင်းပါတယ် အပြစ်ရှိသူ ငမိုက်သား ဒင်းတို့ ကြောက်နေလို့ဘဲပေါ့၊ အကျယ်ချုပ်ကနေ အကျဉ်းချုပ် အင်းစိန်ထောင်ကိုပို့ ဒင်းတို့ နောက်ထပ် ဘာဆက် လုပ်အုံးမှာလဲ ကြောက်နေကြပြီလား? ၊ ဒီပဲရင်း ကိစ္စနဲ့တင် သွေးပျက် နေတယ်မဟုတ်လား၊ ကိုယ့်အရိပ် ကိုယ်ကြည့်ပြီး ရှော့ခ်(Shock)ရတိုင်း လူများများမြင်တိုင်း သွေးပျက်ရတယ်လို့၊ ရာဇဝင် ရိုင်းရလေတယ်။

အာဏာရှင် လောင်းရိပ်အောက်မှာ ပြားပြားဝပ်နေရတဲ့ ပြည်သူကို ဆိုရှယ်လစ်စနစ်ဆိုး မြေလှန်ဖို့ ပြတ်ပြတ်သားသား ရဲရဲဝံဝံ ထုတ်ဖေါ် ဝေဖန် ပြောဆိုခဲ့တဲ့ မြန်မာပြည်ရဲ့ သူရဲကောင်း၊ လူထုတရပ်လုံးကို မျက်စိမှိတ် နားပိတ် ထားခဲ့တဲ့ ဗိုလ်နေဝင်းကို စိမ်ခေါ်ရဲခဲ့တဲ့ သူက ဒေါ်အောင်ဆန်းစုကြည်၊၊ ဒီလိုပြောခဲ့လို့ စစ်အုပ်စု အသည်းနာခဲ့ ရတယ်၊ လက်ဆင့်ကမ်းနေတဲ့ စစ်အာဏာရှင်တွေ ရန်လိုအမုန်းထား အငြိုးထားခဲ့ကြတယ်။

ဒီကနေ့ န.အ.ဖ အကြောက်ဆုံးက ခေါင်းဆောင်နဲ့ ခေါင်းဆောင်မှု၊ ဒီခေါင်းဆောင်မှုနဲ့ လူထုပေါင်းစပ်မှုမှာ အကောင်းဆုံးကို မျှော်လင့် အဆိုးဆုံးကို ပြင်ဆင်ဆိုတဲ့ အဖ ဗိုလ်ချုပ်ရဲ့ အတွေးအခေါ်ကို ရဲရဲကိုင်စွဲ မိလိုက် ကတည်းက စပြီး န.အ.ဖ စစ်အုပ်စု အချိန်တိုင်း ကြောက်နေရပါပြီ အဆိုးဆုံးကို ပြင်ဆင်ရတော့မဲ့ အခုလို အခြေအနေမျိုးမှာ န.အ.ဖ ကြောက်ကန်ကန်ပြီး လက်နက်ကိုင်က လက်နက်မဲ့ကို အထပ်ထပ်ရစ်နှောင် ချုပ်ထားတာ မဆန်းဘူး၊၊ အစွန်းဆုံး အကျိုးဆက်က တိုင်းပြည် လွတ်မြောက်တော့မယ့် အကျိုးဆက်ပါဘဲ၊၊ န.အ.ဖ နောက်မှာ ဘယ်သူတွေ ရှိနေသလဲ? မရေရာပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နောက်မှာ လူထု တရပ်လုံး ရှိနေကြတယ်၊၊ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက် ကတည်းက လူထုတရပ်လုံး မျက်စိဖွင့် နားစွင့်် လာနေကြပြီ၊ ဒေါ်စု လွတ်မြောက်ရေး တိုက်ပွဲတွေကနေ တဆင့် တိုင်းပြည် လွတ်မြောက်ရေးတိုက်ပွဲ ဖြစ်လာတော့မယ် ဆိုတာကို အာဏာရှင်တွေ သဘောပေါက်ကြ စေချင်တယ် ။

တိုင်းပြည် အုပ်ချုပ်သူလို့ ဆိုပြီး တဘို့ ထဲသာ ကြည့်တတ်ကာ လူတွေနဲ့ မတွေ့ဖို့ ဒါမှမဟုတ် ဝေးရာရှောင်ပုန်းဖို့ မြေကျင်းကြီးများ တူးကာ ကွန်ကရစ် ဘန်ကာတွေကာလို့ တိမ်းရှောင်ဖို့ အားထုတ်နေချိန်မှာ၊ ယဉ်ကျေးတဲ့ ဘဒ္ဒကမာ္ဘက လူတွေကတော့့ မလာနိုင်မှန်း သိပေမဲ့၊ မတွေ့နိုင်မှန်း သိနေပေမဲ့ ပြည်သူ့ မျက်နှာကို တရွာထင်ကာ ဘုံရန်သူကို ရန်၊ ငါ၊ စည်း ပြတ်လွန်းတဲ့ အမေ့အတွက် အဝေးရောက် ပြည်သူတွေ၊ အဝေးရောက် သားတွေ၊ အမေ့ချစ်တဲ့ ဒီမိုကရေစီ ပြည်သူတွေ ထောင်းသောင်းချီလို့ အနှောင်အဖွဲ့မှ အမေ လွတ်မြောက်စေကြောင်း နဲ့ မိမိတို့ ကိုယ်၌လည်း စစ်နွံအတွင်းမှ လွတ်မြောက်ချင်ကြောင်း တောင်းဆုချွေလို့ ပိုင်ရှင်မဲ့ မွေးနေ့ကို သောဝ်ထိုက်ကကြားအောင် ဒီကနေ့ ကျင်းပ နေကြပြီလေ။

ကချင်ကျော်ကျော် (ABSDF ဗဟို ကော်မတီဝင်ဟောင်း)

LEAVE A REPLY

Please enter your comment!
Please enter your name here