စီရော်နာဒို ကစားကြေး ပိုလိုချင်နေ

alt

ရီးရဲလ် မက်ဒရစ် တွင် တပါတ်စာ ကစားကြေး ပေါင်စတာလင် (၂၀၀၀၀၀) အထိ ရရှိမည် ဖြစ်သော်လည်း ထိုပမာဏသည် ၎င်းအတွက် မလောက်ငှကြောင်း ခရစ်စတီယာနို ရော်နာဒို ညည်းညူနေကြောင်း သိရသည်။

မန်ချက်စတာ ယူနိုက်တက် မှ ပေါင်စတာလင် သန်း (၈၀) ဖြင့် ရီးရဲလ်သို့ ပြောင်းရွှေ့ရန် သဘောတူညီထားသည့် ရော်နာဒို သည် ဇွန်လ (၁၇) ရက်နေ့က ရီးရဲလ်အသင်း အာဏာပိုင်များအား ထိုထက်များသော ငွေကြေး ပမာဏဖြင့် စာချုပ်ချုပ်ရန် တောင်းဆိုလိုက်သည်။

အသက် (၂၄) နှစ်ရှိ ပေါ်တူဂီလက်ရွေးစင် တောင်ပံတိုက်စစ်မှူးသည် ၎င်း၏ ရုပ်ပုံအသုံးပြု ကြော်ငြာခကိုလည်း (၁၀၀) ရာခိုင်နှုန်း ရရှိလိုကြောင်း အရေးဆိုထားသည်။ ရော်နာ်ဒို၏ အေးဂျင့်ဖြစ်သူ ဂျော့မန်းဒက် က ၎င်းသည် ရီးရဲလ်အသင်းနှင့် ဆုကြေးကိစ္စအတွက် ဆွေးနွေး နေကြောင်းလည်း ပြောကြားခဲ့သည်။

ရီးရဲလ်အသင်းက ကမ်းလှမ်းသော စာချုပ်တွင် ရော်နာဒို၏ ရုပ်ပုံအသုံးပြုခွင့်မှ ရရှိသော ငွေကြေးအားလုံး၏ (၅၅)ရာခိုင်နှုန်းကို ရော်နာဒိုထံ ပေးအပ်သွားမည်ဟု ကမ်းလှမ်း ပါရှိခဲ့သော်လည်း ရော်နာဒိုက ရုပ်ပုံအသုံးပြုခ အကုန်လုံးရရှိရန် တောင်းဆိုထားသည်။

ထိုအချိန်တွင် အေစီမီလန်မှ ပေါင်(၅၆)သန်းဖြင့် ပြောင်းရွှေ့လာသည့် ဘရာဇီး လက်ရွေးစင် ရီကာဒို ကာကာက ၎င်း၏ ရုပ်ပုံ အသုံးပြုခွင့်၏ (၅၀)ရာခိုင်နှုန်းကိုသာ လက်ခံရန် ရီးရဲလ်နှင့် သဘောတူ လက်မှတ် ရေးထိုးထားသည်။ ရော်နာဒိုအား ရီးရဲလ်အသင်းက (၆)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုရန် ပြင်ဆင်ထားသော်လည်း ရော်နာဒို၏ တွက်ကပ်နေမှုကြောင့် အတန်ငယ် နှောင့်နှေးနေကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here