ဘန်ကီမွန်းအား မြန်မာစစ်အစိုးရ ဖိတ်ကြား

alt

မြန်မာ နိုင်ငံ စစ်အစိုးရ သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အား လာမည့်လ တွင် မြန်မာ နိုင်ငံ သို့ လာရောက် ပါရန်  ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ မတိုင်ခင် ရက်ပိုင်း အလိုတွင် ဖိတ်ကြား လိုက်ကြောင်း သိရသည်။

ဇူလိုင် လ အစောပိုင်း တွင် လာရောက်ပါရန် မြန်မာ အစိုးရ ၏ ဖိတ်ကြားမှု ကို ဘန်ကီမွန်း က လက်ခံ လိမ့်မည်ဟု လည်း အနောက် နိုင်ငံ သတင်းမီဒီယာများ က ဇွန်လ (၁၇) ရက်နေ့ ညက ကြေညာ ခဲ့သည်။ သို့သော်လည်း ယခု ခရီးစဉ် အတွင်း မြန်မာ အစိုးရ အနေ နှင့် နိုင်ငံရေး လှည့်ကွက်များ သုံးပြီး အမြတ် ထုတ်မည် ကို အထွေထွေ အတွင်းရေးမှူး က စိုးရိမ် နေကြောင်း လည်း သိရသည်။အထူးသဖြင့် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား အမှု စစ်ဆေးနေသည့် အခြေအနေမျိုး တွင် မြန်မာ နိုင်ငံ သို့ သွားရောက်ရန် ဘန်ကီမွန်း အတွက် စိတ် မသက်သာစရာ ဖြစ်နေကြောင်း သတင်းများ က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ပြီးခဲ့သော (၁၉) နှစ်တာ ကာလအတွင်း (၁၃) နှစ်မျှကို နေအိမ် အကျယ်ချုပ် ကျခံကာ ကုန်လွန် ခဲ့ရရှာပြီး လက်ရှိ အချိန်တွင်လည်း တရားရုံးတွင် အမှု ရင်ဆိုင် နေရသည်။ မြန်မာ အစိုးရ ၏ ဖိတ်ကြားမှု ကို လက်ခံ ရရှိ ထားသော်လည်း ဘန်ကီမွန်း အနေ နှင့် အတိအကျ ဆုံးဖြတ်ချက် မျိုး မချ ရသေးကြောင်း ၎င်း ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မစ်ရှယ်မွန်းတက် က ဆိုသည်။ အနောက်နိုင်ငံ မီဒီယာများက မြန်မာ အစိုးရ သည် ၎င်းတို့ (၂၀၁၀) ခုနှစ်တွင် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲများ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် အား ဉာဏ်ဆင် ချုပ်နှောင် ထားရန် ကြိုးပမ်း ဖွယ်ရှိကြောင်း သုံးသပ် ထားသည်။

သတင်းများ အရ ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ အစိုးရ ဖမ်းဆီး ထားသည့် နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်တို့ လွတ်မြောက်ရေး အတွက် တတ်အားသ၍ ဆောင်ရွက် ပေးပါရန် ဘန်ကီမွန်း နှင့် ၎င်း ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အီဘရာဟမ် ဂမ်ဘာရီ တို့ ထံသို့ နိုင်ငံပေါင်း (၂၂၀) မှ လူဦးရေ (၆၇၀၀၀၀) တို့ လက်မှတ် ရေးထိုးထားသည့် တိုက်တွန်းလွှာများ ဇွန်လ (၁၆) ရက် နေ့တွင် ရောက်ရှိ လာခဲ့ ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here