ဒေါ်စု ၏ ရုပ်ပုံများကို EU ပါလီမန် အဆောက်အအုံတွင် ပြသ ဂုဏ်ပြု

alt

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ရုပ်ပုံများကို ဘရပ်ဆဲမြို့ ရှိ ဥရောပ ပါလီမန် အဆောက်အအုံများတွင် Projector များဖြင့် ပြသ ဂုဏ်ပြုထားသည်ဟု သိရသည်။

Place du Luxembourg တွင် အဆိုပါ ပုံများကို တခမ်းတနား ပြသထားပြီး မြန်မာ စစ်အစိုးရ အနေနှင့် ၎င်းတို့ မတရား ဖမ်းဆီး ထားသည့် ဒေါ်အောင်ဆန်းစုကြည် အား အမြန်ဆုံး ပြန်လွှတ် ပေးရန် တောင်းဆို ကြမည်ဟု သိရသည်။

ဘရပ်ဆဲ သည် ဘယ်ဂျီယံ ၏ အကြီးဆုံး မြို့တစ်မြို့ ဖြစ်ပြီး ဥရောပ ယူနီယံ၏ မြို့တော် အဖြစ်လည်း သတ်မှတ် ခံထားရသည်။ ဥရောပ ပါလီမန် အဖွဲ့ဝင်များသည် ဒေါ်အောင်ဆန်းစုကြည် အား မြန်မာ အစိုးရက ရုံးချိန်း ထပ်ပေးထားသည့် ဇွန်လ (၂၆) ရက်နေ့ မတိုင်မီ ပြန်လွှတ် ပေးရန် တောင်းဆိုကြပြီး နိုဘယ်လ်ဆုရှင် ၏ ရုပ်ပုံများ ကို ဇွန်လ (၁၈) ရက် နှင့် (၁၉) ရက်များ တွင် ည (၁၀) နာရီမှ သန်းခေါင်အချိန် အထိ အဆောက်အအုံများ တွင် ထားရှိမည်ဟု သိရသည်။

ဥရောပ ပါလီမန် ဥက္ကဌ ဖြစ်သူ ဟန်စ်ဂတ်ပေါ်တာရင်း က မြန်မာ စစ်အာဏာပိုင်များ အား မေလ (၁၄) ရက်နေ့ ကတည်းက အမှုဆင် ထိန်းသိမ်းခြင်း ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ဥရောပ ပါလီမန် အဖွဲ့ အနေနှင့် လွတ်လပ်မှု နှင့် ဒီမိုကရေစီ ကို တန်ဖိုးထားကြောင်း၊ မြန်မာ  စစ်အစိုးရ၏ မတရား ဖမ်းဆီးမှုကို ကြံ့ကြံ့ခံကာ ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင် နေသော ဒေါ်အောင်ဆန်းစုကြည် ၏ သတ္တိ အတွက် ဂုဏ်ယူ ချီးကျူးမိပြီး သူမ လွတ်မြောက်ရေး အတွက် အစွမ်းကုန် ကြိုးပမ်း ကူညီသွားမည် ဖြစ်ကြောင်း ပေါ်တာရင်း က ဆက်လက် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here