အီရန်နိုင်ငံ ဆန္ဒပြပွဲများ ပစ်ခတ်ဖြိုခွင်း၍ သေဆုံး ဒဏ်ရာရကြ

alt

အီရန် သမတ မိုဟာမက် အာမက်ဒီနီဂျက် အား ကန့်ကွက် ဆန္ဒပြနေသူများအား ရဲများက နှိမ်နင်း ပစ်ခတ်မှုကြောင့် ဇွန်လ (၁၆)ရက် နေ့တွင် လူ(၇)ဦး သေဆုံးပြီး ဒဏ်ရာ ရသူများလည်း ရှိခဲ့ကြောင်း အီရန် အစိုးရ ရေဒီယိုက ထုတ်လွှင့် ကြေညာခဲ့သည်။

တဟီရန် မြို့တော်ရှိ လွတ်လပ်ရေး အထိမ်းအမှတ် ရင်ပြင်တွင် စုရုံးပြီး ဆန္ဒပြနေသူ ဦးရေသည် သုံးသိန်းကျော် မျှထိ ရှိနေနိုင်သလို ဆန္ဒပြမှုများသည်လည်း နိုင်ငံအနှံ့ ဒေသ အသီးသီးသို့ ပြန့်နှံ့သွားခဲ့သည်။ ဆန္ဒပြသူများသည် အာမက်ဒီနီဂျက်က မဲလိမ်မှုများ ပြုလုပ်ပြီး နိုင်ငံ အာဏာအား မတရား သိမ်းပိုက်ထားကြောင်း အော်ဟစ် ကြွေးကြော်ပြီး အတိုက်အခံ ခေါင်းဆောင် မာဟူဆင်းမူဆက်ဗီ ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သို့သော်လည်း ရဲများက ဆန္ဒပြသူများကို စတင်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အခြေအနေမှာ ဆိုးရွားစွာ ရုတ်ရုတ်သည်းသည်း ဖြစ်လာတော့သည်။ ရဲများသည် မော်တော်ဆိုင်ကယ်များ စီးနင်းလာပြီး သေနတ်များ ကိုင်ဆောင်ကာ စတင် ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။ ဒေါသထွက် ပေါက်ကွဲနေသော ဆန္ဒပြသူများသည် မြို့တော်အတွင်း မော်တော်ကားများကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အလံစိမ်းများကို ကိုင်ကာ အာမက်ဒီနီဂျက်အား ၎င်းတို့၏ စစ်မှန်သော သဘောထားကို လေးစားရန် တောင်းဆိုခဲ့ကြသည်။

အီရန်နိုင်ငံရှိ Blogger များကလည်း Blog နှင့် Social Networking ၀ဘ်ဆိုဒ်များမှ တဆင့် တဟီရန်တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်း ဓာတ်ပုံများကို Upload တင်ခဲ့ကြသည်။ လွတ်လပ်ရေး ရင်ပြင်ရှိ အထိမ်းအမှတ် ကျောက်ဆစ် ရုပ်တုကြီးတွင်လည်း အာမက်ဒီနီဂျက်အား ရှုတ်ချသော စာသားများ ရေးသားခဲ့ပြီး ၎င်းတို့သည် စစ်မှန်ရိုးသားသော သမတ တစ်ဦးကိုသာ အလိုရှိကြောင်း ကြွေးကြော်ခဲ့ကြသည်။ အီရန် Blog များတွင် ရေးသား ဖော်ပြထားမှု အရ မူဆက်ဗီသည် မဲအရေအတွက် (၁၉.၁)သန်းဖြင့် ရွေးကောက်ပွဲတွင် မဲအများဆုံး ရခဲ့ကြောင်းနှင့် အာမက်ဒီနီဂျက်သည် မဲအရေအတွက် (၅.၇)သန်း သာရရှိခဲ့သော်လည်း မဲလိမ်ပြီး အာဏာကို ဆက်လက် သိမ်းပိုက်ထားကြောင်း သိရသည်။

နိုင်ငံ၏ လွန်ခဲ့သော နှစ်ပေါင်း(၃၀)မျှ သမိုင်းတွင် အကြီးမားဆုံး အုံကြွမှုကြီး ဖြစ်ပေါ်နေသော်လည်း အာမက်ဒီနီဂျက်ကမူ ၎င်းသည် အာဏာကို သန့်ရှင်းစွာနှင့် တရားမျှတစွာ ရယူထားခြင်းသာ ဖြစ်ကြောင်း ပြောဆိုလျှက် ရှိနေသေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here