ကုလ လေ့လာရေးအဖွဲ့များ ဝင်ရောက်မှု သက်တမ်းတိုးရန် အဆို ဗီတိုအာဏာဖြင့် ပယ်ချ

alt

ရုရှား နိုင်ငံက ကုလသမဂ္ဂ၏ လေ့လာရေး Mission အဖွဲ့များ ဂျော်ဂျီယာနှင့် အက်ခါဇီးယား သို့ ၀င်ရောက်နေမှုအား သက်တမ်းတိုးရန် အဆိုကို ဗီတိုအာဏာ သုံး၍ ပယ်ချလိုက်ကြောင်း သိရသည်။

ဇွန်လ (၁၅)ရက်နေ့ နေ့လယ်ပိုင်းက ကုလသမဂ္ဂ လုံခြံုရေးကောင်စီ အဖွဲ့ဝင် (၁၅)နိုင်ငံ စုဝေးပြီး အဆိုပါ ကိစ္စကို မဲစနစ်ဖြင့် ဆုံးဖြတ်ခဲ့ကြရာ ထိုဒေသများအတွင်း ကုလသမဂ္ဂ လေ့လာရေး missionများ ဆက်လက်ထားရှိရန် အရေးဆိုသည့်ဘက်မှ (၁၀)နိုင်ငံက ထောက်ခံပြီး မဲအသာ ရခဲ့သော်လည်း ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်သည်။

ရုရှားသာ ထိုကိစ္စအား ပြတ်သားစွာ ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး တရုတ်အပါအဝင် နိုင်ငံ (၄)ခုတို့က ကြားနေမဲသာ ထည့်ခဲ့ကြသည်။ အက်ခါဇီးယား အား လွတ်လပ်သော ပြည်နယ်အဖြစ် ကြေညာရန်ဆိုသော အကြောင်းပြချက်ဖြင့် ပြီးခဲ့သော နှစ်အတွင်းက ဂျော်ဂျီယာအား စစ်ပြုတိုက်ခိုက်ခဲ့သော ရုရှားသည် ယခုကိစ္စတွင် ခပ်ကြမ်းကြမ်းပင် အာဏာသုံး ဖြေရှင်း လိုက်ပြီဖြစ်သည်။

ရုရှား၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် ဗစ်တာလီ ချန်ကင်က အက်ခါဇီးယားနှင့် တောင်ပိုင်း အော်တက်ဆီးယား တို့အား ဂျော်ဂျီယာ အစိုးရက ဆက်ဆံခဲ့မှုမှာ တရားနည်းလမ်း မကျသဖြင့် ၎င်းတို့က စစ်ရေးအရ ဖြေရှင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကုလသမဂ္ဂက ကြာမြင့်စွာ စုံစမ်းမှုများ ပြုလုပ်နေခြင်းသည် နိုင်ငံရေးအရ အကျဉ်းချထားသည်နှင့် တူကြောင်း ကန့်ကွက် ပြောကြားခဲ့သည်။

ရုရှားနိုင်ငံက ယခုကဲ့သို့ ဗီတို အာဏာသုံးပြီး ကန့်ကွက်ခဲ့သဖြင့် ဂျော်ဂျီယာနှင့် အက်ခါဇီးယား ဒေသများအတွင်း ရောက်ရှိနေသော ကုလသမဂ္ဂ လေ့လာရေး mission အဖွဲ့များသည် တလ အတွင်း အဆိုပါနေရာများမှ ပြန်လည် ထွက်ခွာရတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here