ဟယ်ရီပေါ်တာ သန်းကြွယ် စာရေးဆရာမ ဂျေကေရိုးလင်း တရားစွဲ ခံရဖွယ်ရှိ

alt

Harry Potter ဇာတ်လမ်းများကို ရေးသားခဲ့သူ စာရေးဆရာမ ဂျေကေရိုးလင်းသည် အခြား စာရေးဆရာ တစ်ဦး၏ မူရင်းဝတ္ထုကို ကူးရေးပြီး Harry Potter: Goblet of Fire ကို ဖန်တီးခဲ့သည် ဟုဆိုကာ လျော်ကြေး ပေါင်သန်း (၅၀၀) ပေးဆောင်ရန် တရားစွဲ ခံထားရကြောင်း သိရသည်။

ဗြိတိသျှ စာရေးဆရာ အေဒရီယန် ဂျက်ကော့၏ Willy The Wizard ကို ရိုးလင်းက ကူးယူ မှီငြမ်းကာ ထိုစာအုပ်ကို ရေးသားခဲ့သဖြင့် ဂျက်ကော့၏ အမွေထိန်း အဖွဲ့က ယခုကဲ့သို့ တရားစွဲ ခဲ့ခြင်းဖြစ်သည်။ ဂျက်ကော့၏ စာအုပ်သည် (၁၉၈၇)ခုနှစ် ကတည်းက ဖြန့်ဝေထားပြီး ဖြစ်ကာ Goblet of Fire နှင့် ဇာတ်လမ်း တည်ဆောက်ပုံ အလွန် တူညီနေခဲ့သည်။

ဂျက်ကော့သည် စာပေနယ်တွင် ကြီးမားသော အောင်မြင်မှုမျိုး မရရှိခဲ့ဘဲ ၎င်း၏ ငွေကြေးများမှာ (၁၉၉၁)ခုနှစ် ဈေးကွက် ပျက်စီးမှုတွင် ဆုံးရှုံးခဲ့ပြီးနောက် (၁၉၉၇) ခုနှစ်တွင် ကွယ်လွန်သွားသည်။

ရိုးလင်း ရေးသားသော Goblet of Fire သည် ဂျက်ကော့၏ ဇာတ်လမ်းနှင့် အလွန်ဆင်တူပြီး ထိုဇာတ်လမ်း နှစ်ခုလုံးသည် လူတစ်ပိုင်း၊ မိစာ္ဆတစ်ပိုင်း သတ္တဝါကြီးများ လက်မှ လူသား ဓားစာခံများကို ကယ်တင်ရပုံအား အခြေခံထားခြင်း ဖြစ်သည်။ ထိုကိစ္စအတွက် ရိုးလင်းဘက်မှ တစုံတရာ မှတ်ချက် မပေးသေးကြောင်းလည်း အင်္ဂလန်ထုတ် သတင်းစာများတွင် ဖေါ်ပြထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here