Tattoo ထိုးတာ မလှလို့ ထိုးပေးသူကို တရားစွဲ

alt

ဆယ်ကျော်သက် အရွယ် မိန်းကလေး တစ်ဦးက သူမအား Tattoo ထိုးပေးခဲ့သည့် ပညာရှင်အား တရားစွဲဆိုထားကြောင်း သိရသည်။

အသက် (၁၈) နှစ်အရွယ် ဘယ်လ်ဂျီယန် မိန်းကလေး ကင်ဘာလေဗားမင့်သည် သူမနေထိုင်သော ကော်ထရိုင်မြို့မှ ရိုမေးနီးယားလူမျိုး Tattoo ဆရာသည် သူမ၏မျက်နှာအား ရုပ်ပျက်ဆင်းပျက် ဖြစ်စေသည်ဆိုသော စွပ်စွဲချက်ဖြင့် တရားရုံးသို့ လျှောက်ထားခဲ့သည်။ သူမသည် အဆိုပါ Tattoo ထိုးဆရာအား ငွေ(၅၅) ပေါင်ပေးပြီး မျက်နှာတွင် ကြယ်ပွင့်(၃)ပွင့် ရေးထိုး စေခဲ့သော်လည်း နားလည်မှုလွဲကာ ကြယ်ပွင့် (၅၆)ပွင့် အထိ ရေးထိုးမိခဲ့ကြောင်း သိရသည်။

ကင်ဘာလေက ထိုဖြစ်ရပ်သည် အပြန်အလှန် ပြောဆိုသော အင်္ဂလိပ်စကား နှင့် ပြင်သစ်စကား တို့ကြား လွဲမှားစွာ သဘောပေါက်ခဲ့ခြင်း ဖြစ်နိုင်သော်လည်း ခွင့်မလွှတ်နိုင်ဟု ဆိုသည်။ မျက်နှာတစ်ခုလုံး Tattoo ဗလပွဖြင့် စိတ်ပျက်စရာ ကောင်းနေခြင်းသည် သူမအတွက် အလွန်နစ်နာသောကြောင့် ပေါင်(၁၀၀၀၀)ထိ လျော်ကြေး ရလိုကြောင်း ကင်ဘာလေက တောင်းဆိုခဲ့သည်။

သူမသည် Tattoo ထိုးနေချိန်တွင် အိပ်ပျော်သွားသဖြင့် Tattoo ဆရာ ဘာလုပ်နေသည်ကို မသိခဲ့ကြောင်း ကင်ဘာလေက ပြောကြားခဲ့သည်။ သူမ အတွက် ယခု ပုံပန်းသဏ္ဍန်သည် အလွန်စိတ်ပျက်စရာ ကောင်းသလို ကြောက်စရာလည်း ကောင်းနေကြောင်း၊ ယခုအခါ သူမသည် လမ်းပေါ်သို့ပင် မထွက်ဝံ့တော့ကြောင်း ညည်းညူခဲ့သည်။

သူမ၏ Tattoo များကို နောက်ဆုံးပေါ် Laser နည်းပညာဖြင့် ပြန်ဖျက်နိုင်သော်လည်း အဖြူရောင် အစင်းများ မျက်နှာပေါ်တွင် ထင်ကျန် ခဲ့ဖွယ်ရှိကြောင်းလည်း သိရသည်။ ထိုအတွက်လည်း ကုန်ကျစရိတ်မှာ ပေါင်(၈၅၀၀)ခန့် ရှိမည်ဟုဆိုသည်။ ယခုအခါ သူမသည် Tattoo ပညာရှင် တူမာနီအန့်စ် အား ဥပဒေကြောင်းအရ တရားစွဲဆိုမှု စတင် ပြုလုပ်ထားကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here